သဘာဝဝန်းကျင်မပျက် စိုက်ပျိုးရေးမှသည် ရေရှည်တည်တံ့သောစိုက်ပျိုးရေးဆီသို့ …



မေမျိုးမြင့်မြတ်ထွန်း (စစ်ကိုင်း)

 

သဘာဝဝန်းကျင်မပျက်စိုက်ပျိုးရေး (Conservation Agriculture- CA) ဟာ မြန်မာနိုင်ငံမှာ မြေဆီလွှာပျက်စီးမှု၊ ရေရှားပါးမှုနဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုတွေကို ကိုင်တွယ် ဖြေရှင်းနိုင်တဲ့ အဓိကမဟာဗျူဟာတစ်ရပ်အဖြစ် ပေါ်ထွက်လျက်ရှိပါတယ်။ မြန်မာ့လယ်ယာ စိုက်ပျိုးရေးကဏ္ဍ ရေရှည်ရှင်သန်ဖို့အတွက် အရေးကြီးတဲ့အချက်ဖြစ်တဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ရင်း ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေး စနစ်တွေအပေါ် အားထားပြီး ကုန်ထုတ်စွမ်းအား မြှင့်တင်နိုင်တဲ့ နည်းလမ်းတစ်ခုအဖြစ် ရပ်တည်နေပါတယ်။

 

မြန်မာ့စိုက်ပျိုးရေးကဏ္ဍ

စိုက်ပျိုးရေးဟာ မြန်မာ့စီးပွားရေးရဲ့ အဓိကကျောရိုးဖြစ်ပြီး မြန်မာနိုင်ငံ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်း ကျော်ဟာ လယ်ယာလုပ်ငန်းနဲ့ လုပ်ကိုင်အသက် မွေးနေကြပါတယ်။ ဒါပေမယ့် အလွန်အကျွံထယ်ထိုး ထွန်ယက်ခြင်း၊ သီးနှံတစ်မျိုးတည်းကိုသာ စိုက်ပျိုး ခြင်း စတဲ့ မိရိုးဖလာစိုက်ပျိုးနည်းစနစ်တွေကြောင့် မြေဆီလွှာပျက်စီးဆုံးရှုံးတာတွေ၊ အထွက်နှုန်းကျဆင်းတာတွေ အပါအဝင် သစ်တောပြုန်းတီးခြင်း၊ ရာသီဥတုပြောင်းလဲမှုဒဏ်တွေ စတဲ့စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။ ဒါကြောင့် မိရိုး ဖလာ လယ်ယာစိုက်ပျိုးရေး အလေ့အကျင့်တွေနဲ့ ဆက်စပ်နေပြီး သဘာဝအရင်းအမြစ်တွေကိုလည်း ကာကွယ်ထိန်းသိမ်းကာ ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးစနစ်ဆီသို့ ဦးတည်နေတဲ့ သဘာဝဝန်းကျင်မပျက် စိုက်ပျိုးရေးကို ပိုမိုလုပ်ဆောင်ကြဖို့ လိုအပ်လာပြီပဲဖြစ်ပါတယ်။

 

သဘာဝဝန်းကျင်မပျက် စိုက်ပျိုးရေးမှာ အဓိကလုပ်ဆောင်ရမယ့် လုပ်ငန်းစဉ် သုံးရပ် ရှိပါတယ်။

 

၁။ မြေဆီလွှာထွန်ယက်မှုကို အနည်းဆုံးဆောင်ရွက် ခြင်း (သို့) ထယ်ရေးမဲ့စိုက်ပျိုးခြင်း

ထယ်ထိုးထွန်မွှေတာဟာ စိုက်ပျိုးရေးလုပ်ငန်းရဲ့ ပထမဆုံးလုပ်ငန်းအဖြစ် ယူဆခဲ့ကြသလို ထယ်ရေး နက်နက်ထွန်ရေးညက်ညက်ဖြစ်မှသာ မျိုးစေ့တွေကောင်းစွာ အပင်ပေါက်နိုင်တယ်လို့ မှတ်ယူ ခဲ့ကြပါတယ်။ ဒါပေမယ့် နှစ်လများစွာ ထွန်ယက်စိုက်ပျိုးခဲ့တဲ့ မြေတွေဟာ မြေဆီလွှာအာဟာရဓာတ် တဖြည်းဖြည်းဆုံးရှုံး၊ မြေသားတည်ဆောက်မှုပျက်စီးသွားပြီး မြေတိုက်စားမှုဒဏ်ကို အလွယ်တကူ ခံစားရကာ တောင်သူဦးကြီးတွေအတွက် သီးနှံအထွက်နှုန်းတွေ ထိခိုက်နေပါတယ်။ ဒါကြောင့်ပဲ သဘာဝဝန်းကျင်မပျက် စိုက်ပျိုးရေး (CA) မှာ မြေကြီးကို အနည်းငယ်မျှသာ တူးဆွပြီး စိုက်ပျိုးဖို့ သို့မဟုတ် လုံးဝမထယ်မထွန်ဘဲစိုက်ပျိုးဖို့ လမ်းညွှန်ထားပါတယ်။

 

ထယ်ရေးမဲ့စိုက်ပျိုးမှုကြောင့် မြေဆီလွှာကို နေ၊ ရေ၊ လေ တိုက်စားမှုကာကွယ်ပေးပြီး မြေဆီလွှာ အစိုဓာတ်နဲ့ အပူချိန်ကို ထိန်းညှိပေးခြင်း၊ မြေဆီလွှာထဲရှိ အဏုဇီဝသက်ရှိတွေ ပိုမိုပေါက်ပွားရှင်သန်နိုင်ပြီး မြေဆီလွှာအာဟာရဓာတ်ပြည့်ဝကာ ရေရှည်ထိ စိုက်ပျိုးလုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။

 

၂။ မြေဆီလွှာကို အမြဲတမ်းဖုံးအုပ်ထားခြင်း

သီးနှံပင်အကြွင်းအကျန်တွေ (သို့) မြေဖုံးပင်တွေ စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာကို အမြဲတမ်းဖုံးအုပ် ထားရပါမယ်။ အဓိကသီးနှံပင် မစိုက်ပျိုးမီ မြေကြီး ကို နေ၊ ရေ၊ လေ တိုက်ရိုက်ထိတွေ့ခြင်းမှ ကာကွယ် စေဖို့နဲ့ မြေတွင်းရေ သိုလှောင်ထိန်းသိမ်းမှု အားကောင်းပြီး မြေဆီလွှာကျန်းမာကာ ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးဖြစ်လာစေဖို့ ရည်ရွယ်ပါတယ်။ သီးနှံအကြွင်းအကျန်တွေကို မီးမရှို့ဘဲ ပြန်လည်အသုံးပြုခြင်းကြောင့် လေထုညစ်ညမ်းမှုကို လျှော့ချနိုင်ပြီး ၎င်းတို့မှ မြေဆွေးအဖြစ်ရရှိကာ မြေဆီဩဇာပိုမို ထက်သန်လာစေတဲ့ စနစ်ဖြစ်ပါတယ်။

 

၃။ သီးနှံစုံအလှည့်ကျ စိုက်ပျိုးခြင်း

သီးလှည့်စိုက်ပျိုးခြင်း၊ သီးနှံစုံကိုရောစပ်၍ စိုက်ပျိုးခြင်းဖြင့် သီးနှံတစ်မျိုးတည်းပေါ်မှာ ကျရောက် လေ့ရှိတဲ့ ရောဂါပိုးမွှားတွေရဲ့ သံသရာစက်ဝန်းကို ဖြတ်တောက်သလိုဖြစ်ပြီး ရောဂါပိုးမွှားကျရောက်မှု ကို လျော့နည်းစေပါတယ်။

 

အကျိုးကျေးဇူးများ

သဘာဝဝန်းကျင်မပျက်စိုက်ပျိုးရေး (CA) ဟာ မထွန်ယက်ခြင်းကြောင့် မြေကြီးတည်ဆောက်မှု မပျက်စီးခြင်း၊ မြေတွင်းရှိ အော်ဂဲနစ်ပစ္စည်းတွေနဲ့ သက်ရှိအဏုဇီဝတွေ ပျက်စီးဆုံးရှုံးမှုမရှိခြင်း၊ လောင်စာသုံးစွဲမှု လျှော့ချနိုင်ပြီး ပတ်ဝန်းကျင် ထိန်းသိမ်းပေးနိုင်ခြင်း၊ ရာသီဥတုနဲ့ လိုက်လျော ညီထွေစွာ စိုက်ပျိုးနိုင်ခြင်း၊ မြေဖုံးထားခြင်းကြောင့် ပေါင်းပေါက်ရောက်မှု လျော့နည်းခြင်း၊ သစ်ဆွေး ဓာတ် ရရှိပြီး မြေအပူချိန်သမမျှတကာ မြေဆီလွှာရဲ့ ရုပ်ဂုဏ်သတ္တိ၊ ဓာတ်ဂုဏ်သတ္တိ၊ ဇီဝဂုဏ်သတ္တိတွေ ပိုမိုကောင်းမွန်လာခြင်းနဲ့အတူ သီးနှံမျိုးကွဲအစုံ စိုက်ပျိုးခြင်းဖြင့် ရောဂါပိုးမွှားကျရောက်မှု လျော့နည်းလာပြီး သဘာဝအရင်းအမြစ်များကို ပိုမိုထိရောက်အောင် သုံးစွဲလာနိုင်ကာ ရေရှည် တည်တံ့တဲ့ စိုက်ပျိုးရေးစနစ်ဖြစ်ပါတယ်။

 

သဘာဝဝန်းကျင်မပျက်စိုက်ပျိုးရေး (CA) ဟာ အနာဂတ်မှာ လိုအပ်လာမယ့် စားရေရိက္ခာကို အကောင်းဆုံး ဖြည့်ဆည်းပေးမယ့် နည်းစနစ်ဖြစ်ပါတယ်။ လုပ်ကွက်ငယ် တောင်သူတွေနဲ့ အထူး သင့်လျော်ပြီး အကျိုးအမြတ်ရရှိတဲ့အပြင် မိသားစု ဝမ်းစာ ဖူလုံရုံသာမက ပိုလျှံလာစေမယ့် စိုက်ပျိုးရေး စနစ် ဖြစ်ပါတယ်။ ရေငွေ့ပြန်ခြင်းကို လျှော့ချပေးခြင်းကြောင့် မိုးခေါင်ရေရှားဒေသတွေမှာ ရေအရင်း အမြစ်ကို ထိန်းသိမ်းစောင့်ရှောက်ပေးပါတယ်။ ဓာတ်မြေဩဇာနဲ့ ပိုးသတ်ဆေးသုံးစွဲမှုကို လျှော့ချ နိုင်ပြီး ထုတ်လုပ်မှုကုန်ကျစရိတ်ကို လျော့နည်းစေတယ်။ တောင်သူဝင်ငွေ တိုးတက်စေပြီး လူမှု ဘဝ သာယာဝပြောလာစေနိုင်တဲ့ နည်းစနစ်ကောင်း ဖြစ်ပါတယ်။

 

လက်ရှိဆောင်ရွက်ဆဲ

အခုလက်ရှိမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနအနေနဲ့ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီး သဘာဝဝန်းကျင်မပျက်စိုက်ပျိုးရေး (CA) နည်းပညာပြန့်ပွားရေး အစီအစဉ်တွေ၊စမ်းသပ် စိုက်ကွင်းတွေ၊ စိုက်ပျိုးရေးသင်တန်းကျောင်းတွေမှ တစ်ဆင့် CA ကို အဆင့်မြှင့်တင်ပြီး တောင်သူတွေ ကို မိရိုးဖလာ စိုက်ပျိုးနည်းစနစ်မှ ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးစနစ်ဆီသို့ ပြောင်းလဲဖို့ လိုအပ်တဲ့ ကိရိယာတွေ၊ နည်းပညာဖြန့်ဝေခြင်း သင်တန်းတွေ ဆောင်ရွက်နေပါတယ်။

 

အနာဂတ်အလားအလာ

မြန်မာနိုင်ငံရဲ့ မတူကွဲပြားတဲ့ စိုက်ပျိုးရေးဂေဟစနစ်နဲ့ လိုက်လျောညီထွေဖြစ်တဲ့ စိုက်ပျိုးနည်းစနစ် ဖြစ်စေဖို့ လိုအပ်တဲ့ သုတေသနဆောင်ရွက်မှုတွေ လုပ်ဆောင်ခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းတွေ ပို့ချခြင်း၊ စမ်းသပ်စိုက်ကွင်းတွေ ပိုမို တိုးချဲ့စိုက်ပျိုးခြင်း၊ သဘာဝဝန်းကျင်မပျက် စိုက်ပျိုး ရေး (CA)ကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံကျင့်သုံး ခြင်းဖြင့် ရရှိလာမယ့် အကျိုးကျေးဇူးတွေကို တောင်သူ တွေကို လက်ဆင့်ကမ်းမျှဝေပေးပြီး လိုအပ်တဲ့ အရင်းအမြစ်တွေဖြစ်တဲ့ စက်ကိရိယာတွေ၊ သီးနှံမျိုးစေ့တွေကို အစိုးရနဲ့ ပုဂ္ဂလိကအဖွဲ့တွေ ပူးပေါင်းပြီး တောင်သူတွေကို ကူညီထောက်ပံ့ ပေးခြင်းဖြင့် CA ကို တွင်ကျယ်စွာ လက်ခံကျင့်သုံးတဲ့ တောင်သူ တွေ တိုးပွားလာပြီး မိမိတို့ နိုင်ငံမှာ ရေရှည်တည်တံ့ တဲ့ ဝန်းကျင်မပျက် စိုက်ပျိုးရေးစနစ်မှာ အနာဂတ် စိုက်ပျိုးရေးစနစ်မှာ အရေးပါတဲ့ အခန်းကဏ္ဍအနေ နဲ့ ပါဝင်လာမှာ ဖြစ်ပါတယ်။

 

သဘာဝဝန်းကျင်မပျက်စိုက်ပျိုးရေးဟာ မြန်မာ့လယ်ယာကဏ္ဍရဲ့ အနာဂတ်အတွက် မြေဆီဩဇာ ထက်သန်ပြီး သီးနှံအထွက်နှုန်းတိုးတက်စေဖို့၊ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ဖို့နဲ့ ရာသီဥတု ဖောက်ပြန်မှုဒဏ်ကို ခံနိုင်ရည်ရှိအောင် မြှင့်တင်ပေး နိုင်ပြီး ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးနည်းလမ်း တစ်ခုအဖြစ် ရှေ့ဆောင်နေပါတယ်။ စိုက်ပျိုးပညာ ပေးရေးနဲ့ သဘာဝအရင်းအမြစ်တွေမှာ မှန်ကန်တဲ့ ပံ့ပိုးကူညီမှုတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေဆက်လက် ပြုလုပ်ခြင်းဖြင့် CA ဟာ မြန်မာနိုင်ငံမှာ ရေရှည် တည်တံ့တဲ့ စိုက်ပျိုးရေးစနစ် ဖွံ့ဖြိုးတိုးတက်မှုရဲ့ အခြေခံအုတ်မြစ်ဖြစ်လာနိုင်ပြီး နောင်လာ နောက်သားတွေအတွက် စားရေရိက္ခာဖူလုံရေးနဲ့ လူမှုစီးပွားဘဝ စည်ပင်ဝပြောလာမှာဖြစ်ကြောင်း တိုက်တွန်းရေးသားလိုက်ရပါတယ်။ ။

 

No comments

Powered by Blogger.