နှစ်နိုင်ငံခိုင်မြဲသည့်ချစ်ကြည်ရင်းနှီးမှု ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်
မြန်မာ-ရုရှား နှစ်နိုင်ငံအကြား
ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမို တိုးမြင့်လာစေရန်ရည်ရွယ်၍
ပဉ္စမအကြိမ် ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး
ကော်မရှင်အစည်းအဝေးကို နှစ်နိုင်ငံ ပူးတွဲကော်မရှင်ဥက္ကဋ္ဌများ ဦးဆောင်၍
သီးသန့််အစည်းအဝေး၊ မျက်နှာစုံညီ အစည်းအဝေး၊ သဘောတူစာချုပ်များ
လက်မှတ်ရေးထိုးခြင်း အခမ်းအနားနှင့် စီးပွားရေးဖိုရမ်တို့ကို
အပိုင်းလေးပိုင်းခွဲပြီး ဖေဖော်ဝါရီလ ၂၃ ရက်နေ့က နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်
နိုင်ငံတော်ကို တာဝန်ယူသည့်အချိန်မှစ၍ မြန်မာ-ရုရှား နှစ်နိုင်ငံအကြား
ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ကို နယ်ပယ်ကဏ္ဍအသီးသီး၌
ပိုမိုခိုင်မြဲအောင် ဆောင်ရွက်နိုင်ခဲ့သည်။ ယင်းတို့ အနက် မြန်မာ-ရုရှား
ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မိတ်ဖက်ဆက်ဆံရေးသည် အစောပိုင်းကာလမှစ၍
အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ဥရောပ-အာရှ
စီးပွားရေးသမဂ္ဂ (EAEU) နှင့်ပူးပေါင်း၍ ဥရောပဈေးကွက်သို့ ဝင်ရောက်နိုင်ခဲ့ပြီး
ရုရှားနိုင်ငံသည်လည်း အာရှဈေးကွက်သို့ ပိုမိုချဲ့ထွင်နိုင်မည့် အခွင့်အလမ်းများ ရှိနေသည်။
မြန်မာနိုင်ငံသည်
အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သယ်ယူပို့ဆောင်ရေးကဏ္ဍ
အဆင့်မြှင့်တင်ရေးနှင့် ခေတ်မီစက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင်
ပူးပေါင်းဆောင်ရွက်နိုင်ရန် ရုရှားရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်လျက်ရှိသည်။
မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ခရီးသွားလုပ်ငန်း ပိုမိုတိုးတက်လာစေရန်အတွက်
တိုက်ရိုက်လေကြောင်းလိုင်းများ ပြေးဆွဲ ဆောင်ရွက်လျက်ရှိသည်။
ယခုကျင်းပသောအစည်းအဝေးမှ ဆွေးနွေးမှုရလဒ်များနှင့် သဘောတူညီ ချက်များမှတစ်ဆင့်
နှစ်နိုင်ငံအကြား အပြန်အလှန်ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာ အားကောင်းလာပြီး
ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများတိုးတက်ကာ
နှစ်နိုင်ငံအကျိုးစီးပွားဖြစ်ထွန်းမှုများကို ပိုမိုဆောင်ကြဉ်း ပေးနိုင်မည်ဖြစ်သည်။
ယခင် စတုတ္ထအကြိမ်
အဆိုပါကော်မရှင်အစည်းအဝေး ကျင်းပပြီးနောက်ပိုင်းတွင် ရုရှား-မြန်မာ
နှစ်နိုင်ငံအကြား သိသာထင်ရှားသော ပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့သည်။
ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများတွင်သာမက အခြေခံအဆောက်အအုံ
စီမံကိန်းများ၊ ဘဏ်လုပ်ငန်းကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများဖြင့် နှစ်နိုင်ငံစီးပွားရေး
ဖွံ့ဖြိုးတိုးတက်မှုများကို တိုးချဲ့ဆောင်ရွက်လျက် ရှိသည်။ မြန်မာနိုင်ငံမှ
စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရုရှားဈေးကွက်များက ကြိုဆိုလျက် ရှိသည်။
လက်ရှိတွင် မြန်မာ-ရုရှား
ကုန်သွယ်မှုပမာဏ တိုးမြှင့်ရေးအတွက် စွမ်းအင်ကဏ္ဍ၊ နျူကလီးယား နယ်ပယ်၊
စိုက်ပျိုးရေးနှင့် သတ္တုကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှုများကို နှစ်နိုင်ငံစလုံးက
အလေးထားဆောင်ရွက်လျက်ရှိသည်။ ယခုအစည်းအဝေးတွင် နှစ်နိုင်ငံအကြားကုန်သွယ်မှု၊
ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ၏
ဖြစ်ပေါ်တိုးတက်မှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။
နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို ပံ့ပိုးပေးနိုင်မည့်မူဘောင်များ၊
ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်၊ ဘူမိဗေဒဆိုင်ရာလေ့လာရှာဖွေမှု၊
ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် အဏုမြူစွမ်းအင်အသုံးပြုမှု၊ သတင်းအချက်အလက်၊
ဆက်သွယ်ရေးနည်းပညာနှင့် သတင်းမီဒီယာ၊ ဘဏ်လုပ်ငန်းနှင့် ငွေကြေး၊ စက်မှု၊
ခရီးသွားလုပ်ငန်း၊ ပညာရေး၊ သိပ္ပံနှင့် ကျန်းမာရေးစောင့်ရှောက်မှု၊
ယဉ်ကျေးမှုနှင့် အားကစား၊ အလုပ်သမား၊ ငြိမ်းချမ်းသောရည်ရွယ်ချက်ဖြင့်
အာကာသစူးစမ်းရှာဖွေ ရေးနှင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနယ်ပယ်များတွင်
ပူးပေါင်းဆောင်ရွက်မှု မြှင့်တင် ရေးကိစ္စများပါဝင်သော ဆွေးနွေးမှုမှတ်တမ်းများကို
အတည်ပြုလဲလှယ်ခဲ့ကြသည်။
ထို့နောက်
နှစ်နိုင်ငံသဘောတူစာချုပ်စာတမ်းများကို လက်မှတ်ရေးထိုးခဲ့ကြပြီး
နှစ်နိုင်ငံအစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့အကြား စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အအုံ၊
ဘဏ်လုပ်ငန်း၊ ပညာရေး၊ ဆက်သွယ်ရေး၊ နည်းပညာနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ
စာချုပ်စာတမ်း ကိုးခုကို သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ
တာဝန်ရှိပုဂ္ဂိုလ်များက လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြသည်။ ထို့အပြင်
ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာစကားဝိုင်း၊ ကုန်သွယ်မှုနှင့်
ဝန်ဆောင်မှုဆိုင်ရာစကားဝိုင်းနှင့် အလုပ်သမားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ
စကားဝိုင်းတို့ကို ကျင်းပပြီး နှစ်နိုင်ငံအစိုးရတာဝန်ရှိသူများ၊
စီးပွားရေးလုပ်ငန်းရှင်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူပညာရှင်များက
တက်ကြွစွာဆွေးနွေးခဲ့ကြ သည်။
သို့ဖြစ်ရာ ပဉ္စမအကြိမ်
မြန်မာ-ရုရှား အစိုးရအချင်းချင်းအကြား ကုန်သွယ်ရေးနှင့် စီးပွားရေး
ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သီးသန့်အစည်းအဝေးများ၊ မျက်နှာစုံညီအစည်းအဝေးများ၊
စကားဝိုင်း ဆွေးနွေးပွဲများ၊ နှစ်နိုင်ငံသဘောတူလက်မှတ် ရေးထိုးပွဲများသည်
နှစ်နိုင်ငံအကြား အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုအားကောင်းခိုင်မာလာပြီး
ကုန်သွယ်ရေး၊ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်ဖြစ်ထွန်းကာ
နှစ်နိုင်ငံနယ်ပယ်ကဏ္ဍအသီးသီးတွင် ပူးပေါင်းလက်တွဲဆောင်ရွက်မှုများ
ပိုမိုဆောင်ကြဉ်းပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း။
ကြေးမုံ

No comments