စံပြအတွက်ဆုနှင့် ပြစ်မှုအတွက်ပြစ်ဒဏ်
ရန်ကုန်သည် မြန်မာနိုင်ငံ၏
စီးပွားရေးမြို့တော်ဖြစ်ပြီး လူဦးရေ အထူထပ်အသိပ်သည်းဆုံး ဒေသလည်းဖြစ်သည်။
နိုင်ငံ့လူဦးရေ ၏ ၁၀ ရာခိုင်နှုန်းကျော်နေထိုင်ပြီး စက်မှုဇုန်အများဆုံးတည်ရှိ
သလို စီးပွားရေးအချက်အချာ ဖြစ်သည့်အလျောက် မြို့ပြသယ်ယူ ပို့ဆောင်မှု ပမာဏမှာလည်း
ကြီးမားသည်။
ရန်ကုန်မြို့တွင်း အများပြည်သူ
သယ်ယူပို့ဆောင်ရေးကို ဝိုင်ဘီအက်စ် ယာဉ်လိုင်းပေါင်း ၁၀၀ ကျော်က ယာဉ်စီးရေ(၄၀၀၀)
ဝန်းကျင်ခန့်ဖြင့် ဝန်ဆောင်မှုပေးနေပြီး နေ့စဉ်ခရီးသည်ပေါင်း ၁ ဒသမ ၅ သန်းခန့်ကို
သယ်ယူပို့ဆောင်ပေးလျက်ရှိသည်။ ဝိုင်ဘီအက်စ် ယာဉ်လိုင်းများ
မောင်းနှင်ပြေးဆွဲမှုကို ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး
ကြီးကြပ်မှုကော်မတီ (YRTC) က ကြီးကြပ် ကွပ်ကဲနေခြင်းဖြစ်ပြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များဖြင့်
နေ့စဉ်လှည့်လည် စစ်ဆေးကာ စည်းကမ်းမဲ့မောင်းနှင်မှုများ စစ်ဆေးတွေ့ရှိပါက
အရေးယူခြင်းများ ဆောင်ရွက်နေကြောင်း သိရှိရသည်။ ဝိုင်ဘီအက်စ်ယာဉ်မောင်းများ၏
စည်းကမ်းဖောက်ဖျက်မှုများတွင် မှတ်သားဖမ်းဆီးမှု၊ ခရီးသည်တိုင်ကြားမှု၊ Facebook
တိုင်ကြားမှု၊ မီးနီဖြတ်မောင်းမှု၊ သတ်မှတ်ကီလို ကျော်လွန် မောင်းနှင်မှု၊
သတ်မှတ်လမ်းကြောင်းအတိုင်းမမောင်းနှင်မှု၊ မဆင်မခြင်မောင်းနှင်မှု၊ ဘေးတံခါးဖွင့် မောင်းနှင်မှု၊
နယ်ကျော်မှု၊ ရပ်နားချိန်ကြာမြင့်မှု၊ ယာဉ်တစ်စီးနှင့်တစ်စီး
ကျော်တက်မောင်းနှင်မှု စသည်တို့ပါဝင်သည်။
YRTC ၏
ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များ နေ့စဉ်လှည့်လည်၍ ကြပ်ကြပ်မတ်မတ်
စစ်ဆေးခြင်းနှင့် စည်းကမ်းဖောက်ဖျက်မှုများကို ထိထိရောက်ရောက် အရေးယူခြင်းတို့က
ဝိုင်ဘီအက်စ် ယာဉ်မတော်တဆမှုများကြောင့် ထိခိုက်သေကျေမှုများဖြစ်ပေါ်ရသည့်
အနိဋ္ဌာရုံများကို လျော့ကျစေသည်ဖြစ်ရာ စစ်ဆေးကြပ်မတ်မှုအရှိန်အဟုန်ကို
ဆက်လက်မြှင့်တင်သွားရမည် ဖြစ်သည်။ ယခုရက်ပိုင်းအတွင် YRTC က
ဝိုင်ဘီအက်စ်ယာဉ်လိုင်းများမှ ယာဉ်မောင်းများအနက် ၂၀၂၄ ခုနှစ်အတွက် စံပြယာဉ်မောင်းဆုနှင့်
တာဝန်သိယာဉ်မောင်းဆုရရှိသူများအား YRTC ရုံးချုပ်တွင် ဂုဏ်ပြုအခမ်းအနားဖြင့်
ဆုများချီးမြှင့်ခဲ့ရာ စံပြယာဉ်မောင်းဆုရရှိသူ ၄၈ ဦး၊ တာဝန်သိယာဉ်မောင်းဆု ရရှိသူ
၁၄၈ ဦးနှင့် လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြသောဝန်ဆောင်မှုကောင်းသည့်
ယာဉ်မောင်းဆုရရှိသူ ၄ ဦးတို့အား ဆုများချီးမြှင့်ခဲ့ကြောင်းသိရပြီး ခရီးသည်များကို
စိတ်ငြိုငြင်အောင် ပြုမူပြီး အရှိန်ပြင်းမောင်းနှင်ခဲ့သည့်
ဝိုင်ဘီအက်စ်ယာဉ်မောင်းတစ်ဦးအား အပြစ်ရှိကြောင်း မှန်ကန်ထင်ရှားသည့်အတွက်
ထုတ်ပယ်ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်းသိရသည်။
စံပြယာဉ်မောင်းဆုရရှိသူသည်
ခရီးသည်များ မိမိကားပေါ် ရောက်လာပြီဆိုသည်နှင့် အန္တရာယ် ကင်းရှင်းပြီး
စိတ်ချမ်းသာအောင် ဝန်ဆောင်မှုပေးခြင်း၊ ခရီးသည်များ အန္တရာယ်ကင်းစေရန် ချမှတ်ထားသည့်
စည်းကမ်းများကို လိုက်နာပြီးမောင်းနှင်ခြင်း၊ စိတ်ရှည်သည်းခံမှုကို အဓိကထား၍
ဆောင်ရွက်ခဲ့ခြင်း စသည်တို့ကြောင့် ဆုရရှိခဲ့ကြခြင်းဖြစ်ရာ
ကျန်ယာဉ်မောင်းများကလည်း စံပြယာဉ်မောင်းများကို အတုယူကာ ပရော်ဖက်ရှင်နယ်ပီသစွာ
အသက်မွေးဝမ်းကျောင်းကြရန် လိုသည်။ နေ့စဉ်လူပေါင်းထောင်နှင့်ချီပြီး
ထိတွေ့ဆက်ဆံနေကြရသည့် ယာဉ်မောင်းများအဖို့ စိတ်ဖိစီးမှုဒဏ်ကို
ခံနိုင်ရည်ရှိကြရန်နှင့် စိတ်ရှည်သည်းခံမှုကို အမြင့်ဆုံးမြှင့်တင်ထားနိုင်ကြမှသာ
မိမိရော အခြားသူများအတွက်ပါ ထိခိုက်မှုနှင့် အန္တရာယ်တို့
လျော့ပါးကင်းရှင်းနိုင်ကြမည်ဖြစ်သည်။
ဝိုင်ဘီအက်စ်ယာဉ်လိုင်းများကို
စည်းကမ်းများစနစ်တကျ ကြပ်မတ်ကွပ်ကဲခြင်းကြောင့် ပြီးခဲ့သည့် နှစ်က ဝိုင်ဘီအက်စ်
ယာဉ်လိုင်းများတွင် မတော်တဆမှုနှင့် ခရီးသည်များ သေဆုံး၊ ဒဏ်ရာရမှုတို့
လျော့နည်းကျဆင်းခဲ့သော်လည်း စည်းကမ်းဖောက်ဖျက်သည့် ယာဉ်မောင်းများ ရှိနေဆဲ ဖြစ်သောကြောင့်
သေဆုံး၊ ဒဏ်ရာရသူတို့ ဆက်လက်ကျန်ရှိနေရခြင်းဖြစ်သည်။ စည်းကမ်း အကြိမ်ကြိမ် ချိုးဖောက်နေသည့်
ယာဉ်မောင်းများအား ပညာပေးပြုပြင်တည့်မတ်ပေးခြင်း၊ ခေတ်မီ ယာဉ်စီးခပေးချေသည့်စနစ်များ
ရာခိုင်နှုန်းပြည့် အသုံးပြုလာနိုင်စေရန် ကြီးကြပ် ဆောင်ရွက်ခြင်း၊ နေ့စဉ်ခရီးသည်များ
စိတ်ကျေနပ်စွာ လိုရာခရီးသို့ရောက်ရှိစေရန် ဝန်ဆောင်မှုပေးနိုင်ရေး တာဝန်ရှိသူ၊
သက်ဆိုင်သူအားလုံးက ကျေပွန်စွာဆောင်ရွက်ခြင်းဖြင့် ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်မှု
တစ်ဆင့်ထက်တစ်ဆင့် မြင့်မားတိုးတက်ပါစေကြောင်း။
မြန်မာ့အလင်း
No comments