ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ပိဋကတ်ဘာသာပြန် စာတည်းကော်မတီအဖွဲ့နှင့်တွေ့ဆုံ
ရန်ကုန်
ဖေဖော်ဝါရီ ၁၇
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ယမန်နေ့က ရန်ကုန်မြို့၊
မရမ်းကုန်းမြို့နယ် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
(ရန်ကုန်ရုံးခွဲ) အစည်းအဝေးခန်းမ၌ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊
ပြည်ပသာသနာပြုဌာနခွဲ(ရန်ကုန်)မှ ကျမ်းစာအုပ်များကို Soft Copy ရရှိရေး ဆောင်ရွက်လျက်ရှိကြသော သာသနာပြုရဟန်းတော်များ၊
၁၉၈၀ ခုနှစ်ကတည်းက အင်္ဂလိပ်ဘာသာ ပြန်ဆိုခဲ့ကြသည့် ပိဋကတ်တော်ကျမ်းများကို ပြန်လည်စိစစ်တည်းဖြတ်လျက်ရှိကြသော
ပိဋကတ်ဘာသာပြန် စာတည်းကော်မတီအဖွဲ့နှင့်တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အင်္ဂလိပ်ဘာသာ ပြန်ဆိုရန် ကျမ်း ၅၃ ကျမ်းအနက် ဘာသာပြန်ပြီး
ကျမ်း ၄၆ ကျမ်းမှာ ၂၈ ကျမ်းကို ယခင်က ပုံနှိပ်ထုတ်ဝေနိုင်ခဲ့ကြောင်း၊ ယခု ကျမ်း ၈
ကျမ်းကို ထပ်မံစိစစ်တည်းဖြတ်ပြီးဖြစ်၍ စုစုပေါင်း ကျမ်း ၃၆ ကျမ်း
ဘာသာပြန်ဆိုပြီးဖြစ်ကြောင်း၊ ဘာသာပြန်ဆိုရန်ကျန်ရှိသည့် ကျမ်း ၇ ကျမ်းကို
တက္ကသိုလ်လေးခုမှ ဘာသာပြန်ဆိုပေးနိုင်ရေး ဇန်နဝါရီ ၂၃ ရက်တွင်
နေပြည်တော်၌ ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပြီး
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)က ပေဋကောပဒေသကျမ်းနှင့် ကထာဝတ္ထုကျမ်းကိုလည်းကောင်း၊ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် (မန္တလေး)က နေတ္ထိကျမ်းနှင့် ဇာတကကျမ်း (ဒုတိယတွဲ) အပြင် ဘာသာပြန်ဆိုပြီးဖြစ်သည့် ယမိုက်ကျမ်းတွင် ထပ်မံဖြည့်စွက်ရန် လိုအပ်လျက်ရှိသော အထက်ကျမ်း၏ အပိုင်း(၄)ပိုင်းကိုလည်းကောင်း၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်က စူဠနိဒေသကျမ်းနှင့် မဟာနိဒေသကျမ်းကို လည်းကောင်း၊ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်က ပရိဝါရကျမ်းနှင့် ဇာတကကျမ်း (ပထမတွဲ) တို့ကိုလည်းကောင်း
ဘာသာပြန်ဆိုရန် ခွဲဝေခဲ့ကြပါကြောင်း၊ ပိဋကတ် ဘာသာပြန်ဆိုသည့် လုပ်ငန်းစဉ် ၅ ရပ်
အောင်မြင်စွာ ပြီးမြောက်နိုင်ရန်အတွက် လိုအပ်ချက်များအားလုံးကို
ကူညီဖြည့်ဆည်းသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက်
သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပိဋကတ်ဘာသာပြန်လုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာ
အခြေအနေနှင့်ပတ်သက်၍ ပိဋကသုံးပုံ ပါဠိတော်ကျမ်းများ အင်္ဂလိပ်ဘာသာပြန်ဆို ထုတ်ဝေပြီးစီးမှုနှင့်
ဆောင်ရွက်ဆဲအခြေအနေကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက်
အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဆရာတော်များနှင့် ပိဋကတ်ဘာသာပြန်စာတည်းကော်မတီမှ ဆရာကြီး/ဆရာမကြီးများက တက္ကသိုလ်လေးခုသို့ ခွဲဝေဘာသာ ပြန်ဆိုမည့် ကျမ်း ၇ ကျမ်းကို အချိန်မီပြီးစီးနိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးကြခဲ့သည်။
ဆွေးနွေးမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြီး အစည်းအဝေးတက်ရောက်လာကြသည့်
ဆရာတော်များနှင့် ပိဋကတ် ဘာသာပြန် စာတည်းကော်မတီမှ ပညာရှင်ဆရာကြီး/ ဆရာမကြီးများကို အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းချီးမြှင့်ခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments