ယူအေအီးနိုင်ငံတွင် အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူတစ်ဦးအား ပြန်လည်ခေါ်ဆောင်ပေး
ရန်ကုန် ဖေဖော်ဝါရီ
၁၇
နိုင်ငံတော်အစိုးရအနေဖြင့်
ပြည်ပတွင်ရောက်ရှိနေသည့် အမိနိုင်ငံသားများ အခက်အခဲ ကြုံတွေ့နေရပါက
နိုင်ငံသားများအပေါ် အလေးအနက် တန်ဖိုးထားသည့်အနေဖြင့် မည်သို့သော အခြေအနေနှင့်
တွေ့ကြုံနေရသည်ဖြစ်စေ ကောင်စစ်ဝန်ချုပ်ရုံးနှင့် မြန်မာသံရုံးတို့သည် သက်ဆိုင်ရာ
သံရုံးများနှင့်ချိတ်ဆက်၍ နိုင်ငံသားများ မြန်မာနိုင်ငံသို့ အေးချမ်းလုံခြုံစွာ
အမြန်ဆုံး ပြန်လည်ရောက်ရှိနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ
ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့တွင် အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့နေရသည့်
မြန်မာနိုင်ငံသူ မအိသန္တာအောင်အား မြန်မာနိုင်ငံသို့ အမြန်ဆုံး ပြန်လည်ပို့ဆောင်နိုင်ရန်
ကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် ဒူဘိုင်းမြို့ရှိ အာဏာပိုင်များနှင့် ညှိုနှိုင်းကူညီ
ဆောင်ရွက်ပေးခဲ့ပြီး ဖေဖော်ဝါရီ ၁၆ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၅ မိနစ်တွင် ယူအေအီးနိုင်ငံ၊
ဒူဘိုင်းမြို့မှ မတ်စကတ် - ဘန်ကောက် - ရန်ကုန် လေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာခဲ့ရာ
ဖေဖော်ဝါရီ ၁၇ ရက် နံနက် ၁၂ နာရီ ၁၅ မိနစ်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။
နိုင်ငံတော်အစိုးရအနေဖြင့်
ပြည်ပတွင်အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့ရသည့် မြန်မာနိုင်ငံသားများအား
ကောင်စစ်ဝန်ချုပ်ရုံးနှင့် မြန်မာသံရုံးတို့၏ ညှိနှိုင်းကူညီဆောင်ရွက်မှုဖြင့်
အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးလျက်ရှိရာ ယခုကဲ့သို့ အမိနိုင်ငံသားများ
အတိဒုက္ခကြုံတွေ့နေရစဉ် ကူညီကယ်တင်ပေးမှုအား အလုပ်သမားနှင့် မိဘဆွေမျိုးများက
နိုင်ငံတော်အစိုးရ၊ ကောင်စစ်ဝန်ချုပ်ရုံးနှင့် မြန်မာသံရုံးတို့အား လှိုက်လှဲစွာ
အထူးကျေးဇူးတင်လျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ- ကနူး
ညိမ်းသူ(သတင်းစဉ်)

No comments