လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး ယခုအချိန်ကတည်းကပင် အစီအမံများချမှတ်ဆောင်ရွက် နောင်တစ်ချိန်တွင် တိုးမြှင့်ထောက်ပံ့မှုများဆောင်ရွက်နိုင်ရန် ယခုကတည်းကပင် ကြိုတင်ပြင်ဆင်
လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ
ပိုမိုဆောင်ရွက်နိုင်ရေး ယခုအချိန်ကတည်းကပင် အစီအမံများချမှတ်ဆောင်ရွက် နောင်တစ်ချိန်တွင်
တိုးမြှင့်ထောက်ပံ့မှုများဆောင်ရွက်နိုင်ရန် ယခုကတည်းကပင် ကြိုတင်ပြင်ဆင် အလုပ်ရှင်များအနေဖြင့်
မိမိတို့ဝန်ထမ်းများအား ပုံစံအမျိုးမျိုးဖြင့်ထောက်ပံ့နိုင်ရေး မျှော်မှန်းစဉ်းစား
ဆောင်ရွက်ကြရမည်
နေပြည်တော် ဖေဖော်ဝါရီ ၂၄
လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေးကို
ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ
လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ
အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊
ဒုတိယဝန်ကြီးများ၊ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်း အတွင်းဝန်၊
ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ
အမျိုးသားကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ
ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အမှာစကား ပြောကြားရာတွင်
ယနေ့ကျင်းပသည့် အစည်းအဝေးသည် လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ
အမျိုးသားကော်မတီ၏ အဋ္ဌမအကြိမ်မြောက် အစည်းအဝေး ဖြစ်ကြောင်း၊
ယခုအစည်းအဝေးဆွေးနွေးမှုမှ ရရှိလာမည့် အကြံပြုချက်များနှင့်
ဆုံးဖြတ်ချက်များမှတစ်ဆင့် တစ်နှစ်ထက်တစ်နှစ် ပိုမိုကောင်းမွန်သည့် လုပ်ငန်းအကောင်
အထည်ဖော်ဆောင်ရွက်မှု နည်းလမ်းများကို အသုံးပြုပြီး လက်ရှိဆောင်ရွက်နေသည့်
လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းရပ်များကို ပိုမိုကျယ်ကျယ်ပြန့်ပြန့်
ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
ထို့ပြင် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို
ဆောင်ရွက်နိုင်ရေး ရေးဆွဲပြဋ္ဌာန်း ထားသည့် “မြန်မာနိုင်ငံ၏
လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၁၄)” ကို
ရေးဆွဲဆောင်ရွက်ခဲ့ရာ ယခုဆိုလျှင် ဆယ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊
ထို့ကြောင့် ကော်မတီဝင်ဝန်ကြီးများ၊ ဌာနများအနေဖြင့် မဟာဗျူဟာပါ
လုပ်ငန်းရပ်များနှင့်ချိတ်ဆက်ပြီး (၁၀) နှစ်တာကာလအတွင်း
အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့မှု အခြေအနေများကို စုစည်း၍ အားသာချက်၊ အားနည်းချက်များကို
မှတ်တမ်းပြုစုသွားကြရန်လိုကြောင်း၊ သို့မှသာ အစိုးရ အဆက်ဆက် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းများ
ထပ်မံဆောင်ရွက်သည့် အခါတွင် ပိုမိုကောင်းမွန်စေပြီး ကျယ်ကျယ်ပြန့်ပြန့်
ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ လူမှု ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းတွင်
အပိုင်း(၂)ပိုင်းရှိကြောင်း၊ ပထမအပိုင်းအနေဖြင့် လုပ်ငန်းရှင်နှင့် အလုပ်သမားတို့က
အချိုးကျထည့်ဝင်ပြီး နိုင်ငံတော်မှလည်း သင့်တင့်သည့် ထည့်ဝင်မှုများဖြင့်
ဆောင်ရွက်သည့် လူမှုရေးအာမခံစနစ် (Social Insurance System)ဖြစ်ပြီး
အလုပ်သမားဝန်ကြီးဌာနအောက်ရှိ လူမှုဖူလုံရေးအဖွဲ့တို့ ဆောင်ရွက်လျက်ရှိကြောင်း၊
ဒုတိယအပိုင်းအနေဖြင့် နိုင်ငံတော်မှ မတည်ထည့်ဝင်ငွေနှင့် ပုဂ္ဂလိက စေတနာရှင်များက ထည့်ဝင်
ငွေများဖြင့် ဆောင်ရွက်လျက်ရှိသည့် လူမှုရေးထောက်ပံ့မှု အစီအစဉ်(Social Assistance
Scheme) တို့ဖြစ်ကြောင်း၊ ၎င်းအပိုင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့တွင် လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များကို
ဆွေးနွေးသွားကြမည် ဖြစ်ကြောင်း။
မိမိတို့မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံတကာ
နှင့်ဆက်စပ်၍ လူမှုကာကွယ်စောင့်ရှောက်ရေး (Social Protection)လုပ်ငန်းများ
ချိတ်ဆက် ဆောင်ရွက်နိုင်ရေး၊ ကောင်းမွန်သည့် ကျင့်ထုံးများကို
အဖွဲ့ဝင်နိုင်ငံအချင်းချင်းဖလှယ်နိုင်ရေး ရည်ရွယ် လျက် အပြည်ပြည်ဆိုင်ရာ
လူမှုဖူလုံရေးအသင်း (International Social Security Association-ISSA)ကို ၁၉၂၇
ခုနှစ် အောက်တိုဘာ ၄ ရက်မှစ၍ နိုင်ငံပေါင်း ၁၆၃ နိုင်ငံမှ အသင်းအဖွဲ့အစည်းပေါင်း
၃၃၈ ဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း၊ ၎င်းအပြင်
အာဆီယံလူမှုဖူလုံရေးအသင်း(ASEAN Social Security Association-ASSA)ကိုလည်း
လူမှုဖူလုံရေးဆိုင်ရာ ကောင်းမွန်သည့်အတွေ့အကြုံများနှင့် အလေ့အကျင့်များ
မျှဝေနိုင်ရန်ရည်ရွယ်၍ သဘောတူညီချက်စာချွန်လွှာ(Memorandum of Agreement)ကို ၂၀၁၅
ခုနှစ် စက်တင်ဘာ ၁၀ ရက် တွင် အဖွဲ့ဝင်အဖြစ်ဝင်ရောက်ခဲ့ပြီး အာဆီယံ ၁၀ နိုင်ငံ မှ လူမှုဖူလုံရေးအဖွဲ့အစည်း ၂၀ ဖြင့် ပူးပေါင်း
ဆောင်ရွက်လျက်ရှိကြောင်း။
လူမှုကာကွယ်စောင့်ရှောက်ရေးနှင့်ပတ်သက်၍
အကျိုးခံစားခွင့် (၉) ရပ်ရှိကြောင်း၊ ယင်းတို့မှာ ကျန်းမာရေး စောင့်ရှောက်ပေးခြင်း၊
နာမကျန်းအကျိုးခံစားခွင့်၊ အလုပ်လက်မဲ့အကျိုးခံစားခွင့်၊ သက်ကြီးအကျိုးခံစားခွင့်၊
အလုပ်ခွင်ထိခိုက်မှု အကျိုးခံစားခွင့်၊ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့်၊
မီးဖွားမှုအကျိုးခံစားခွင့်၊ ကျန်ရစ်သူမိသားစု အကျိုး ခံစားခွင့်နှင့် ပြင်းထန်စွာ
ထိခိုက်ဒဏ်ရာရသူများ အကျိုးခံစားခွင့် စသည်တို့ဖြစ်ကြောင်း၊ ယင်းတို့ကို မိမိတို့၏
ဘဏ္ဍာငွေကြေး သုံးစွဲနိုင်မှုအပေါ်မူတည်၍ ထောက်ပံ့ပေးလျက်ရှိကြောင်း၊
မိမိတို့အနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် ပတ်သက်၍ နိုင်ငံတကာနှင့်လည်း
ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း၊ ဆက်လက်ပြီး လူမှုဝန်ထမ်းဦးစီးဌာန အနေဖြင့်
လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ်ဖြစ်သည့် အသက် (၈၅)
နှစ်နှင့်အထက် သက်ကြီး ပုဂ္ဂိုလ်များအား ထောက်ပံ့သည့် လူမှုရေးပင်စင်အစီအစဉ်
(Social Pension) နှင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်နှစ်နှစ်အောက်
ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ် (Maternal and Child Cash Transfer
Program – MCCT) တို့မှ အကျိုးခံစားခွင့်ရှိသူများကို ယခု ၂၀၂၄ - ၂၀၂၅
ဘဏ္ဍာနှစ်တွင် မြန်မာ့စီးပွားရေး ဘဏ်ခွဲများမှတစ်ဆင့် ထောက်ပံ့နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊
ထို့ပြင် အသက် နှစ်နှစ်အောက် ကလေးငယ်များ ထောက်ပံ့နိုင်ရေးကိုလည်း
စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း၊ အသက် နှစ်နှစ်အောက် ကလေးငယ်အားလုံး ဉာဏ်ရည်
ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရာတွင် တစ်ဦး တစ်ယောက်မျှ မကျန်ခဲ့စေရန်
တာဝန်ရှိသူများက ဆောင်ရွက် ပေးစေလိုကြောင်း။
ထို့ပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က
အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် “အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း အစီ
အစဉ်(Public Feedback Programme- PFP)” အသုံးပြု၍
လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ် အကောင်အထည်ဖော်
ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ပြင် လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများ
အကောင်အထည်ဖော်နိုင်ရန်အတွက် ငွေကြေး ထောက်ပံ့ခြင်းအစီအစဉ်ကို ဆောင်ရွက်ရာတွင်
သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် စိန်ခေါ်မှုများ လည်းရှိကြောင်း။
လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ
ပိုမိုဆောင်ရွက်နိုင်ရေးအတွက် ယခုအချိန်ကတည်း ကပင် အစီအမံများ
ချမှတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုအချိန်တွင် နိုင်ငံတော်မှရရှိသည့် ရန်ပုံငွေဖြင့်
ထောက်ပံ့ပေးလျက်ရှိကြောင်း၊ နောင်တစ်ချိန်တွင် တိုးမြှင့်ထောက်ပံ့မှုများ
ဆောင်ရွက်နိုင်ရန်အတွက် ယခုကတည်းကပင် ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း၊ အလားတူ
အလုပ်ရှင်များအနေဖြင့်လည်း မိမိတို့ ဝန်ထမ်းများအား ပုံစံအမျိုးမျိုးဖြင့်
ထောက်ပံ့နိုင်ရေး မျှော်မှန်းစဉ်းစား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့်
လက်ရှိဆောင်ရွက် နေသည့်လုပ်ငန်းများသာမက နောင်တွင်နိုင်ငံတော်၏
ငွေကြေးကဏ္ဍအပေါ်မူတည်၍ ထောက်ပံ့ရေးအစီအစဉ်များကို ဆွေးနွေးပေးကြစေလိုကြောင်း၊
နိုင်ငံတိုင်းတွင် လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများရှိကြောင်း၊
တစ်ကမ္ဘာလုံးအနေဖြင့် GDP တွင် လူမှုကာကွယ် စောင့်ရှောက်ရေးအသုံးစရိတ်ပါဝင်မှု
ရာခိုင်နှုန်းသည် ၁၂ ဒသမ ၉ ရာခိုင်နှုန်းရှိပြီး ဝင်ငွေအနည်းဆုံး နိုင်ငံများအနေဖြင့်
GDP တွင် လူမှု ကာကွယ်စောင့်ရှောက်ရေး အသုံးစရိတ်ပါဝင်မှု ရာခိုင်နှုန်းသည် ၁ ဒသမ
၁ ရာခိုင်နှုန်းဖြစ်ကြောင်း၊ နိုင်ငံ၏ GDP ပေါ် မူတည်၍
ထောက်ပံ့မှုရာခိုင်နှုန်းများ ကို တွေ့မြင်နိုင်ကြောင်း၊ နိုင်ငံအလိုက်
ထောက်ပံ့မှုများကိုလေ့လာ၍ မိမိတို့နိုင်ငံနှင့် နှိုင်းယှဉ် ဆောင်ရွက်
ကြစေလိုကြောင်း။
ထို့ပြင် ၂၀၁၆ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် သက်ကြီး
ရွယ်အိုများဆိုင်ရာဥပဒေအရ သက်ကြီးရွယ်အိုများ အတွက် လျှော့ပေါ့သက်သာခွင့်
ရရှိနိုင်ရေးအတွက် သက်ကြီးရွယ်အို သက်သေခံကတ်ပြား ထုတ်ပေးနိုင်
ရေးနှင့်စပ်လျဉ်းပြီး ပထမအဆင့်အနေဖြင့် သက်ကြီးရွယ်အိုများဆိုင်ရာ နည်းဥပဒေများပါ
ကင်းလွတ်ခွင့်နှင့် လျှော့ပေါ့သက်သာခွင့်များကို သက်ဆိုင်ရာ ဝန်ကြီးဌာန အလိုက်
မိမိတို့လုပ်ဆောင်ပေးနိုင်မည့် ဝန်ဆောင်မှုများအပေါ် ကင်းလွတ်ခွင့် သို့မဟုတ်
လျှော့ပေါ့ သက်သာခွင့်များကို ညှိနှိုင်းခြင်း၊ ဒုတိယ အဆင့်အနေဖြင့်
ဝန်ဆောင်မှုများအလိုက် ကင်းလွတ် ခွင့်နှင့် ရာခိုင်နှုန်းအလိုက်
လျှော့ပေါ့သက်သာခွင့်များကို ကော်မတီအနေဖြင့် အများပြည်သူ သိရှိနိုင်ရေး
အမိန့်ကြော်ငြာစာထုတ်ပြန်ပေးခြင်း၊ တတိယအဆင့် အနေဖြင့် သက်သေခံ ကတ်ပြားများ
ကိုင်ဆောင်အသုံးပြုရန် အသက်အပိုင်းအခြားအလိုက် သက်ကြီးရွယ်အိုများ
စာရင်းကောက်ယူခြင်း၊ စိစစ်ခြင်းနှင့် ထုတ်ပေးခြင်းတို့ကို အဆင့်ဆင့်
ဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ပြင် လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာ
သတင်းအချက်အလက်များကိုလည်း အမြဲမပြတ် Update ဖြစ်စေရန်
ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ သည်
အစိုးရတစ်ရပ်အနေဖြင့် မဖြစ်မနေဆောင်ရွက် ပေးရမည့် လုပ်ငန်းများဖြစ်ကြောင်း၊
ထို့ပြင် ပြည်သူလူထုကို အမှန်တကယ် တိုက်ရိုက်အကျိုးပြုရန် ရင်းနှီးမြှုပ်နှံသည့်
လုပ်ငန်းများဖြစ်သည့်အတွက် တက်ရောက်လာကြသူများအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက်
အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများ၊ ဆက်လက် ဆောင်ရွက်သွားမည့်
အစီအမံများနှင့် လိုအပ်သည့် အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း
ဝိုင်းဝန်းဆွေးနွေးကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ
အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ
အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်များ၊ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့်
ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းများကိုလည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ
ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက အလုပ်သမား ဝန်ကြီးဌာနအနေဖြင့် အာမခံအလုပ်သမားများ၏
အကျိုးခံစားခွင့် အပြည့်အဝ ရရှိရေး၊ ဆေးကုသနိုင်ရေး ဆောင်ရွက်ပေးနေမှု
အခြေအနေများကိုလည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက
ကျန်းမာရေးစောင့်ရှောက်မှု အရည် အသွေးများ ကောင်းမွန်လာစေရေးနှင့် ပြည်သူလူထု
စိုက်ထုတ်သုံးစွဲသည့် ငွေကြေး လျော့ပါးလာစေရေးအတွက် ဆောင်ရွက်ပေးနေမှု
အခြေအနေများကို လည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ယင်းနောက် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ
အတွင်းရေးမှူး ဒုတိယ ဝန်ကြီး ဦးစိုးကြည်က ယခင်အစည်းအဝေးဆုံးဖြတ် ချက်များအပေါ်
အကောင်အထည်ဖော် ဆောင်ရွက် ပြီးစီးမှုများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ
အမျိုးသားကော်မတီ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဒုတိယဝန်ကြီးများက သက်ဆိုင်ရာဝန်ကြီးဌာနအလိုက်
လူမူကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ၊
ပူးပေါင်းလုပ်ဆောင်နေမှုများနှင့် အကြံပြုချက်များကို ဆွေးနွေးတင်ပြကြသည်။
ထို့နောက် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ
အမျိုးသားကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ
ဒုတိယဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များနှင့် ပတ်သက်၍ လိုအပ်သည်များ
ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်း
လိုက်ကြောင်း သိရသည်။
သတင်းစဉ်

No comments