အွန်လိုင်း ငွေလိမ်၊ လောင်းကစားမှုများ မြန်မာ့မြေပေါ်မှ အမြစ်ပြတ်ရှင်းလင်းဖယ်ရှား
မြန်မာနိုင်ငံအတွင်းသို့
နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့-ရွှေကုက္ကိုလ်
နှင့် KK Park နယ်မြေများတွင် online လိမ်လည်မှုများ၊ online
လောင်းကစားမှုများနှင့် ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို
စစ်ဆေး ဖော်ထုတ်ပြီး သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ
စနစ်တကျ လွှဲပြောင်းပေးအပ်လျက် ရှိသည်။
ရွှေကုက္ကိုလ်နယ်မြေသည် ၂၀၁၆
ခုနှစ်မှ စတင်ကာ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေး လုပ်ငန်းများ
ဆောင်ရွက်နိုင်ရန်ဟူသော အကြောင်းပြချက်ဖြင့် စီမံကိန်းတစ်ရပ်အဖြစ် တည်ဆောက်
ခဲ့သောနယ်မြေဖြစ်ပြီး နောက်ပိုင်းတွင် တရားမဝင်စီးပွားရေးလုပ်ငန်းများ
ဆောင်ရွက်နေသော သတင်းများ ပေါ်ထွက်လာခြင်းကြောင့် စီမံကိန်းလုပ်ငန်းများ
ရပ်ဆိုင်းထားခဲ့သည့် ဒေသလည်း ဖြစ်သည်။ တစ်ဖက်နိုင်ငံနှင့်
ကပ်လျက်ရှိနေသည့်အဆိုပါဒေသမှာ လက်နက်ကိုင်အဖွဲ့ပေါင်းစုံ
လှုပ်ရှားနေသည့်ဒေသဖြစ်ပြီး တရားဥပဒေစိုးမိုးရေး အဖွဲ့များနှင့် အုပ်ချုပ်ရေးဆိုင်ရာ
တာဝန်ရှိသူများ အပြည့်အဝစိုးမိုး အုပ်ချုပ်ရန် အခက်အခဲများ၊
ကန့်သတ်ချက်များရှိနေသည်။ သို့ဖြစ်ရာ နယ်မြေဒေသ
တည်ငြိမ်အေးချမ်းမှုမရှိခြင်းနှင့်အတူ ဒုစရိုက်မှုကျူးလွန်ကြသူများအဖို့ အခြေချစရာ
နေရာကောင်း တစ်ခုသဖွယ် ဖြစ်နေသည်။
“တရားမဝင် အွန်လိုင်းလောင်းကစားနှင့်
ငွေကြေးလိမ်လည်မှုကို အကြောင်းပြု၍ နိုင်ငံတော်တွင် အခက်အခဲများဖြစ်ပေါ်ခဲ့ပြီး
ထိထိရောက်ရောက် အရေးယူမှုများကို ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတကာ၌လည်း
၎င်းကိစ္စနှင့်ပတ်သက်၍ အာရုံစိုက်မှုရှိလာကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်
နိုင်ငံတကာနှင့်ပူးပေါင်း၍ ၎င်းဒုစရိုက်မှု နှိမ်နင်းရေးကို တက်ကြွကျယ်ပြန့်စွာ
ဆောင်ရွက်နေကြောင်း” ဖေဖော်ဝါရီ ၃ ရက်က ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပြီး
တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်၊ သက်ဆိုင်ရာနယ်မြေများအလိုက်
တာဝန်ရှိသူအဆင့်ဆင့်အနေဖြင့် မိမိတို့ဒေသများအတွင်း တရားမဝင်အွန်လိုင်းလောင်းကစား
နှင့် ငွေကြေးလိမ်လည်မှု လုပ်ငန်းများ၊ အခြားဒုစရိုက်လုပ်ငန်းများမရှိစေရေးနှင့်
မဖြစ်ပေါ်စေရေး ဖော်ထုတ်အရေးယူခြင်းများဖြင့် တင်းတင်းကျပ်ကျပ် ပြတ်ပြတ်သားသား
ကိုင်တွယ်ဆောင်ရွက်သွား ကြရန် မဖြစ်မနေလိုအပ်ကြောင်း မှာကြားခဲ့သည်။
အွန်လိုင်းလိမ်လည်မှုအပါအဝင်
အခြားဒုစရိုက်မှုများကို နိုင်ငံတော်အစိုးရက စစ်ဆင်ရေး တစ်ရပ်သဖွယ်
ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်အရှေ့မြောက်ဘက်နှင့် အရှေ့ဘက်တို့တွင်လည်း နယ်မြေစစ်ဆေးရှင်းလင်းမှုများ
ပြုလုပ်ခဲ့သည်။ ယင်းသို့ စစ်ဆေးရှင်းလင်းမှုများပြုလုပ်စဉ်
ဒုစရိုက်လုပ်ငန်းများကို အကာအကွယ်ပေးနေသည့် လက်နက်ကိုင်သောင်းကျန်းသူများနှင့်
ပစ်ခတ်မှုများ ပြုလုပ်ခဲ့ရပြီး အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့်
အွန်လိုင်းလောင်းကစား လုပ်ငန်းများအတွက် အသုံးပြုသည့်ပစ္စည်းကိရိယာများ၊
လက်နက်ခဲယမ်းများကိုပါ တရားခံများနှင့် အတူဖမ်းဆီးရမိခဲ့သည်။ အွန်လိုင်းလိမ်လည်မှုများနှင့်
လောင်းကစားမှုများသည် မိမိတို့မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ သာမကဘဲ
လူသားအားလုံးပေါ်တွင် လိမ်လည်ပြစ်မှုကျူးလွန်ခြင်း၊ အခြားဆက်စပ်
ပြစ်မှုကျူးလွန်ခြင်းပင်ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာနှင့် ပူးပေါင်း၍
ပြတ်ပြတ်သားသား ချေမှုန်းဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံအတွင်းသို့
နယ်စပ်လမ်းကြောင်းများမှ တစ်ဆင့် တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသားများကို
စစ်ဆေးဖော်ထုတ်ရာတွင် ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၁၅ ရက်အထိ ၇၉၉ ဦး
ထိန်းသိမ်းနိုင်ခဲ့ရာ တရုတ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ မလေးရှား၊ အီသီယိုပီးယား၊
ပါကစ္စတန်၊ ကာဂျစ်စတန်၊ ဗီယက်နမ်၊ ယူဂန္ဓာ၊ ထိုင်းနှင့် တရုတ်(တိုင်ပေ)တို့မှ
ဖြစ်ကြောင်း သိရသည်။
ကုမ္ပဏီများအဖြစ်
အသွင်ယူထားကြသည့် အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှု
ပြုလုပ်နေကြသူများသည် ၎င်းတို့၏ လုပ်ငန်းများကို ၂၀၁၅ ခုနှစ်ခန့်မှစ၍
ဖိလစ်ပိုင်နိုင်ငံ၊ ကမ္ဘောဒီးယား နိုင်ငံတို့တွင် လုပ်ကိုင်ခဲ့ကြပြီး ၂၀၁၉
ခုနှစ်နောက်ပိုင်းတွင် မြန်မာ နိုင်ငံသို့ ရောက်ရှိ လုပ်ကိုင်လာကြခြင်းဖြစ်သည်။
အွန်လိုင်းလိမ်လည်မှု နှင့် အွန်လိုင်းလောင်းကစားမှုများအတွက် အခြေခံ လိုအပ်ချက်များကို
တစ်ဖက်နိုင်ငံမှရယူပြီး တစ်ဖက်နိုင်ငံမှတစ်ဆင့် တရားမဝင်
ဝင်ထွက်နေကြခြင်းလည်းဖြစ်သည်။ မြန်မာ့မြေပေါ်တွင် တရားမဝင် လောင်းကစားမှု၊
လိမ်လည်မှု၊ ဒုစရိုက်မှုကျူးလွန်သည့် လုပ်ငန်းများ ရောက်ရှိနေခြင်းက
နိုင်ငံ၏အမျိုးသားရေးဂုဏ်သိက္ခာကို ထိပါး စေသကဲ့သို့ အဆိုပါလုပ်ငန်းများက
မိမိနိုင်ငံသူ၊ နိုင်ငံသားများအတွက်လည်း အန္တရာယ်ရှိရာ အမြစ်ပြတ် ပျောက်ကွယ်သွားသည်အထိ
ရှင်းလင်းဖယ်ရှားသွားကြရပါမည့်အကြောင်း ။
မြန်မာ့အလင်း

No comments