ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကြည့်ရှုအားပေး
နေပြည်တော် ဖေဖော်ဝါရီ ၂၃
နေပြည်တော်ရှိ နည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ဒြပ်ပစ္စည်းသိပ္ပံ သုတေသနဌာန (အေလာ) ဝန်ထမ်းများ၏ မြန်မာ့ရိုးရာထမနဲထိုး ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါသုတေသနဌာန၌ ကျင်းပသည်။
ထိုကဲ့သို့ ဝန်ထမ်းများ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ စုပေါင်းဆင်နွှဲနေမှုကို သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ကြည့်ရှုပြီးအားပေးသည်။
ပြိုင်ပွဲအပြီးတွင် ဒုတိယဝန်ကြီးသည် ဆုရရှိသည့် အသင်းများကို ဂုဏ်ပြုဆုများပေးအပ် ချီးမြှင့်သည်။
ထို့နောက် သုတေသနဓာတ်ခွဲခန်းများ ပြုပြင်မွမ်းမံထားမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး သတ္တုရိုင်း သန့်စင်ထုတ်လုပ်ရေးဌာနရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးကို လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှုသည့် ရွှေစင်ပြားများ၏ အရည်အသွေးများကို တိုင်းတာစစ်ဆေးခြင်းလုပ်ငန်းများမှ ရလဒ်များ၊ ဇလသတ္တုဗေဒဌာနရှိ EV သုံး လီသီယမ်ဘက်ထရီဆိုင်ရာ သုတေသနလုပ်ငန်းများမှ ရလဒ်များနှင့် အဂ္ဂိသတ္တုဗေဒဌာနစုရှိ အလေးစီးသဲတွင်ပါဝင်သော မိုနာဇိုက်မှ မြေရှားဒြပ်စင် အောက်ဆိုဒ်များ ထုတ်လုပ်ခြင်းဆိုင်ရာ သုတေသနလုပ်ငန်းများမှ သံ၊ သံမဏိနှင့် သတ္တုစပ် ထုတ်လုပ်ရေးဌာနရှိ ပြည်တွင်းမှရရှိသော Manganese Ore မှ Ferro Manganese Alloy ထုတ်လုပ်ခြင်း သုတေသနလုပ်ငန်းမှ ရလဒ်များကို စစ်ဆေးသည်။
ထို့သို့ စစ်ဆေးစဉ် ဒုတိယဝန်ကြီးက နိုင်ငံ့အကျိုးပြု သုတေသနလုပ်ငန်းများဖြစ်၍ နည်းပညာ တိုးတက်မှု အရွေ့များနှင့် အမီလိုက်ပါနိုင်ရေးနှင့် စပ်လျဉ်း၍ အသေးစိတ်မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြမှုများကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် သုတေသနဌာနမှ တာဝန်ရှိသူများထံ သုတ၊ ရသစာအုပ်များ၊ သုတေသန ဂုဏ်ပြုဆုများ၊ လုပ်သက်ရင့် သက်ကြီးဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများထံ ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ပြီး ဝန်ထမ်းအိမ်ရာများ ပြုပြင်မွမ်းမံထားမှု အခြေအနေကို ကြည့်ရှု စစ်ဆေးကာ ဝန်ထမ်းမိသားစုဝင်များကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သတင်းစဉ်
No comments