အထင်အမြင်လွဲမှားအောင်တိုက်ခိုက်မှုများ အသိ၊ သတိဖြင့်ယှဉ် စဉ်းစားဆင်ခြင်

 

ယနေ့အချိန်အခါတွင် နိုင်ငံတော်အတွင်း အကြမ်းဖက်မှုများ၊ တရားဥပဒေကို ဖောက်ဖျက် ကျူးလွန်မှုများ၊ လက်နက်ကိုင်သောင်းကျန်းမှုများ ပြုလုပ်ခြင်းနှင့် နိုင်ငံတော်ကို ပြိုကွဲပျက်စီးစေမည့် အဖျက်လုပ်ရပ် များစွာရှိနေခြင်းသည် နိုင်ငံတော်အတွက် အန္တရာယ်အလွန်ကြီးမားလှသည်။ ထိုသို့ ပြုလုပ်နေမှုများမှာ ပယောဂအမျိုးမျိုး၊ အကြောင်းအမျိုးမျိုးတို့ကို အခြေခံသည့် ဤနိုင်ငံတွင် မွေးဖွားကြီးပြင်းခဲ့ကြသော မြန်မာနိုင်ငံသားများဖြစ်နေသည်ကို အံ့ဩဖွယ်တွေ့ရသည်။ ဤမြေတွင် နေ၊ ဤရေကိုသောက်၍ မိမိနိုင်ငံကို မိမိတို့ကိုယ်တိုင်ဖျက်ဆီးကြသော လူမျိုးသည် ကမ္ဘာပေါ်တွင် ရှားပါးလွန်းလှသည်။

 

ဒီမိုကရေစီရေး၊ တိုင်းရင်းသားရေး၊ လူ့အခွင့်အရေးဟု ကြွေးကြော်ကြသော်လည်း လက်တွေ့တွင် ၎င်းတို့လုပ်ရပ်များမှာ မိမိဒေသ၊ မိမိလူမျိုး၊ မိမိပြည်ထောင်စုအား ပြိုကွဲပျက်စီးအောင် ပြုလုပ်နေသည်ကို ပြုလုပ်မှန်းမသိသည့် မိုက်တွင်းနက်သူများဟု ဆိုရမည်ဖြစ်သည်။ နိုင်ငံတော်နှင့် လူပုဂ္ဂိုလ် ကွဲကွဲပြားပြားနားမလည်ကြသည့် ဆင်ခြင်တုံတရားနည်းပါးသူများဟုလည်း ပြောနိုင်သည်။ ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြား နှစ်ပေါင်းထောင်ပေါင်းများစွာ ဖြစ်တည်လာခဲ့သည့် သံယောဇဉ်များနှင့် ချစ်ခင်တွယ်တာမှုတို့ကို ဖြိုခွဲဖျက်ဆီးလျက်ရှိသည့် ပြည်တွင်း၊ ပြည်ပမှ အဖျက်အင်အားစုများ၏ မြန်မာအချင်းချင်းမုန်းတီးစေ ရန်အတွက် သွေးခွဲရန်တိုက်ပေးမှုများ၊ ကျဉ်းမြောင်းသော လူမျိုးရေးအယူဝါဒ သွတ်သွင်းနေမှုများကို အထူးသတိပြုကာကွယ်ကြရန် လိုအပ်သည်။

 

ယနေ့ကြုံတွေ့နေရသော အကြမ်းဖက်လုပ်ရပ်များသည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုရလဒ် ပယ်ဖျက်ခံရသည့် အပေါ် အမှန်ကိုအမှန်အတိုင်း သုံးသပ်ရှုမြင်မှုမရှိဘဲ နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့် လိုချင်တပ်မက်သည့်ဆန္ဒကြောင့် ဖြစ်ပေါ်လာသော သွေးထိုး လှုံ့ဆော်မှုများမှ စတင်ခဲ့သည်မှာထင်ရှားသည်။ အာဏာအတွက် နိုင်ငံကို ပြိုကွဲပျက်စီးမည့် လမ်းကြောင်းပေါ်သို့ အရောက်ပို့ခဲ့သည့် မိုက်မဲသောလုပ်ရပ်ဖြစ်သည်။ နိုင်ငံတော် နှင့် ပြည်သူအပေါ် သဘောထားမမှန်ကန်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းအချို့ကလည်း ဖြစ်ပေါ် လာသော နိုင်ငံရေးမတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး တည်ငြိမ်အေးချမ်းနေသော ဒေသများအား အကြမ်းဖက်ဖျက်ဆီးတိုက်ခိုက်ခဲ့ကြသည်။ ထိုဖြစ်စဉ်များကြောင့် နယ်မြေဒေသများမှ အပြစ်မဲ့ ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ဥစ္စာများသာမက ပြည်သူပိုင်အဆောက်အအုံများစွာ ပျက်စီးဆုံးရှုံး ကာ ဒုက္ခအခက်အခဲအမျိုးမျိုး ကြုံတွေ့နေရသည်မှာ အားလုံးအသိပင်ဖြစ်သည်။

 

လက်နက်ကိုင် အကြမ်းဖက်မှုများ၏ဆိုးကျိုးကို လက်တွေ့ခံစားနေရသည်မှာ ဒေသခံတိုင်းရင်းသား ပြည်သူများပင်ဖြစ်သည်။ နိုင်ငံတော်၏အရင်းအမြစ်များနှင့် အခြေခံအဆောက်အအုံများ ပျက်စီးဆုံးရှုံးရသည်။ နိုင်ငံတော်ကို တိုးတက်အောင်၊ ဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန် အားကောင်းလာအောင် အစွမ်းကုန်တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း ယခုကဲ့သို့ ဆင်ခြင်တုံတရား နည်းပါးစွာ ပြုလုပ်သည့်လုပ်ရပ်များကြောင့် ပျက်စီးဆုံးရှုံးမှုများမှာ တောင့်တင်း ခိုင်မာသည့် နိုင်ငံတော်၏ အင်အားကို လျော့ပါးစေသည်။ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိအောင် အချိန်များစွာ၊ အကုန်အကျများစွာ၊ ခက်ခဲပင်ပန်းစွာ တည်ဆောက်ရမည်ဖြစ်သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဟူသော နိုင်ငံရေးရည်မှန်းချက် (၂) ရပ်ကို ချမှတ်ထားပြီး တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံစေရေးဟူသော အမျိုးသားရေး ရည်မှန်းချက် (၂) ရပ်ကို ချမှတ်အကောင်အထည်ဖော်လျက် ရှိသည်။ အဆိုပါရည်မှန်း ချက်များအောင်မြင်ရေးအတွက် ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ်ချမှတ်ပြီး ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိသည်။ နိုင်ငံတော်အကျိုး၊ ပြည်သူ အကျိုးအတွက် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်း၍ တည်ငြိမ်အေးချမ်းသော ပတ်ဝန်းကျင်ကောင်းကို ဆက်လက် ဖော်ဆောင်သွားမည်ဖြစ်သည်။ ပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် စီးပွားရေးကို ဦးစားပေး ဆောင်ရွက်ပြီး စီးပွားရေးကောင်းမွန်ပါက နိုင်ငံရေး၊ လူမှုရေး၊ ကျန်းမာရေးစသည်တို့ တိုးတက် ကောင်းမွန် လာမည်ဖြစ်သည်။

 

သို့ဖြစ်ရာ နိုင်ငံတော်အစိုးရနှင့် တပ်မတော်သည် နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နေချိန်တွင် သတင်း၊ နည်းပညာနှင့် ဆက်သွယ်ရေး ကွန်ရက်စနစ်များ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ဆန့်ကျင်ဘက် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများက လူမှုကွန်ရက်များကိုအသုံးပြုပြီး တပ်မတော်ကို နိုင်ငံရေးသိက္ခာ ကျအောင်၊ ပြည်သူလူထု ယုံကြည်မှုပျက်ပြားအောင်နှင့် အထင်အမြင်လွဲမှားအောင် ထိုးနှက် တိုက်ခိုက်မှုများ၊ အခြေအမြစ်မရှိသည့် ပြောဆိုရေးသားထုတ်လွှင့်မှုများ ပြုလုပ်လျက်ရှိရာ တစ်မျိုးသားလုံး၏ စည်းလုံးညီညွတ်မှုကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်သောကြောင့် နိုင်ငံသားအားလုံး အနေဖြင့် အသိ၊ သတိဖြင့် စဉ်းစားဆင်ခြင် သုံးသပ်ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း။

 

ကြေးမုံ

 

No comments

Powered by Blogger.