နာနတ်လျှော်အကြောင်း သိကောင်းစရာ
ရွှေဇင်မင်းလှိုင်
ဂုန်လျှော်နှင့် အခြားအရေးပါသော
လျှော်မျှင်များတွင် ပင်စည်မှရရှိသည့် နူးညံ့သောလျှော်မျှင်များနှင့်
အပင်နှင့်အရွက်မှ ရရှိသည့် မာသောလျှော်မျှင်များဟူ၍ နှစ်မျိုးရှိပါသည်။
ပင်စည်မှရရှိသည့် နူးညံ့သော လျှော်မျှင်များမှာ ဂုန်လျှော်သီးလုံးပု [Jute
(White)]၊ ဂုန်လျှော်သီးတောင့်ရှည် [Jute (Tossa)]၊ ချဉ်ပေါင်လျှော်(Kenaf)၊
ချဉ်ပေါင်လျှော် (Rosella/ Mesta)၊ ဗီသွာလျှော် [Flax(Linen)]၊ ရာမီ လျှော် [Ramie
(China Grass)]၊ ဘန်လျှော် (Hemp)၊ ပိုက်ဆံလျှော် (Sunn Hemp) တို့ဖြစ်ပြီး
အပင်နှင့်အရွက်မှရရှိသည့် မာသော လျှော်မျှင်များမှာ နာနတ်လျှော်(Sisal)၊
ငှက်ပျောလျှော် (Abaca/Manila Hemp) တို့ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဂုန်လျှော်၊
ချဉ်ပေါင်လျှော်နှင့် ပိုက်ဆံလျှော်တို့ကိုသာ စီးပွားဖြစ်စိုက်ပျိုးကြသည်။
နာနတ်လျှော် (Sisal)
နာနတ်လျှော်၏ သိပ္ပံအမည်မှာ agave
sisalana ဖြစ်ပြီး မျိုးရင်းမှာ Asparagaceae ဖြစ်ပါသည်။ နာနတ်လျှော်၏ မူရင်းဒေသမှာ
ဗဟိုအမေရိကဒေသဖြစ်ပြီး ၎င်းမှတစ်ဆင့် ၁၉ ရာစုခန့်တွင် အပူပိုင်းဒေသများဖြစ်သည့်
ဘရာဇီး၊ ကျူးဘားနှင့် တန်ဇန်းနီးယား အပါအဝင် ခြောက်သွေ့သော ရာသီဥတုရှိသည့်
အခြားနိုင်ငံများသို့ စမ်းသပ်စိုက်ပျိုးလာခဲ့ရာမှ ယနေ့အချိန်တွင် စီးပွားဖြစ် တွင်ကျယ်စွာ
စိုက်ပျိုးထုတ်လုပ်လာကြသည်။ လက်ရှိအဓိကစိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံများမှာ
ဘရာဇီးနိုင်ငံနှင့် တန်ဇန်းနီးယားနိုင်ငံတို့ဖြစ်ပါသည်။ စီးပွားဖြစ်
တွင်ကျယ်စွာစိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံများမှာ ဘရာဇီး၊ တန်ဇန်းနီးယား၊
မက္ကဆီကို၊ ကင်ညာ၊ မဒါဂတ်စကာနှင့် တရုတ်နိုင်ငံတို့ဖြစ်သည်။ ကမ္ဘာတစ်ဝန်းတွင်
ဟက်တာ ၄၂၈၁၀၀၀ ခန့် စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။
နာနတ်လျှော်သည် မာကျောသောပင်စည်၏
ပတ်လည်မှ အရွက်များ ဓားသွားသဏ္ဌာန် ထွက်ပေါ်လာခြင်း ဖြစ်သည်။ နာနတ်လျှော်ပင်သည်
အမြင့် သုံး-၁၀ ပေခန့်ရှိတတ်သည်။ သက်တမ်းရင့်အပင်များတွင် အမြင့် ၁၀-၂၅ ပေထိ
ရောက်ရှိနိုင်သော ဗဟိုပန်းပွင့်ဟုခေါ်သည့် အဝါရောင်ပန်းပွင့်များ
ထွက်ပေါ်လေ့ရှိသည်။ အရွက်များသည် ဓားသွားသဏ္ဌာန်ရှိသည်။ အပင် တစ်ပင်လျှင် အရွက်
၁၈၀-၂၄၀ ခန့် ထုတ်ယူနိုင်သည်။ နာနတ်လျှော်ပင်၏ အရွက်များသည် မီးခိုးရောင်၊
အစိမ်းရင့်ရောင်၊ အညိုရောင်ရှိသည်။ အရွက်များသည် အမြင့် နှစ်-ခြောက်ပေ အထိရှိပြီး
အလျား လေး-ခုနစ်လက်မခန့်အထိ ရှိတတ်သည်။ နာနတ်ရွက်တစ်ရွက်တွင်
အမျှင်ပေါင်း ၁၀၀၀ ခန့်ပါရှိသည်။
နာနတ်လျှော်ပင်သည် အပူချိန် ၂၅
ဒီဂရီဆဲလ်စီးယပ်အထက် တွင်ရှိသည့် ပူပြင်းသောရာသီဥတုနှင့် မိုးနည်းသောဒေသများတွင်
အလွန်မာကျောသောမြေ၌ တစ်နှစ်ပတ်လုံးကောင်းမွန်စွာ စိုက်ပျိုး ဖြစ်ထွန်းသည်။
ရွံ့မြေတွင် ပေါက်ရောက်နိုင်မှုမရှိပေ။ စိုက်ပျိုးမည့်မြေ သည် pH ၄-၆
အတွင်းရှိရမည်။ မမျှော်လင့်သောသဘာဝဘေးများကြောင့် အခြားသီးနှံစိုက်ခင်းများ
ပျက်စီးဆုံးရှုံးမှုရှိသော်လည်း နာနတ် လျှော်ပင်သည် ပျက်စီးဆုံးရှုံးမှု
လွန်စွာနည်းပါးသောသီးနှံဖြစ်သည်။
နာနတ်လျှော်ပင်သည်
နှစ်ရှည်သီးနှံပင်ဖြစ်သည်။ စိုက်ပျိုးပြီး ၂၄-၃၆ လမှစတင်၍ ရိတ်သိမ်းနိုင်သည်။
ခြောက်-ကိုးလခြား၍ ဆက်လက်ရိတ်သိမ်းနိုင်သည်။ အပင်မှအရွက်များသည် အဖျားတွင်
ဆူးရှိပြီး အညိုရင့်ရောင်မှ အညိုဖျော့သို့ပြောင်းသွားသည့် မှည့်သော အရွက်များကို
ဓားဖြင့်ခုတ်ဖြတ်၍ ရိတ်သိမ်းရသည်။ အပင်ပေါ်တွင် ၃၅-၄၅ ရွက်ခန့် ချန်ထားသင့်သည်။
ခုတ်ဖြတ်၍ရရှိလာသောအရွက် များကို စက်ထဲသို့ထည့်ကာ ကြိတ်ချေခြင်းဖြင့်
အရည်ရွှမ်းသော အစိတ်အပိုင်းများကို ဖယ်ရှားပစ်ပြီး အမျှင်များရရှိပါသည်။
လျှော်မျှင် မှာ တစ်မီတာထိ ရှည်လျားနိုင်ပါသည်။ နာနတ်လျှော်ကို အများအားဖြင့်
စက်ဖြင့်ခွာယူသကဲ့သို့ လက်ဖြင့်လည်းခွာယူနိုင်သည်။ ပျမ်းမျှတစ်ဧကလျှင် လျှော်မျှင်
၂၅၀-၃၀၀ ပိဿာခန့် ထွက်ရှိနိုင်သည်။ နာနတ်လျှော်ပင် စိုက်ပျိုးခြင်းနှင့်
ရိတ်သိမ်းခြင်းကို တစ်နှစ်ပတ်လုံး ဆောင်ရွက်နိုင်သည်။
နာနတ်လျှော်ပင်၏ဝတ်ရည်သည်
သကြားအချိုဓာတ်နှင့် တူညီစွာအကျိုးရှိသည်။ နာနတ်လျှော် အရွက်တွင်ပါဝင်သည့်
Saponins သည် ကင်ဆာဆဲလ်များကို နှောင့်နှေးစေပါသည်။
အသုံးပြုပုံ
နာနတ်လျှော်ပင်မှရရှိသော
လျှော်မျှင်များကို ရှေးယခင်က ကြိုးနှင့်ချည်များအတွက် အသုံးပြုကြပြီး ယခုအခါ
စက္ကူမွေ့ရာ၊ ကော်ဇော၊ နံရံကပ်စက္ကူနှင့် လက်မှုပစ္စည်း အသုံးအဆောင်များ
ထုတ်လုပ်သော လုပ်ငန်းများတွင် အသုံးပြုပါသည်။ ဘေးထွက်ပစ္စည်းများကို
ဇီဝဓာတ်ငွေ့ထုတ်လုပ်ခြင်း၊ ဆေးဝါးဖော်စပ်ခြင်းနှင့် အဆောက်အအုံဆောက်လုပ်သည့်
လုပ်ငန်းများတွင်အသုံးပြုပါသည်။ ကြိုးအမျိုးမျိုး၊ ဦးထုပ်၊ ဖိနပ်နှင့်
အိတ်အမျိုးမျိုးထုတ်လုပ်ရာတွင် လည်း အသုံးပြုကြသည်။
လက်ရှိ အသုံးပြုနေသည့်စနစ်အရ
နာနတ်လျှော်မှ Fiber အဖြစ် လေးရာခိုင်နှုန်းအသုံးပြုပြီး ကျန်စွန့်ပစ်ပစ္စည်းများ၏
၈၀ ရာခိုင်နှုန်းကို ပျော့ဖတ်၊ ဇီဝဓာတ်ငွေ့နှင့် သဘာဝမြေဩဇာအဖြစ် အသုံးပြုကြပါသည်။
နာနတ်လျှော်ပင်ကို အိမ်ခြံဝင်းနှင့် သီးနှံစိုက်ခင်းများအား သားရဲတိရစ္ဆာန်များ
မဖျက်ဆီးနိုင်စေရန် စည်းရိုးအနေဖြင့် စိုက်ပျိုးကြသည်။ ဥယျာဉ် ခြံများတွင်လည်း
အလှစိုက်ပင်အဖြစ် တခါတစ်ရံ တွေ့ရတတ်သည်။
ဈေးကွက်
နာနတ်လျှော်ကို ဘရာဇီး၊
တန်ဇန်းနီးယား၊ မက္ကဆီကို၊ ကင်ညာနှင့် မဒါဂတ်စကာနိုင်ငံများမှ နှစ်စဉ်တန်ချိန်ပေါင်းများစွာ
စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ၎င်းတို့မှထွက်ရှိသောကုန်ကြမ်းများကို တရုတ်နိုင်ငံက
အဓိကဝယ်ယူသည်။ တရုတ်နိုင်ငံသည် နာနတ်လျှော်ကုန်ကြမ်းများကို ကုန်ချော ထုတ်လုပ်ကာ
နှစ်စဉ်ပြည်ပသို့ တန်ချိန်ပေါင်းများစွာ တင်ပို့သည်ဟု သိရှိရပါသည်။
မြန်မာနိုင်ငံတွင်
မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင်
အနည်းငယ်ခန့် စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ နာနတ်လျှော်ကို မြန်မာနိုင်ငံ၌
တွင်ကျယ်စွာ စိုက်ပျိုးခြင်း မရှိသော်လည်း ကမ္ဘာ့ဈေးကွက်တွင် တွင်တွင်ကျယ်ကျယ်
စိုက်ပျိုးထုတ်လုပ်သော သီးနှံတစ်မျိုးဖြစ်ကြောင်း ဗဟုသုတအဖြစ် သိရှိနိုင်ရန်
ရေးသားတင်ပြလိုက်ရပါသည်။


No comments