နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေ စည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၂၈) သူရတပ်ခွဲ သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြ အခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား
နေပြည်တော် ဖေဖော်ဝါရီ ၂၁
တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၂၈) သူရတပ်ခွဲ သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဗထူးမြို့၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်း ကျောင်း(ဗထူး)စစ်ရေးပြကွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ် ကြီး ဇေယျကျော်ထင် စည်သူထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တို့မှ တိုင်းမှူးများ၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) ကျောင်း အုပ်ကြီး၊ ဗထူးတပ်နယ်မှ တာဝန်ရှိသူများ၊ ကျောင်းဆင်းဗိုလ်လောင်းများ၏ မိဘဆွေမျိုးများနှင့် ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဗိုလ်လောင်းတပ်ခွဲများစစ်ဆေး
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာ သရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်သည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီး ဗိုလ်လောင်းတပ်ခွဲများအား လိုက်လံစစ်ဆေးသည်။ ထို့နောက် ကျောင်းဆင်းဗိုလ် လောင်းတပ်ခွဲများ၏ အနှေးလျှောက်၊ အမြန်လျှောက် ဖြင့် ချီတက်အလေးပြုခြင်းကို ခံယူသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိ သုဓမ္မ မင်းအောင်လှိုင်သည် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၂၈)မှ အကောင်းဆုံးဗိုလ်လောင်းဆုရရှိ သူ ဗိုလ်လောင်းအမှတ် ၇၄၊ ဗိုလ်လောင်း သက်နိုင်စိုး အား ငွေဓားဆုချီးမြှင့်ပေးအပ်သည်။
သင်တန်းဆင်းမိန့်ခွန်းပြောကြား
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က သင်တန်းဆင်းမိန့်ခွန်း ပြောကြားရာတွင် “တပ်မတော် (ကြည်း)တွင် အရည်အချင်း ပြည့်ဝသောအရာရှိများ ဖြစ်ပေါ်လာစေရန်နှင့် ခြေလျင်တပ်စုတစ်စုကို ပိုင်နိုင်စွာ ကွပ်ကဲ၍ စစ်မြေပြင်တွင် တိုက်ပွဲဝင်နိုင်စေရန်” ဟူသည့် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)၏ ရည်ရွယ်ချက်နှင့်အညီ စစ်ပညာ၊ ကွပ်ကဲမှု၊ ခေါင်းဆောင်မှုပညာရပ်များနှင့် စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုင်ရာ ပညာရပ်များကို သင်ကြား လေ့ကျင့်အောင်မြင်ခဲ့သဖြင့် ဂုဏ်ယူဝမ်းမြောက်ကြောင်း။
မိမိတို့ တပ်မတော်အနေဖြင့် နိုင်ငံတော်နှင့် ပြည်သူ၏ အကျိုးစီးပွားကို အစဉ်ရှေးရှုပြီး ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် အမျိုးသားရေး တာဝန်ဖြစ်သည့် ဒို့တာဝန် အရေးသုံးပါးကို ထိပါးလာမည့် ကိစ္စ မှန်သမျှကို မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ် ထက်သန်စွာ ဖြင့် မှန်ကန်သည့်ရပ်တည်ချက်၊ အမျိုးသားရေးခံယူချက်များနှင့်အတူ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာ စောင့်သိပြီး နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ကျေပွန်စွာထမ်းဆောင်လျက်ရှိကြောင်း၊ ယခု ကဲ့သို့ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ကို အခြေခံပြီး မွန်မြတ်သည့် စိတ်ထားများဖြင့် တိုင်းရင်းသား ပြည်သူကြားက ပေါက်ဖွားလာခဲ့သည့် မိမိတို့ တပ်မတော်၏ ကောင်းမြတ်သော အတိတ်သမိုင်းကြောင်းများကို သိရှိထားပြီး အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းသွားကြရန်လိုကြောင်း။
တပ်မတော်တွင် ခေါင်းဆောင်ငယ်များအဖြစ် တာဝန်ယူကြရတော့မည့်သူများအနေဖြင့် မိမိကွပ်ကဲရသည့် တပ်ဖွဲ့များကိုလည်း စွမ်းရည်သုံးရပ်နှင့် ပြည့်စုံအောင် တည်ဆောက်နိုင်စွမ်းရှိရမည်ဖြစ်ကြောင်း၊ အခက်အခဲ အကျပ်အတည်းဟူသမျှ ရင်ဆိုင်ကျော်လွှားနိုင်ပြီး မိမိတပ်ကို တက်ညီလက်ညီနှင့် စုပေါင်းဆောင်ရွက်နိုင်စွမ်း ရှိအောင် ဖွဲ့စည်းထားနိုင်ရမည်ဖြစ်ကြောင်း၊ မိမိကိုယ်တိုင် အရာရာတွင်စံပြဖြစ်အောင် နေထိုင်ကျင့်ကြံပြီး ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်သွားကြရန်လိုကြောင်း။
အသိပညာအတတ်ပညာများကို စဉ်ဆက်မပြတ်လေ့လာ
သင်တန်းကာလအတွင်း စစ်အတတ်ပညာ အပါအဝင် စစ်ဘက်ခေါင်းဆောင်မှု ပညာများကို လေ့လာ သင်ယူခဲ့ပြီးဖြစ်သဖြင့် မိမိတို့တပ်မတော်၏ ခေါင်းဆောင်မှု အင်္ဂါရပ် ၁၆ ချက်နှင့်အညီ လိုက်နာ ကျင့်ကြံနေထိုင် သွားကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ခေါင်းဆောင်မှုဆိုသည်မှာ ပါရမီသက်သက်မဟုတ်ဘဲ နည်းနိဿယကောင်း များကို ကြိုးစားလေ့လာ ကျင့်သုံးခြင်းဖြင့် အောင်မြင်မှုရရှိနိုင်သည့် ပညာရပ်တစ်ခုဖြစ်ပြီး ပေးအပ်သည့်ရည်မှန်း ချက်တာဝန်ကို အောင်မြင်ပြီးမြောက်သည်အထိ လက်အောက်ငယ်သားများကို စည်းရုံးလုပ်ဆောင်နိုင်သည့် အရည် အချင်းဖြစ်ကြောင်း၊ ထို့ကြောင့် ခေါင်းဆောင်တစ်ဦး သိသင့်သိထိုက်သည့် အသိပညာ အတတ်ပညာများ ကို စဉ်ဆက်မပြတ် လေ့လာမှသာလျှင် မှန်ကန်သည့်ဆုံးဖြတ်ချက်ကို ချမှတ်နိုင်မည်ဖြစ်သည့်အတွက် တစ်ဦးချင်း လေ့လာအားထုတ်ကြိုးပမ်းကြရန်လည်း မှာကြားလိုကြောင်း။
မိမိတို့ တပ်မတော်သည် စတင်ဖွဲ့စည်းစဉ် ကတည်းကပင် စည်းကမ်းနှင့်စိတ်ဓာတ်ကို အခြေခံပြီး ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း၊ စည်းကမ်းသည် မိမိတို့ တပ်မတော်၏ အသက်ခန္ဓာပင်ဖြစ်ကြောင်း၊ ပြည်သူ ကြားက ပေါက်ဖွားလာပြီး မိမိဆန္ဒအလျောက် တပ်မတော်အတွင်းကို ဝင်ရောက်လာကြသူများဖြစ်ကာ အထူးသဖြင့် ပြည်သူ့တပ်မတော်သား များဖြစ်သည့်အတွက် တပ်မတော်က ချမှတ်ထားသော စစ်ဘက်ဥပဒေ၊ စစ်စည်းကမ်းများအပြင် နယ်ဘက် ဥပဒေ၊ နယ်ဘက်စည်းကမ်းများကိုလည်း တိတိကျကျ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း။
နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်ရာတွင် တစ်ဦးချင်းကျန်းမာကြံ့ခိုင်မှုရှိ နေရမည်ဖြစ်ပြီး အမြဲတမ်းတိုက်ပွဲဝင် အသင့်ဖြစ်နေစေရန်လည်း လေ့ကျင့်နေရမည်ဖြစ်ကြောင်း၊ တပ်မတော်မှ ထုတ်ပြန်ထားသည့် စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုင်ရာ အမိန့်ညွှန်ကြားချက်များကို လေးစားလိုက်နာ ဆောင်ရွက်ခြင်းသည် မိမိ၏ ပင်ကိုအရည်အသွေးတိုးတက်အောင် လေ့ကျင့်နေခြင်းပင်ဖြစ်ကြောင်း။
အခက်အခဲတိုင်းကို ရဲဝံ့စွန့်စားစွာ ရင်ဆိုင်လုပ်ကိုင်
အထူးသဖြင့် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဟူသည့် ဆောင်ပုဒ်အတိုင်း ခေတ်နှင့်အညီပြောင်းလဲတိုးတက် လျက်ရှိသည့် စစ်အသုံးအဆောင်နှင့် စစ်အတတ်ပညာများကို အသုံးချနိုင်ရန်အတွက် စဉ်ဆက်မပြတ် လေ့လာနေရ မည်ဖြစ်သကဲ့သို့ အသက်အရွယ်အလိုက် ရှိသင့်ရှိထိုက်သည့် ကျန်းမာကြံ့ခိုင်မှုနှင့် ကျွမ်းကျင်မှုရှိအောင်လည်း နေ့စဉ်ပုံမှန် လေ့ကျင့်နေကြရမည်ဖြစ်ကြောင်း၊ လေ့ကျင့်ရေး လုပ်ဆောင်ခြင်းသည် ကြံ့ခိုင်မှုနှင့် ကျွမ်းကျင်မှုရှိရန် အတွက်ဖြစ်ကြောင်း၊ ကြံ့ခိုင်မှုဆိုသည်မှာ တပ်ဖွဲ့ဝင်တစ်ဦးချင်း၏ ရုပ်ပိုင်း၊ စိတ်ပိုင်း ကျန်းမာကြံ့ခိုင်နေ အောင် လေ့ကျင့်နေခြင်း ဖြစ်သကဲ့သို့ ကျွမ်းကျင်မှုဆိုသည်မှာလည်း မိမိတို့ ကိုင်တွယ်အသုံးပြုနေသည့် လက်နက်များနှင့် သင်ယူလေ့လာထားသည့် စစ်ပညာရပ်များကို ကျွမ်းကျင်နေစေရန် လေ့ကျင့်ခြင်းဖြစ်ကြောင်း၊ ထိုသို့ကျွမ်းကျင်မှုရှိမှ သာ ယုံကြည်မှုရှိလာမည်ဖြစ်ပြီး ယုံကြည်မှုရှိမှလည်း ကြုံတွေ့လာသည့် အခက်အခဲတိုင်းကို ရဲဝံ့စွန့်စားစွာ ရင်ဆိုင် လုပ်ကိုင်နိုင်သည့် ရဲစွမ်းသတ္တိများ ရရှိလာမည်ဖြစ်သည့်အတွက် အလေးထားလိုက်နာသွားကြရန်လိုကြောင်း။
မိမိတို့ တပ်မတော်သားများသည် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို အဓိကနေရာမှ တာဝန်ထမ်းဆောင်နေကြသူများ ဖြစ်ကြောင်း၊ ထို့အပြင် ဒို့တာဝန်အရေးသုံးပါးကို ထိပါးလာမည့်အရေးကြုံလာလျှင်လည်း မိမိတို့ တပ်မတော်သည် နိုင်ငံတော်နှင့် ပြည်သူအတွက် အသက်ကိုပဓာနမထားဘဲ စွန့်လွှတ်စွန့်စားသည့်စိတ်ဓာတ်ဖြင့် ကာကွယ် စောင့်ရှောက်နေသည့် အခိုင်မာဆုံး အင်အားစုတစ်ရပ် လည်းဖြစ်ကြောင်း၊ လက်ရှိကာလတွင်လည်း မိမိတို့ တပ်မတော်သည် ပြည်သူလူထုလိုလားသည့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် လမ်းကြောင်း ပေါ်တွင် ခိုင်မာစွာ လျှောက်လှမ်းနိုင်ရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်လျက်ရှိကြောင်း။
လက်ရှိအချိန်တွင် လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွှတ်လိုသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့ သည် NUG၊ CRPH၊ PDF အမည်ခံ အကြမ်းဖက်သမားများနှင့်ပူးပေါင်းပြီး ပြည်သူများကို အကြောက်တရား လွှမ်းမိုးလာစေရေးနှင့် ၎င်းတို့ ထိန်းချုပ်နယ်မြေများချဲ့ထွင်နိုင်ရေးအတွက် နိုင်ငံရေးကိစ္စကို အကြောင်းပြပြီး အကြမ်းဖက်လက်နက်ကိုင်နည်းလမ်းကို တရားလက်လွတ်ဥပဒေမဲ့ လုပ်ဆောင်လျက်ရှိနေကြောင်း၊ ထိုကဲ့သို့ အကြမ်းဖက်လက်နက်ကိုင်နည်းလမ်းကြောင့် နယ်မြေဒေသအချို့တွင် မတည်မငြိမ်ဖြစ်ခဲ့ရပြီး ဒေသခံများ၏ လူမှုစီးပွားဘဝနှင့် အသက်အန္တရာယ်များ ထိခိုက်ဆုံးရှုံးနေရခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် လက်နက်ကိုင်လမ်းစဉ် ကျင့်သုံးနေသည့် အကြမ်းဖက်သောင်းကျန်းသူများသည် ထာဝရငြိမ်းချမ်းရေးရရှိပြီး ပြည်ထောင်စုနှင့်အတူ ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ပါဝင်လျှောက်လှမ်းရေးထက် နယ်မြေအလိုက် အာဏာရရှိရေးကို လုပ်ဆောင်နေ ကြခြင်းဖြစ်ကြောင်း၊ အထူးသဖြင့် အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လိုပြီး ဆင်ခြင်တုံ တရားရှိသည့် ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများကို ခြိမ်းခြောက်ခြင်း၊ အကျပ်ကိုင်ဖိအားပေးခြင်းများကို ပြုလုပ်နေသကဲ့သို့ နိုင်ငံတစ်ဝှမ်း အကြမ်းဖက်တိုက်ခိုက်မှုများ ပိုမိုပြုလုပ်နေကြသဖြင့် တည်ငြိမ်အေးချမ်းစွာ နေထိုင်လိုကြသည့် ပြည်သူများ၏ အသက်၊ အိုးအိမ်၊ ပစ္စည်းဥစ္စာများနှင့် ပြည်သူပိုင်အဆောက်အအုံများ များစွာပျက်စီးဆုံးရှုံးနေကြရ ကြောင်း၊ ထို့ကြောင့်လည်း အေးချမ်းစွာနေထိုင်လိုကြသည့် အပြစ်မဲ့ပြည်သူများသည် နိုင်ငံရေးပြဿနာကို အကြမ်းဖက် လက်နက်ကိုင် နည်းလမ်းဖြင့်ရယူရန် ကြိုးစားနေကြသည့် အကြမ်းဖက်သမား သောင်းကျန်းသူများကို အလွန်ရွံရှာစက်ဆုပ်နေကြပြီဖြစ်ကြောင်း။
တရားသောစစ်ကို ဆက်လက်ဆင်နွှဲသွားကြရမည်
တပ်မတော်သည် ပြည်သူလူထုမှပေါက်ဖွားသည့် ပြည်သူ့တပ်မတော်ဖြစ်ပြီး နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်၊ နိုင်ငံတော်ကိုကာကွယ်ရန် အစွမ်းကုန် ကြိုးစားဆောင်ရွက်သွားရ မည်ဖြစ်ပြီး တပ်မတော်ကဆင်နွှဲနေသည့် တရားသောစစ်အပေါ် တည်ငြိမ်အေးချမ်း ရေးကိုလိုလားသည့် ပြည်သူလူထုတစ်ရပ်လုံးက ဝန်းရံထောက်ခံအားပေးနေသကဲ့သို့ သောင်းကျန်းသူ အမြစ်ဖြတ် ချေမှုန်းရေးနှင့် အကြမ်းဖက်မှု နှိမ်နင်းတိုက်ဖျက်ရေးအတွက် ပြည်သူလူထု၊ အစိုးရ၊ တပ်မတော်ပေါင်းစည်းအား၊ ညီညွတ်သောစိတ်ဓာတ်တို့နှင့် အတူတကွ လုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း၊ ဒေသတစ်ခု တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးရေးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားကာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျအောင် လုပ်နိုင်စွမ်း ရှိသူများသည် ယင်းဒေသတွင် နေထိုင်ကြသည့် ဒေသခံများနှင့်ဒေသခံအကြမ်းဖက်သမားများသာ ဖြစ်ကြောင်း၊ လက်နက်ကိုင်သောင်းကျန်းသူ အကြမ်းဖက်အဖွဲ့များ၏ ဥပဒေမဲ့အကြမ်းဖက်လုပ်ရပ်များ၊ နယ်မြေချဲ့ထွင်ရေး တိုက်ပွဲဖော်ဆောင်လာမှုများကို တပ်မတော်အနေဖြင့် တည်ငြိမ်အေးချမ်းရေးကို လိုလားသည့် ဒေသခံပြည်သူများနှင့် ပူးပေါင်းပြီး တရားသောစစ်ကို ဆက်လက်ဆင်နွှဲသွားကြရမည် ဖြစ်ကြောင်း။
ထို့ကြောင့် တာဝန်ကျရာ တပ်ရင်း/တပ်ဖွဲ့ အသီးသီးသို့ ရောက်ရှိချိန်တွင် မိမိတို့ တာဝန် ထမ်းဆောင်ရမည့်နယ်မြေ ဒေသအတွင်း အကြမ်းဖက် လက်နက်ကိုင်လမ်းစဉ်နှင့် ပြည်သူလူထုကို အနိုင်ကျင့်နေမှုများ မရှိစေရေးအတွက် လုံခြုံရေးနှင့် စစ်ဆင်ရေးတာဝန်များကို ပြည်သူလူထုနှင့် ပူးပေါင်းပြီး နိုင်ငံတော်နှင့်တပ်မတော်အတွက် ရဲဝံ့စွန့်စား စွာ စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ ထို့အပြင် လွတ်လပ်ပြီး တရားမျှတ သည့် ရွေးကောက်ပွဲအောင်မြင်စွာ ပြုလုပ်နိုင်ရေး၊ မဲဆန္ဒပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့်မဆုံးရှုံးရရေး အတတ်နိုင်ဆုံး ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။
အဖွဲ့အစည်းတစ်ခု တိုးတက်အောင်မြင်ရေးအတွက် စည်းလုံးညီညွတ်မှုသည် မရှိမဖြစ်လိုအပ်သည့် အရာတစ်ခုဖြစ် ကြောင်း၊ တပ်မတော်သားများအနေဖြင့် မိမိတို့၏ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်အခြေခံပြီး တပ်တွင်းစည်းလုံးညီညွတ် ရေးကို ကျစ်လျစ်ခိုင်မာစွာ တည်ဆောက်သွားကြရမည်ဖြစ်ကြောင်း၊ ထိုသို့ တည်ဆောက်ရာတွင် လေ့ကျင့်ရေး၊ အုပ်ချုပ်ရေး၊ သက်သာချောင်ချိရေး၊ စိတ်ဓာတ်ဟူသည့် တပ်တည်ဆောက်ရေးလုပ်ငန်းကြီး ၄ ရပ်နှင့်အညီ တည်ဆောက်ရမည်ဖြစ်ကြောင်း၊ တပ်မတော်သားတိုင်းကလည်း ရဲဘော်အချင်းချင်းအပေါ် ထားရှိရမည့် မေတ္တာ တရား၊ သံယောဇဉ်တရားနှင့် သစ္စာစောင့်သိမှု တရားဟူသည့် ရဲဘော်စိတ်ကို ထာဝစဉ်မွေးမြူထား ရမည်ဖြစ် ကြောင်း၊ ထို့အပြင် စစ်သည်တော်ကျင့်ဝတ် များအတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်သွား ကြရမည်ဖြစ်ပြီး မိသားစုဝင်များကိုလည်း ညီအစ်ကို မောင်နှမသဖွယ်၊ မိသားစုသဖွယ် အပြန်အလှန်လေးစားမှု၊ အလေးထားမှုများဖြင့် စည်းလုံးညီညွတ်စွာ နေထိုင်သွားနိုင်ရေး စည်းရုံးဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်မှသာ ကျစ်လျစ်ခိုင်မာ သည့် တပ်တွင်းစည်းလုံးညီညွတ်ရေးကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း။
ပြည်သူ့အကျိုးပြုလုပ်ငန်းများကို စိတ်ရင်းစေတနာမှန်ဖြင့် ဆောင်ရွက်
မျက်မှောက်ကာလတွင် သတင်း၊ နည်းပညာနှင့် ဆက်သွယ်ရေးကွန်ရက်စနစ်များ လျင်မြန်စွာဖွံ့ဖြိုးလာမှုနှင့်အတူ ဆန့်ကျင်ဘက်လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများသည် လူမှုကွန်ရက်ကို အသုံးပြုပြီး တပ်မတော်ကို နိုင်ငံရေးသိက္ခာ ကျအောင်၊ ပြည်သူ လူထုယုံကြည်မှု ပျက်ပြားအောင်နှင့် အထင်အမြင် လွဲမှားအောင် ထိုးနှက်တိုက်ခိုက်မှုများ ပြုလုပ်လျက် ရှိကြောင်း၊ ထိုသို့ ထိုးနှက်တိုက်ခိုက်မှုများနှင့် အခြေ အမြစ်မရှိသည့် ပြောဆိုရေးသားမှုများသည် တပ်မတော်အပေါ်မှာသာမက တစ်မျိုးသားလုံး၏ စည်းလုံးညီညွတ်မှုအပေါ်၌ပါ ဆိုးရွားစွာ ထိခိုက်နိုင် သောကြောင့် မိမိတို့တပ်မတော်သားများ အပါအဝင် နိုင်ငံသားအားလုံးအနေဖြင့် အသိ၊ သတိများဖြင့်ယှဉ်ပြီး စဉ်းစားဆင်ခြင် နိုင်ရန်လိုအပ်ကြောင်း၊ တပ်မတော်နှင့်ပြည်သူအကြား စည်းလုံးညီညွတ်မှု အားနည်းပါက တိုင်းပြည်ကာကွယ်ရေး လုပ်ငန်းများ ကို စွမ်းအားပြည့်ဆောင်ရွက်နိုင်မည် မဟုတ်သည့် အတွက် တပ်ပြင်စည်းရုံးရေး လုပ်ငန်းများကိုလည်း အလေးထားဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ တပ်မတော်သားများအနေဖြင့် တပ်ပြင်စည်းရုံးရေး ဆောင်ရွက် ရာတွင် “ပြည်သူသာအမိ၊ ပြည်သူသာ အဖ” ဟု သဘောထားပြီး တာဝန်ကျရာ နယ်မြေဒေသအသီးသီး၌ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို စိတ်ရင်းစေတနာမှန်ဖြင့် ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
သင်တန်းဆင်းပြီး ကျရာတာဝန်များကို ထမ်းဆောင်ရာတွင် တစ်ဦးချင်း တစ်ယောက်ချင်း အလိုက် အသိစိတ်ဖြင့် အရာရှိကောင်းများဖြစ်အောင် ထိန်းသိမ်းနေထိုင်သွားရမည်ဖြစ်ကြောင်း၊ မိမိ အတွက် အကျိုးဖြစ်စေမည့် စာပေအသိပညာဖတ်ရှု လေ့လာခြင်းများကိုလည်း စဉ်ဆက်မပြတ် ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လေ့လာဖတ်ရှုမှုများကို အမြဲမပြတ် ဆောင်ရွက်နေမည်ဆိုပါက လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင် နိုင်ရန် အထောက်အကူပြုမည်ဖြစ်ပြီး မိမိတို့ ဖတ်မှတ်ထား သည်များကို အသုံးချခြင်းနှင့်မျှဝေပေးခြင်းများကို ဆောင်ရွက်ရန်လိုကြောင်း၊ လေ့လာဖတ်ရှုခြင်း၊ မှတ်သားခြင်း၊ ဆွေးနွေးခြင်း၊ အသုံးချခြင်းများမှ တစ်ဆင့် အသိပညာများ ပိုမိုအားကောင်းလာအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင် ရာတွင် နိုင်ငံတော်နှင့် တပ်မတော်အတွက် အားကိုး အားထားရသည့် အရာရှိကောင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက် သွားကြရန် မှာကြားလိုကြောင်း။
ခေါင်းဆောင်ကောင်းများဖြစ်အောင် ကျင့်ကြံနေထိုင်
မိမိတို့ တပ်မတော်၏ အစိုးရအဆက်ဆက်၊ ခေတ်အဆက်ဆက် နိုင်ငံတော်အတွက် ရှေ့တန်းက မားမားမတ်မတ် ရပ်တည်ကာကွယ်ခဲ့သည့် ကောင်းမြတ်သော အတိတ်သမိုင်းကြောင်း အစဉ် အလာကောင်းများကို ဆက်လက် ထိန်းသိမ်းဆောင်ရွက်သွားကြရန်၊ ခေါင်းဆောင်ကောင်းများ ဖြစ်အောင် ခေါင်းဆောင်မှုအင်္ဂါရပ် ၁၆ ချက်နှင့်အညီ လိုက်နာကျင့်ကြံနေထိုင်ပြီး ခေါင်းဆောင်တစ်ဦး သိသင့်သိထိုက်သည့် အသိပညာ၊ အတတ်ပညာများကို စဉ်ဆက်မပြတ် လေ့လာသင်ယူသွားကြရန်၊ စည်းကမ်းသည် တပ်မတော်၏ အသက်ဝိညာဉ်ဖြစ်သည့်အတွက် တပ်မတော်က ချမှတ်ထားသည့် စစ်ဘက်ဥပဒေ၊ စစ်စည်းကမ်းများအပြင် နယ်ဘက် ဥပဒေ၊ နယ်ဘက် စည်းကမ်းများကိုလည်း တိတိကျကျ လိုက်နာသွားကြရန်၊ အမြဲတမ်းတိုက်ပွဲဝင် အသင့် (Fit For Fight) ဖြစ်အောင် အသက်အရွယ်အလိုက် လုပ်သင့်လုပ်ထိုက်သည့်၊ ရှိသင့်ရှိထိုက်သည့် ကျန်းမာကြံ့ခိုင်မှုရှိအောင် လေ့ကျင့်မှုများကို မှန်မှန် ကန်ကန်ဆောင်ရွက်သွားကြရန်၊ တပ်မတော်၏ အဓိကတာဝန်ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ် စောင့်ရှောက်ကြမည့် “အနာဂတ်၏ စစ်ခေါင်းဆောင်”များဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်း မှာကြားလိုကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုး မဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်သည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီး စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။
ဂုဏ်ပြုအမှာစကား ပြောကြား
စစ်ရေးပြအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေ စည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်သည် ထူးချွန်ဆုရရှိကြသူများဖြစ်သည့် အကောင်းဆုံး ဗိုလ်လောင်းဆုရရှိသူ ဗိုလ်လောင်း သက်နိုင်စိုး၊ စစ်ရေးပြ အကောင်းဆုံးဆုရ ဗိုလ်လောင်း နေသွေး၊ သေနတ်ပစ်အကောင်းဆုံးဆုရ ဗိုလ်လောင်း အောင်လွင်ဌေးနှင့် ကြံ့ခိုင်ရေး အကောင်းဆုံးဆုရ ဗိုလ်လောင်း စန်းဇော်ဦးနှင့် ၎င်းတို့၏ မိဘဆွေမျိုး များကို တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။
ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယခုကဲ့သို့ ထူးချွန်ဆုများရရှိခဲ့ကြသဖြင့် မိဘများနှင့်ထပ်တူ ဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်းနှင့် သင်တန်းကာလတစ်လျှောက် စဉ်ဆက်မပြတ်ကြိုးစားအားထုတ်မှုနှင့် မိမိကိုယ်ကို ထိန်းသိမ်းဆောင်ရွက်တတ်သည့် အခြေခံကောင်းများကိုလည်း ဘဝတစ်လျှောက်လုံး ဆက်လက်ထိန်းသိမ်းသွား ကြရန်လိုကြောင်း၊ ရှေ့ဆက်လက် လျှောက်လှမ်းရမည့် ဘဝခရီး တစ်လျှောက်လုံးတွင်လည်း မိဘများ၊ ဆရာ၊ ဆရာမများက သွန်သင်ပဲ့ပြင်ပေးခဲ့သည့် အခြေခံကောင်းများ၊ ယခု သင်တန်းမှ ရရှိခဲ့သည့် မိမိဘဝတိုးတက်မှုရှိစေ ရေး ကြိုးစားအားထုတ်နိုင်မှု၊ မိမိကိုယ်ကိုထိန်းသိမ်း နိုင်မှု၊စည်းကမ်းကောင်းမွန်မှုစသည့် အခြေခံအလေ့ အကျင့်ကောင်းများကို ဆက်လက်ထိန်းသိမ်းပြီး စဉ်ဆက်မပြတ် ဆက်လက်ကြိုးစားအားထုတ်သွား ကြရမည် ဖြစ်ကြောင်း။
ငယ်စဉ်ကလေးဘဝမှယခုအချိန်အထိ ကျွေးမွေး စောင့်ရှောက်ထိန်းသိမ်းသွန်သင်ပေးခဲ့သည့် မိဘ ဆရာသမားများ၏ ကျေးဇူးကို မမေ့ရန်နှင့် မိသားစုမှဂုဏ်ယူရသည့်၊ နိုင်ငံတော်နှင့် တပ်မတော်မှ အားထားရသည့် တပ်မတော် အရာရှိကောင်းများဖြစ်အောင် ကြိုးစားသွားကြရန်လိုကြောင်း၊ မိမိတို့တွင် ရှိပြီးဖြစ်သည့် အခြေခံကောင်းများကို ဆက်လက် ထိန်းသိမ်း၍ မိမိဘဝတိုးတက်အောင်၊ မိမိရည်မှန်း ချက်များ မပျောက်ပျက်ရအောင် ဆက်လက် ကြိုးစားအားထုတ်သွားရန်လိုကြောင်းနှင့် မိမိတို့ဘဝ တိုးတက်ရေးအတွက် အထောက်အကူဖြစ်စေမည့် အသိပညာ၊ အတတ်ပညာများကို စဉ်ဆက်မပြတ် ဖတ်မှတ်လေ့လာခြင်းဖြင့် ဆက်လက်ဆည်းပူးလေ့လာပြီး နိုင်ငံတော်နှင့် တပ်မတော်က အားထားရပြီး လက်အောက်က အားကိုးရသူများဖြစ်အောင် ဆက်လက် ကြိုးပမ်းသွားကြစေ လိုကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments