မြန်မာနိုင်ငံ ခရစ်ယာန်ဂိုဏ်းပေါင်းစုံငြိမ်းချမ်းရေး အထောက်အကူပြုဗဟိုကော်မတီနှင့် သာသနာ/ အသင်းတော်ခေါင်းဆောင်များ တွေ့ဆုံဆုတောင်းခြင်း အခမ်းအနား ကျင်းပ
နေပြည်တော် ဖေဖော်ဝါရီ ၂၂
မြန်မာနိုင်ငံ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ငြိမ်းချမ်းရေးအထောက်အကူပြုဗဟိုကော်မတီနှင့် သာသနာ/ အသင်းတော်ခေါင်းဆောင်များ တွေ့ဆုံဆုတောင်းခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ပဲခူးမြို့၊ စိန့်ဂျိုးဇက် ကက်သလစ်ဘုရားကျောင်း၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးစောထွန်း အောင်မြင့်နှင့် အဖွဲ့ဝင်များ၊ ပဲခူးခရိုင်နှင့် ညောင်လေးပင်ခရိုင်တို့မှ ခရစ်ယာန်အသင်းတော်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ သိက္ခာတော်ရဆရာတော် စောရွှေဒုံးနှင့် မြန်မာနိုင်ငံ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ငြိမ်းချမ်းရေးအထောက်အကူပြုဗဟိုကော်မတီ၊ တွဲဘက်အတွင်းရေးမှူး သိက္ခာတော်ရဆရာတော် စောချစ်မျိုးတို့က မိတ်ဆက်ဆုတောင်းစကားများ ပြောကြားကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင်နှင့် တက်ရောက်လာကြသူများသည် “အိုသာယာသော မြန်မာပြည်တော်” ဓမ္မသီချင်းကို အတူတကွ သီဆိုကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင်က မြန်မာနိုင်ငံ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ငြိမ်းချမ်းရေးအထောက်အကူပြုဗဟိုကော်မတီ ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များကို သိရှိစေလိုကြောင်း၊ ငြိမ်းချမ်းရေးဖော်ဆောင်နေသည့် နိုင်ငံတော်အစိုးရ၏ စေတနာကို သိရှိနားလည်ပြီး တိုင်းရင်းသားညီအစ်ကိုမောင်နှမအချင်းချင်း စည်းစည်းလုံးလုံး ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်သွားကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က တည်ငြိမ်အေးချမ်းမှုရှိမှသာ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ပေးနိုင်မည်ဖြစ်၍ တိုင်းဒေသကြီးအတွင်းရှိ ခရစ်ယာန်ဘာသာဝင်များအနေဖြင့် မိမိတို့ဘာသာ၊ သာသနာအကျိုးကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်နှင့်အညီ ဖော်ဆောင်နိုင်ပြီး နိုင်ငံ့သားကောင်းပီသစွာ တိုင်းပြည်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ကြစေလိုကြောင်း ပြောကြားပြီး စိန့်ဂျိုးဇက်ကက်သလစ်ဘုရားကျောင်းအတွက် အလှူငွေကျပ် (၁၀) သိန်း ပေးအပ်လှူဒါန်းရာ ဘုရားကျောင်းတာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments