စိုက်ပျိုးရေးကဏ္ဍတွင် ဒစ်ဂျစ်တယ်နည်းပညာသုံးစွဲနေသည့် ကမ္ဘာ့နိုင်ငံများ
စိုးသူရ
ကမ္ဘာပေါ်တွင်
စိုက်ပျိုးရေးလုပ်ငန်းများကို နိုင်ငံအများအပြားတွင် အဆင့်မြှင့်တင် အကောင်အထည် ဖော်
ဆောင်ရွက်နေကြသည်။ သမားရိုးကျ သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်း လုပ်ငန်းများကိုသာမက
ဒစ်ဂျစ်တယ်နည်းပညာသုံး စိုက်ပျိုးရေးနည်းလမ်းများကိုပါ ကမ္ဘာ့နိုင်ငံများတွင်
ဆောင်ရွက် လာကြသည်။ စိုက်ပျိုးရေးကဏ္ဍတွင် ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြုနေသည့်
နိုင်ငံများအကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။
တရုတ်နိုင်ငံ
တရုတ်နိုင်ငံတွင်
ဒစ်ဂျစ်တယ်နည်းပညာသုံး စက်ရုပ်ကောက်ရိတ်စက်များ၊ မောင်းသူမဲ့စိုက်ပျိုး
ရိတ်သိမ်းစက်များနှင့် အခြားအလိုအလျောက် စက်ကိရိယာများကို
သီးနှံစိုက်ပျိုးသည့်လုပ်ငန်းများတွင် သုံးစွဲခြင်းဖြင့်
စိုက်ပျိုးရေးကဏ္ဍမြှင့်တင်နေသည်။
စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ
ဒစ်ဂျစ်တယ် ဒေတာအချက်အလက် ပလက်ဖောင်းများ တည်ထောင်ခြင်းဖြင့်
စိုက်ပျိုးထုတ်လုပ်သူများအား ကူညီပံ့ပိုးပေးနေပြီး အီလက်ထရွန်နစ်ကုန်သွယ် ရေး
ပလက်ဖောင်းများတည်ထောင်ကာ သီးနှံစိုက်ပျိုးသူများနှင့် ဝယ်ယူသူများအကြား လုပ်ငန်းများ
အောင်မြင်စေရေးဆောင်ရွက်လျက်ရှိသည်။
အစ္စရေးနိုင်ငံ
အစ္စရေးနိုင်ငံသည်
စိုက်ပျိုးရေးနည်းပညာတွင် ကမ္ဘာ့ထိပ်တန်းအဆင့်၌ ရပ်တည်နေသည့်နိုင်ငံ ဖြစ်သည်။ အစ္စရေးနိုင်ငံ၏
စိုက်ပျိုးရေးကဏ္ဍသည် သီးနှံစိုက်ပျိုးမှုဆိုင်ရာ စီမံခန့်ခွဲမှုနှင့်
ရေရှည်တည်တံ့သော လယ်ယာစိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်များကြောင့် လူသိများသည်။
အစ္စရေးနိုင်ငံသည် မြေဆီလွှာ၊
အပင်များနှင့် ကောက်ပဲသီးနှံဆိုင်ရာ အချက်အလက်များကို စုဆောင်းရာတွင်
ဒစ်ဂျစ်တယ်နည်းပညာသုံး ဒရုန်းယာဉ်များကို အသုံးပြုသည်။ ၎င်းကဲ့သို့ ဒရုန်းယာဉ်များသုံးစွဲခြင်းဖြင့်
လယ်သမားများအား စိုက်ပျိုးရေးလုပ်ငန်းများတွင် ဆည်မြောင်းများ၏ ရေပေးဝေရေးကိစ္စများ
စီမံခန့်ခွဲလာစေနိုင်ခြင်း၊ ပိုးသတ်ဆေးဖျန်းပက်ခြင်းနှင့် သီးနှံအထွက်နှုန်း မြင့်တက်ရေးတွင်
အကျိုးရှိစေသည်။
အစ္စရေးနိုင်ငံရှိ
စိုက်ပျိုးရေးလုပ်ငန်းသုံးဒရုန်းယာဉ်သည် ဆည်မြောင်းများထိခိုက်ပျက်စီးခြင်းနှင့်
ဆည်ကျိုးခြင်း ဖြစ်ပွားနိုင်မည့် အခြေအနေကို ကြိုတင်ခန့်မှန်းနိုင်သည်။ ထို့ပြင်
ဒရုန်းအသုံးပြုခြင် ဖြင့် သီးနှံများ၏ ရှင်သန်မှုအခြေအနေ၊ မြေဆီလွှာရွေးချယ်ခြင်းနှင့်
စိုက်ပျိုးသီးနှံများအတွက် ရာသီဥတုအခြေအနေတွက်ချက်ခြင်းအပါအဝင် ပိုးသတဆေးဖျန်းပက်ရာ၌
ကြုံတွေ့ရနိုင်သည့် သီးနှံများ ပေါ်တွင် ပိုးသတ်ဆေးကြွင်းကျန်ရစ်သည့် အန္တရာယ်ကိုလည်း
ကြိုတင်တွက်ချက် တားဆီးနိုင်သဖြင့် စိုက်ပျိုးသီးနှံများအထွက်တိုးစေကာ
စိုက်ပျိုးရေး လုပ်ငန်းများအောင်မြင်ခဲ့ကြောင်း တွေ့ရှိရသည်။
အီသီယိုးပီးယားနိုင်ငံ
အာဖရိကဒေသရှိ
အီသီယိုးပီးယားနိုင်ငံသည် စိုက်ပျိုးရေးလုပ်ငန်းများကို ဒစ်ဂျစ်တယ်နည်းပညာဖြင့်
မြှင့်တင်ရေး ကြိုးပမ်းဆောင်ရွက်နေသည်။ အီသီယိုးပီးယားနိုင်ငံသည်
စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ ဒစ်ဂျစ်တယ် လမ်းပြမြေပုံ အက်ပလီကေးရှင်းကို ယခုနှစ်
ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် စတင်အသုံးပြုခဲ့ခြင်းဖြင့် စိုက်ပျိုးရေး ကဏ္ဍကို
မြှင့်တင်ခဲ့သည်။
စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ
ဒစ်ဂျစ်တယ်လမ်းပြမြေပုံ ၂၀၂၅-၂၀၃၂ ဟု အမည်ပေးထားသည့် ၎င်းစိုက်ပျိုးရေး လုပ်ငန်းသုံး
ဒစ်ဂျစ်တယ်လမ်းပြမြေပုံ အက်ပလီကေးရှင်းကို အီသီယိုးပီးယားနိုင်ငံရှိ
မိုဘိုင်းဖုန်းများတွင် ထည့်သွင်းအသုံးပြုနိုင်ပြီး လယ်သမားများနှင့်
တိရစ္ဆာန်မွေးမြူသူများအား စိုက်ပျိုးရေးနှင့်မွေးမြူရေး နည်းပညာအပါအဝင်
ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများနှင့် ထိတွေ့ဆက်ဆံမှု မြှင့်တင်ရန် စီစဉ်ထားသည်ဟု
သိရသည်။
အီသီယိုးပီးယားနိုင်ငံ
မြို့တော်အဒစ်အဘာဘာ၌ ပြုလုပ်သည့် စိုက်ပျိုးရေးလုပ်ငန်းသုံး ဒစ်ဂျစ်တယ် လမ်းပြမြေပုံ
အက်ပလီကေးရှင်းမိတ်ဆက်ပွဲ၌ စိုက်ပျိုးရေးဝန်ကြီး ဂါမာအမန်ထီက ၎င်းစိုက်ပျိုးရေး လုပ်ငန်းဆိုင်ရာ
ဒစ်ဂျစ်တယ်လမ်းပြမြေပုံအက်ပလီကေးရှင်းသည် နိုင်ငံ၏စိုက်ပျိုးရေးဆိုင်ရာ အချက်အလက်များကို
ခေတ်မီအောင်ဆောင်ရွက်ရာတွင် အဓိကကျသည့်အခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက်မည်ဖြစ်ကာ
ခေတ်မီနည်းစနစ်ဖြင့် စျေးကွက်အချက်အလက်များကို ပံ့ပိုးပေးနိုင်ကြောင်း
ပြောကြားခဲ့သည်။
၎င်းစိုက်ပျိုးရေးလုပ်ငန်းသုံး
ဒစ်ဂျစ်တယ်လမ်းပြမြေပုံထုတ်လုပ်ခြင်း၏ ရည်ရွယ်ချက်မှာ လယ်သမားများနှင့်
တိရစ္ဆာန်မွေးမြူသူများအတွက် အချိန်နှင့်တစ်ပြေးညီ စိုက်ပျိုးရေးဆိုင်ရာ
အချက်အလက်နှင့် ခေတ်မီကိရိယာများကို ရယူသုံးစွဲနိုင်သည့် ခေတ်မီသော
စိုက်ပျိုးမွေးမြူရေး ကဏ္ဍကို ဖန်တီးရန်ဖြစ်သည်။
ယခုချမှတ်ထားသည့်
စိုက်ပျိုးရေးမဟာဗျူဟာသစ်အရ နိုင်ငံအတွင်း စိုက်ပျိုးရေးဂေဟစနစ်ကို တည်ဆောက်ရန်
ရည်ရွယ်ထားကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
ယခုမိတ်ဆက်လိုက်သည့်
စိုက်ပျိုးရေးလုပ်ငန်းသုံးဒစ်ဂျစ်တယ်လမ်းပြမြေပုံကို သုံးစွဲခြင်းဖြင့်
အောက်ပါအကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း သိရသည်။
သီးနှံကျန်းမာရေးစောင့်ကြည့်ခြင်း
- ဉာဏ်ရည်တု နည်းပညာသုံးစွဲထားသည့် ယခုအက်ပလီကေးရှင်းသည် သီးနှံဆိုင်ရာ
ရောဂါများကို ရှာဖွေဖော်ထုတ်နိုင်ပြီး စိုက်ပျိုးသီးနှံများ၏ ကျန်းမာရေးကို
စောင့်ကြည့်နိုင်သည်။
မိုးလေဝသခန့်မှန်းချက်များ -
တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ရာတွင် အချိန်နှင့်တစ်ပြေးညီ
ရာသီဥတုဆိုင်ရာ အချက်အလက်များကို ရရှိစေနိုင်သည်။
စျေးကွက်ရရှိရေး -
တောင်သူလယ်သမားများအား စျေးကွက်များနှင့် တိုက်ရိုက်ချိတ်ဆက်ခြင်းဖြင့်
၎င်းတို့၏ထွက်ကုန်များအတွက် စျေးနှုန်းများ တိုးတက်ရရှိစေရန် ကူညီပေးသည်။
ငွေကြေးစီမံခန့်ခွဲမှုဆောင်ရွက်ခြင်း
- စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဘတ်ဂျက် ရေးဆွဲခြင်း၊
ကုန်ကျစရိတ်တွက်ချက်ခြင်းနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုများကို ရယူအသုံးပြုခြင်းအတွက်
အထောက်အကူပြုသည်။
ခေတ်မီနည်းပညာများ
ပေါင်းစပ်ခြင်း၊ အချိန်နှင့်တစ်ပြေးညီ ဒေတာများပံ့ပိုးပေးခြင်းနှင့် ဆန်းသစ်
တီထွင်မှုကို မြှင့်တင်ခြင်းတို့ဖြင့် အီသီယိုးပီးယား နိုင်ငံအတွင်း
စတင်ဆောင်ရွက်ခဲ့သည့် စိုက်ပျိုးရေး လုပ်ငန်းဆိုင်ရာ ဒစ်ဂျစ်တယ်လမ်းပြမြေပုံသည် ၂၁
ရာစု၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေး နိုင်သည့် ဖွံ့ဖြိုးပြီးခေတ်မီသော
စိုက်ပျိုးရေးကဏ္ဍအတွက် ဒစ်ဂျစ်တယ်နည်းပညာ ဆန်းသစ်မှု ဖြစ်သည်။ ယနေ့ခေတ်တွင်
နိုင်ငံတိုင်း၌ ဒစ်ဂျစ်တယ် နည်းပညာများအသုံးပြုကာ စိုက်ပျိုးရေးလုပ်ငန်း များကို
မြှင့်တင်ဆောင်ရွက်နေကြောင်း တင်ပြ လိုက်ရပါသည်။ ။
ကိုးကား -
- China use digital to modernize
agricultural sector
- Isreal AgriCulture Websites
- Ethiopia launches digital
roadmap to modernize agricultural sector


No comments