အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှု စဉ်ဆက်မပြတ်အရေးယူဆောင်ရွက်
နိုင်ငံတော်အစိုးရအနေဖြင့် တရားမဝင် အွန်လိုင်းလောင်းကစားနှင့် အွန်လိုင်း
လိမ်လည်မှု လုပ်ငန်းများကို နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စဉ်ဆက်မပြတ်တက်ကြွစွာ
ဖော်ထုတ်အရေးယူ ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် တိုင်းဒေသကြီးနှင့်
ပြည်နယ်များအလိုက် တာဝန်ရှိသူ အဆင့်ဆင့်တို့ကလည်း အွန်လိုင်းလောင်းကစားနှင့်
အွန်လိုင်းငွေကြေး လိမ်လည်မှုအပါအဝင် အခြားဒုစရိုက်မှုလုပ်ငန်းများမရှိစေရေး
ဖော်ထုတ်ခြင်း၊ အရေးယူခြင်းတို့ကို တင်းတင်းကျပ်ကျပ် စိစစ်ရှာဖွေဖော်ထုတ်ပြီး
ပြတ်ပြတ်သားသား ကိုင်တွယ်ဆောင်ရွက်လျက် ရှိသည်။
လက်ရှိတွင် ထိုင်းနိုင်ငံအပါအဝင်
အိမ်နီးချင်းနိုင်ငံအချို့မှ တစ်ဆင့်ဖြတ်သန်းပြီး မြန်မာနိုင်ငံအတွင်းသို့
နယ်စပ်လမ်းကြောင်းများမှ ဖြတ်ကျော်ကာ တရားမဝင် ဝင်ရောက်လာကြသည့် အဆိုပါဒုစရိုက်မှု
ထောင်ချောက်အတွင်း ရောက်ရှိကြရသူများရှိနေသည်။ အထူးသဖြင့် မြန်မာ-ထိုင်းနယ်စပ်
ကရင်ပြည်နယ် မြဝတီ-ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် တရားမဝင်
အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ
ကျူးလွန်ခဲ့ကြသူများကို ရှာဖွေစစ်ဆေး ဖော်ထုတ်အရေးယူလျက်ရှိရာ ၂၀၂၅ ခုနှစ်
ဇန်နဝါရီလ ၃၀ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၆ ရက်နေ့အထိ ပြည်ပနိုင်ငံသား ၁၀၃၀ ကို
ဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါထိန်းသိမ်းထားသည့်
ပြည်ပနိုင်ငံသားများအနက် ၆၁ ဦးကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင်
ထိုင်းနိုင်ငံသို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း
သိရသည်။
ထို့အပြင် ဖေဖော်ဝါရီလ ၁၁
ရက်နေ့တွင် ပြည်ပနိုင်ငံသား ၆၉ ဦး၊ ဖေဖော်ဝါရီ လ ၁၄ ရက်နေ့တွင် ပြည်ပနိုင်ငံသား
၂၀၀၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ပြည်ပ နိုင်ငံသား ၄၆၉ ဦး၊ ဖေဖော်ဝါရီလ ၁၆
ရက်နေ့တွင် ပြည်ပနိုင်ငံသား ၂၃၁ ဦးတို့ကို ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။
အဆိုပါ ပြည်ပနိုင်ငံသားများကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ
သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့်
မှတ်တမ်းများကို စာရင်းကောက်ယူပြီးဖြစ်သည်။ မြန်မာနိုင်ငံအတွင်းသို့
နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၇၉၉ ဦးသည် တရုတ်၊
အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ အီသီယိုးပီးယား၊ ပါကစ္စတန်၊ ကာဂျစ်စတန်၊
ဗီယက်နမ်၊ ယူဂန္ဓာ၊ ထိုင်း နိုင်ငံနှင့် တရုတ်(တိုင်ပေ)တို့မှ ဖြစ်ကြသည်။
အဆိုပါဒုစရိုက်မှုများနှင့်ပတ်သက်၍
အထူးသဖြင့် ကွန်ပျူတာနည်းပညာ ကျွမ်းကျင်သူ၊ ဘာသာစကား ကျွမ်းကျင်သူများကို
ငွေကြေးလစာကောင်းများရရှိမည်ဟု အွန်လိုင်းပေါ်တွင် မက်လုံးပေး စည်းရုံးသိမ်းသွင်းပြီး
အွန်လိုင်းပေါ်မှ အချိတ်အဆက် ပြုလုပ်သူများမှတစ်ဆင့် ထိုင်းနိုင်ငံမှ
မြန်မာနိုင်ငံ နယ်စပ်သို့ ဖြတ်သန်းရောက်ရှိလာကြသူများဖြစ်သည်။ ၎င်းတို့သည်
မြန်မာနိုင်ငံနယ်စပ် ဖော်ပြပါ အွန်လိုင်း လောင်းကစားရုံများနှင့် အွန်လိုင်းလိမ်လည်သည့်နေရာများတွင်
အတင်းအကျပ်အဖြစ် သော်လည်းကောင်း၊ လုပ်ခလစာအနည်းငယ်ဖြင့်သော်လည်းကောင်း၊ လုပ်ခလစာ မပေး၍သော်လည်းကောင်း
အဓမ္မစေခိုင်းခံရသူများဖြစ်ကြောင်း ကိုယ်တွေ့ကြုံခဲ့ရသည့် ပြည်ပနိုင်ငံသားများ၏
ထုတ်ဖော်ပြောကြားချက်များအရ သိရသည်။
အွန်လိုင်းလိမ်လည်ရေးလုပ်ငန်းအတွက်
တစ်ရက်လျှင် ဖုန်းခေါ်ဆိုမှုအကြိမ်ရေ ရှစ်သိန်းကျော် ပြုလုပ်နိုင်သည့်
အဆင့်မြင့်နည်းပညာပြုလုပ်သည့်နေရာကို တွေ့ရှိထားကြောင်း တစ်ဖက်နိုင်ငံမှ
သတင်းစာကြီး တစ်စောင်တွင် ဖော်ပြထားကြောင်းသိရသည်။ လူအများ လူမှုကွန်ရက် အသုံးပြုမှုများပြားလာသည့်
ယနေ့ကာလတွင် အွန်လိုင်းပေါ်မှ သားကောင်ရှာဖွေသည့် လုပ်ငန်းများသည် တွင်ကျယ်ခေတ်စားလာသည်။
ယေဘုယျအားဖြင့် အွန်လိုင်းပေါ်၌ ငွေကြေး လိမ်လည်မှု၊ လောင်းကစားမှု၊
ကုန်ပစ္စည်းလိမ်လည်မှု၊ အလုပ်အကိုင်လိမ်လည်မှု၊ အချစ်ရေး လိမ်လည်မှု စသည်တို့အပြင်
ကံစမ်းမဲလိမ်လည်မှုနှင့် လူကုန်ကူးမှုများသည် အဖြစ်အများဆုံး လိမ်လည်သည့်
ဒုစရိုက်မှုများဖြစ်သည်။ အွန်လိုင်းလိမ်လည်မှုများသည် ငွေကြေးအမြတ်အစွန်း
လွယ်လွယ်ကူကူ အမြောက်အမြားရရှိသဖြင့် အဆိုပါဒုစရိုက်မှုလုပ်ငန်းများ
ကျယ်ပြန့်လာသည်။
အွန်လိုင်းလိမ်လည်မှုမှ
ရရှိလာသည့် ငွေကြေးများအား အွန်လိုင်းဘဏ်လုပ်ငန်း စနစ်အပေါ် တလွဲအသုံးချပြီး
ငွေကြေးခဝါချမှုများပါရှိလာရာ နိုင်ငံတော်အတွက် ခြိမ်းခြောက်မှုများအထိ ဖြစ်လာသည်။
သို့ဖြစ်ရာ နိုင်ငံတော်အစိုးရသည် နိုင်ငံတော်နှင့် ပြည်သူများအား ခြိမ်းခြောက် ထိခိုက်မှုများရှိလာသည့်
အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုအပါအဝင် အွန်လိုင်းဒုစရိုက်မှု မျိုးစုံကို
အမျိုးသားရေး အသွင်ဖြင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်သူများနှင့်
ပူးပေါင်းလက်တွဲကာ ထိထိရောက်ရောက် ပြတ်ပြတ်သားသား တိုက်ဖျက်နှိမ်နင်းပြီး
ထိန်းသိမ်းလွှဲပြောင်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။
ကြေးမုံ

No comments