ရေစကြိုမြို့နယ်၌ ဝါသီးနှံများ လှိုင်လှိုင်ထွက်ပေါ်လျက်ရှိပြီး အကျိုးအမြတ်ရ
မကွေး ဖေဖော်ဝါရီ
၆
မကွေးတိုင်းဒေသကြီး
ရေစကြိုမြို့နယ်ရှိကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြရာ သီးနှံမျိုးစုံ
စိုက်ပျိုးလျက်ရှိပြီး ပခန်းကြီး၊ မြေဖြူ၊ စည်သာ၊ ဆင်ချောင်းစသည့် ကျေးရွာများတွင်
ဝါသီးနှံကို အများဆုံးစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ဝါသီးနှံကို ဇူလိုင်လနှင့်
ဩဂုတ်လများတွင် စတင်စိုက်ပျိုးပြီး ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် ခူးဆွတ်ရကြောင်း၊
သီးညှပ်စိုက်ပျိုးမှုနှင့် သီးသန့်စိုက်ပျိုးမှုဟူ၍ရှိပြီး ဒေသမျိုးများဖြစ်သော ငွေချည်-
၉၊ ရွှေတောင်- ၁၀၊ ချည်မျှင်ရှည်ဝါမျိုးများကို စိုက်ပျိုးကြကြောင်း၊ မျိုးစေ့ခုနစ်ပိဿာခန့်နှင့်
ထွန်ယက်ခ၊ မျိုး၊ သွင်းအားစု၊ လုပ်သားခနှင့် ခူးဆွတ်ခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ်
ခြောက်သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ဝါပိဿာချိန် ၃၂၀-၃၅၀
ခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ပွဲစားများက ဝါစိုက်ခင်းများအထိ လာရောက်ဝယ်ယူကြပြီး
ထိုမှတစ်ဆင့် ပခုက္ကူမြို့နှင့် မန္တလေးမြို့တို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊
ယခုအချိန်တွင် ဝါသီးနှံများ လှိုင်လှိုင်ထွက်ပေါ်လျက်ရှိ၍ ဝါစိုက်တောင်သူများအနေဖြင့်
အမြတ်ရလျက်ရှိသည့်အပြင် ဝါခူးဆွတ်သူ(ဝါကောက်သူ) များလည်း အလုပ်အကိုင်အခွင့်အလမ်းများ
ပိုမိုရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
သတင်းရင်းမြစ်-စီးပွား/ကူးသန်း

No comments