မြို့သစ်မြို့နယ်၌ ကြက်သွန်နီ(ဥစိုက်)များ လှိုင်လှိုင်ထွက်ပေါ်၍ ဈေးကောင်းရ
မြို့သစ် ဖေဖော်ဝါရီ ၃
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်ရှိ
ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံကို
ရာသီအလိုက် စိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံ တစ်မျိုးဖြစ်သော
ကြက်သွန်နီသီးနှံကို စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ဥစိုက်နှင့် ပင်စိုက်ဟူ၍ စိုက်ပျိုးကြပြီး ကျေးရွာတစ်ရွာတွင်
ကြက်သွန်နီ (ဥစိုက်) ဧက ၁၀၀ ခန့် စိုက်ပျိုးထားရှိရာ ယခုအချိန်တွင်
လှိုင်လှိုင်ထွက် ပေါ်လျက်ရှိကြောင်း သိရသည်။
ကြက်သွန်နီကို စက်တင်ဘာလနှင့်
နိုဝင်ဘာလတွင် စိုက်ပျိုးကြပြီး ဇန်နဝါရီလတွင် တူးဖော်ရကြောင်း၊ မျိုးအနေဖြင့်
ဇော်မွှားမျိုးနှင့် ကြမ်းကျွံမျိုးများဖြစ်ပြီး ဇော်မွှားမျိုးများကို အများဆုံး
စိုက်ပျိုးကြကြောင်း၊ ကြက်သွန်နီကိုပေါင်ခတ်၍ မြေအောက်ရေတင် စနစ်ဖြင့်စိုက်ပျိုးကြကြောင်း၊
တစ်ဧက စိုက်ပျိုးမှုအတွက် အရွယ်အစားအပေါ်မူတည်၍ မျိုးဥပိဿာချိန် ၃၅၀-၄၅၀ ခန့် နှင့်
မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ မြေပြုပြင်ထွန်ယက်ခ အပါအဝင် စုစုပေါင်းငွေကျပ် ၃၂
သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ပိဿာချိန် ၂၃၀၀-၂၈၀၀
ခန့်ထွက်ရှိကြောင်း သိရသည်။ ဈေးကွက်အနေဖြင့် မကွေးမြို့၊ တောင်တွင်းကြီးမြို့၊
ပြည်မြို့နှင့် ရန်ကုန် (ဘုရင့်နောင် ပွဲရုံ) သို့ တင်ပို့ကြောင်း၊ ယခုနှစ်တွင်
ကြက်သွန်နီအထွက်နှုန်း အနည်းငယ် လျော့နည်းသော်လည်း ဈေးကောင်းရရှိသောကြောင့်
တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
သတင်းရင်းမြစ်
စီးပွား/ကူးသန်း

No comments