ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း “Mekong-Ganga Food Festival” ပွဲတော် တက်ရောက် အမှာစကားပြောကြား
နေပြည်တော် ဖေဖော်ဝါရီ ၂၃
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ယဉ်ကျေးမှုဆိုင်ရာ
ထိတွေ့ဆောင်ရွက်မှုနှင့် အတွေ့အကြုံ ဖလှယ်မှုများမှတစ်ဆင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို
မြှင့်တင်သွားနိုင်ရန် ရည်ရွယ်၍ ရန်ကုန်မြို့မှ အိန္ဒိယသံရုံးသည် ရန်ကုန်မြို့ရှိ အိန္ဒိယနွယ်ဖွားအမျိုးသမီးများအသင်းနှင့်
မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ရက်တို့နှင့် ပူးပေါင်း၍
“Mekong-Ganga Food Festival” ပွဲတော်ကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ယခင်ဝန်ကြီးများရုံး၌ ကျင်းပရာ ဟိုတယ်နှင့်
ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။
အဆိုပါပွဲတော်သို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့်
ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာ နိုင်ငံဆိုင်ရာ
အိန္ဒိယသံအမတ်ကြီး H.E.
Mr. Abhay Thakur ၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံတမန်များ၊ ရန်ကုန်မြို့အိန္ဒိယနွယ်ဖွား အမျိုးသမီးများအသင်းနှင့်
မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိူးသမီးများကွန်ရက်တို့မှ ဥက္ကဋ္ဌများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အိန္ဒိယသံအမတ်ကြီးနှင့်
ပွဲတော် တက်ရောက်လာကြသူများသည် မြန်မာအစားအစာပြခန်းများ၊
အိန္ဒိယအစားအစာပြခန်းများနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းပြခန်းများ၊ လက်မှုပစ္စည်းနှင့်
အဝတ်အထည်ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးကြပြီး
ပွဲတော်အခမ်းအနားကို ဆီမီးထွန်းညှိပူဇော်၍ စတင်ဖွင့်လှစ်ပေးကာ
အသင်းအဖွဲ့များက အိန္ဒိယတေးသီချင်း၊ မြန်မာတေးသီချင်းများ၊
အကအလှများဖြင့် ကပြသီဆိုဖျော်ဖြေကြသည်။
ထို့နောက် အိန္ဒိယသံအမတ်ကြီး၊ အိန္ဒိယနွယ်ဖွား အမျိုးသမီးများအသင်းနှင့်
မြန်မာ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ရက်တို့မှ ဥက္ကဋ္ဌတို့က နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ယနေ့ အခမ်းအနားမှတစ်ဆင့် မြန်မာ - အိန္ဒိယ
နှစ်နိုင်ငံ အကြား ကြွယ်ဝသော ယဉ်ကျေးမှုအမွေအနှစ်များနှင့် အတွေ့အကြုံကောင်းများ ဖလှယ်ခြင်းဖြင့်
နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်သွားနိုင်မည့် အခွင့်အရေးတစ်ခုကို ရရှိနိုင်မည်ဖြစ်ပါကြောင်း၊
မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (The Mekong – Ganga Cooperation -MGC) အား အိန္ဒိယနှင့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် အာဆီယံ (၅) နိုင်ငံပါဝင်သော အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း၊
မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့၏ အဓိက ဆောင်ရွက်မှုများတွင် ယဉ်ကျေးမှုဖလှယ်ခြင်းများမှတစ်ဆင့်
ခရီးသွားလုပ်ငန်း မြှင့်တင်ရေး အချက် တစ်ချက်ပါဝင်ပါကြောင်း၊ ယနေ့အစားအစာပွဲတော် အခမ်းအနားသည်
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်အတွက်
ကောင်းမွန်သော ဆောင်ရွက်ချက် တစ်ခု ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ခရီးသွားလုပ်ငန်း
မြှင့်တင်နိုင်ရေးအတွက် မြန်မာနိုင်ငံတွင် အာဆီယံအစားအစာပွဲတော်ကဲ့သို့ ခရီးသွားမြှင့်တင်ရေး
ဆိုင်ရာ အစီအစဉ်များကို အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဖြင့်
အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ပွဲတော်မှ တစ်ဆင့်
နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုခိုင်မာစေပြီး
ယဉ်ကျေးမှုဖလှယ်ရေးနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအတွက်
အခွင့်အလမ်းအသစ်များ ဖန်တီးပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကပြဖျော်ဖြေတင်ဆက်ကြသူများအား
အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြကာ
ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် သံအမတ်ကြီးတို့သည် ပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments