ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ နေပြည်တော်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်း၌ ကျောင်းသားများ ရွှင်လန်းချမ်းမြေ့စွာ စာမေးပွဲဖြေဆိုနေမှု ကြည့်ရှုအားပေး
နေပြည်တော် ဖေဖော်ဝါရီ ၂၅
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ သင်တန်းများ နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်းစာမေးပွဲကို ဖေဖော်ဝါရီ ၁၄ ရက် မှ ၂၅ ရက်အတွင်း နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနရှိ အစိုးရနည်းပညာ အထက်တန်း ကျောင်း ၃၅ ကျောင်းနှင့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ၅၆ ကျောင်း၊ ပေါင်း ၉၁ ကျောင်းတို့၌ ကျင်းပလျက်ရှိသည်။
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် သင်တန်းများ နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်းစာမေးပွဲကို အင်ဂျင်နီယာ ဘာသာရပ်များ အလိုက် စာမေးပွဲခန်းအသီးသီးတွင် ကျောင်းသား၊ ကျောင်းသူများ ရွှင်လန်းချမ်းမြေ့စွာ စာမေးပွဲဖြေဆိုနေမှုကို ကျောင်းအုပ်ကြီး၊ တာဝန်ရှိသူများနှင့်အတူ လှည့်လည်ကြည့်ရှုအားပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် အလုပ်ရုံများနှင့် ကျောင်းဝင်းသန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ကျောင်းသားလူငယ်များကို အရည်အသွေး ပြည့်မီစွာ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေး လိုအပ်သည်များကို မှာကြားပြီး စာမေးပွဲဖြေဆိုပြီးသည့် ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်းသိရသည်။
(သတင်းစဉ်)

No comments