လမ်းများကောင်းမွန်ရေးနှင့် သန့်ရှင်းသာယာသပ်ရပ်ရေးလုပ်ငန်းများ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး ကွင်းဆင်းစစ်ဆေး
ရန်ကုန် ဖေဖော်ဝါရီ ၂၅
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးသည် ယနေ့မွန်းတည့် ၁၂ နာရီက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် စိုက်ပျိုးမွေးမြူရေး အမှတ်(၁)ရပ်ကွက်ရှိ လေးထောင့်ကန် တိုက်နယ်ဆေးရုံသို့သွားရောက်၍ ဆေးရုံဝင်းအတွင်းလမ်းများကောင်းမွန်ရေး ဆောင်ရွက်ရန်၊ သန့်ရှင်း သာယာသပ်ရပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် အုပ်မိုးကိုင်းများ ဖြတ်ညှိပုံသွင်းအလင်းဖွင့်ရန် သက်ဆိုင်ရာတာဝန်ရှိသူများကို မှာကြားသည်။
ထို့နောက် ဘုရင့်နောင်လမ်းသို့သွားရောက်၍ ဘုရင့်နောင်လမ်း ရေမြောင်းအတွင်း အမှိုက်နှင့် ဗေဒါများ ဆယ်ယူထားရှိမှု၊ အရိပ်ရလေကာပင်များ စိုက်ပျိုးထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့အတူ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီသည် အတွင်းရေးမှူး ဦးညွန့်ဖေအတူ ယနေ့ နံနက်ပိုင်းတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၂၇)ရပ်ကွက်ရှိ ဘဲတန်းချောင်းပေါ်၌ တည်ဆောက်ထားသည့် အမှတ်(၆)ရေတံခါး တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မောင်းမကန် ကမ်းသာလမ်းတစ်လျှောက် ဘေးဝဲ/ယာ လမ်းပခုံးသား မြေညှိခြင်းနှင့် ရေနုတ်မြောင်းဆယ်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ဘုရင့်နောင်လမ်းတစ်လျှောက် သန့်ရှင်းသာယာသပ်ရပ်စေရန်နှင့် ရေစီးရေလာ ကောင်းမွန်စေရန် ရေနုတ်မြောင်းများ တူးဖော်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ကမ်းနားပတ်လမ်း၊ အမျိုးသားကင်ဆာရောဂါ ဌာနရှေ့သို့ သွားရောက်၍ကွန်ကရိခင်းကျင်းနေမှု၊ သင်္ဃန်ကျွန်းမြို့နယ်၊ရန်ကုန်သစ်ရပ်ကွက်၊ မြဝတ်ရည်လမ်း၊ ဒဂုံတောင်-သုဝဏ္ဏ တံတားအနီးအင်ဂျင်နီယာဌာန (အဆောက်အအုံ)က မိုးလုံလေလုံ ဖူဆယ်အားကစား ကွင်းတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
No comments