နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်(ကြည်း)တိုက်ခိုက်ရေးကျောင်း(ဗထူး)မှ သင်တန်းသားအရာရှိများအား တွေ့ဆုံအမှာစကားပြောကြား




နေပြည်တော် ဖေဖော်ဝါရီ ၂၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း(ဗထူး)မှ သင်တန်းသားအရာရှိများအား အဆိုပါ သင်တန်းကျောင်း အောင်ဆန်းခန်းမ၌ တွေ့ဆုံ အမှာစကားပြောကြားသည်။


အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တို့မှ တိုင်းမှူးများ၊ ဗထူးတပ်နယ်မှ တာဝန်ရှိသူများ၊ တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း(ဗထူး)မှ နည်းပြများနှင့် သင်တန်းသားအရာရှိများ တက်ရောက်ကြသည်။


နိုင်ငံတော်၏ ခေတ်အဆက်ဆက်နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုနှင့်

တပ်မတော်၏ နိုင်ငံ့အရေးထမ်းဆောင်မှု

ထိုသို့ တွေ့ဆုံအမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေ အနေများ၊ နိုင်ငံတော် ဖြစ်တည်မှု ပထဝီမြေအနေအထားအရ လုံခြုံရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် တပ်မတော် အနေဖြင့် ခေတ်အဆက်ဆက်တွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ် အခြာအာဏာတည်တံ့ခိုင်မြဲရေး တာဝန်များကို တစိုက်မတ်မတ် ထမ်းဆောင်ခဲ့သည့်အခြေအနေများ၊ နိုင်ငံတော်တွင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားလျက်ရှိသည့် ပါတီစုံဒီမိုကရေစီစနစ်ကိုလျှောက်လှမ်းနိုင်ရေး တပ်မတော်မှ ဦးဆောင်ခဲ့ သည့် အခြေအနေများနှင့် ၂၀၁၁ ခုနှစ်မှစ၍ ပါတီစုံ ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းခဲ့သည့် အခြေ အနေများ၊ ဒီမိုကရေစီအစိုးရသက်တမ်း ၂ ခုတွင် တပ်မတော်အနေဖြင့် ကျရာတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီး လိုအပ်သည်များကိုလည်း အကြံပြုခဲ့သည့်အခြေအနေများ၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့သည့် အခြေအနေများနှင့် အဆိုပါ မဲမသမာမှုများကို ဖြေရှင်း ဆောင်ရွက်ပေးခြင်းမရှိခဲ့သည့်အပြင် လွှတ်တော်ခေါ်ယူ၍ နိုင်ငံတော်၏အာဏာကို အတင်းအဓမ္မရယူရန် လုပ်ဆောင် လာခဲ့သောကြောင့် ဖြစ်ပေါ်လာသည့် အခြေအနေများ အရ နိုင်ငံတော်ကို နိုင်ငံရေးအရ အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး တပ်မတော်မှနိုင်ငံ့တာဝန်များကို ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ ထမ်းဆောင်ခဲ့ရသည့် အခြေအနေများနှင့် ပတ်သက်၍ ဦးစွာအကျယ်တဝင့် ရှင်းလင်းပြောကြားသည်။


လွတ်လပ်၍ တရားမျှတပြီး သိက္ခာရှိသည့်

ရွေးကောက်ပွဲတစ်ရပ် ကျင်းပပေးနိုင်ရေး

ဆက်လက်ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အန္တိမရည်မှန်းချက်ဖြစ်သည့် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်ရေး လူဦးရေနှင့် အိမ်အကြောင်း အရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းအပါအဝင် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက် ရှိကြောင်း၊ မဲမသမာမှုဖြစ်ရပ်များကြောင့် တာဝန်ယူခဲ့ရသည့် အစိုးရဖြစ်သဖြင့် လွတ်လပ်၍ တရားမျှတပြီး သိက္ခာရှိသည့် ရွေးကောက်ပွဲတစ်ရပ်ကို မဖြစ်မနေဖော်ဆောင်ပေးရမည်ဖြစ်ပြီး မိမိတို့အနေဖြင့် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတစ်ရပ် အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် နိုင်ငံအတွင်း လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းမှု ပိုမိုရရှိရန်လိုအပ်မည်ဖြစ်သဖြင့် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း။


အခြေခံစိတ်ဓာတ်ကောင်းများဖြင့် ပေးအပ်လာသည့် တာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ရမည်

တပ်မတော်ပိုင်းနှင့်ပတ်သက်၍ တပ်မတော် သားများသည် မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မျှမပါရှိဘဲ နိုင်ငံတော်ကာကွယ်ရေး နှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်မည်ဟူသည့် မွန်မြတ်သည့်စိတ်ဓာတ်များဖြင့် တပ်မတော်အတွင်း သို့ ဝင်ရောက်ခဲ့ကြသူများပင်ဖြစ်ကြောင်း၊ ထိုကဲ့သို့ သော အခြေခံစိတ်ဓာတ်ကောင်းများကို ဆက်လက် ထိန်းသိမ်းပြီး နိုင်ငံတော်နှင့် တပ်မတော်မှပေးအပ် လာသောတာဝန်များကို ဂုဏ်ယူစွာဖြင့် ဆက်လက် ထမ်းဆောင်သွားကြရမည်ဖြစ်ကြောင်း၊ တာဝန်များကို ထမ်းဆောင်ရာ၌ မိမိတို့အားပေးအပ်လာသည့် တာဝန်များကို စွမ်းရည်သတ္တိအပြည့်ဖြင့် အောင်မြင်အောင်ထမ်းဆောင်ကြရန်လိုပြီး စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာအရ ကျန်းမာကြံ့ခိုင်မှု ရှိရန်၊ ဇွဲ၊ လုံ့လ၊ ဝီရိယအပြည့်ဖြင့် တာဝန်ထမ်းဆောင်ကြရန် လိုကြောင်း၊ ယခုကဲ့သို့ သင်တန်းများမှ သင်ကြား ပို့ချပေးသည့် စစ်နည်းဗျူဟာများ၊ စစ်အခြေခံသဘောတရားများကို အမှန်တကယ်သိရှိနားလည် တတ်ကျွမ်းမှုရှိ အောင် သင်ယူလေ့လာသွားကြရန်လိုပြီး လက်တွေ့စစ်မြေပြင်တွင် အကျိုးရှိရှိအသုံး ချနိုင်ရမည်ဖြစ်ကြောင်း၊ စိတ်ဓာတ်ကြံ့ခိုင်မှုရှိပါက လုပ်ငန်းများကို ရာနှုန်းပြည့်အောင်မြင်အောင် ထမ်းဆောင်နိုင်မည်ဖြစ်ပြီး တစ်ဦးချင်း စိတ်ဓာတ်ခိုင်မာမှုရှိစေရေး၊ ကြံ့ခိုင်မှုရှိစေရေး ယုံကြည်ချက်၊ ခံယူချက်ကောင်းစွာဖြင့် နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်သွားကြရန်လိုကြောင်း၊ သင်တန်းသားအရာရှိများအနေဖြင့် တစ်ဦးချင်းစီ အလိုက် ရည်မှန်းချက်များကိုယ်စီရှိကြမည်ဖြစ်ပြီး မိမိတို့၏ရည်မှန်းချက်များ အောင်မြင်မှုရှိစေရေး၊ မပျောက်ပျက်စေရေး မလျှော့သော ဇွဲ၊ လုံ့လများဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုကြောင်း၊ ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်သဖြင့် ပြောင်းလဲတိုးတက်နေသည့် နည်းပညာရပ် များ၊ စစ်နည်းဗျူဟာများကို မျက်ခြည်မပြတ် သိရှိနေစေရေး စဉ်ဆက်မပြတ်သည့် လေ့လာဆည်းပူးမှုများကို ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ခိုင်မာ တည်ကြည်သည့်စိတ်ဓာတ်များဖြင့် မိမိကိုယ်ကိုထိန်းသိမ်း၍ ရည်မှန်းချက်များ အောင်မြင်မှုရရှိအောင် ဆက်လက် ဆောင်ရွက်သွားကြရန်လိုကြောင်း။


အမြဲမပြတ်လေ့လာ

ခေါင်းဆောင်မှုအပိုင်းနှင့် ပတ်သက်၍ ခေါင်းဆောင်မှုအင်္ဂါရပ် ၁၆ ချက်နှင့် မိမိကိုယ်ကို ချိန်ထိုးသုံးသပ်ကာ ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်သွား ရန်လိုကြောင်း၊ စဉ်းစားတွေးခေါ်မှုနှင့် အသိပညာများ ပြည့်စုံမှသာလျှင် ခေါင်းဆောင်ကောင်းဖြစ်နိုင်မည် ဖြစ်ပြီး မိမိဦးဆောင်ရသည့်အဖွဲ့အစည်း၏ လုပ်ငန်း ဆောင်ရွက်မှုများအောင်မြင်မှုရှိစေရေး အဘက်ဘက်မှ စဉ်းစားတွေးခေါ်သုံးသပ်၍ ဦးဆောင်ကွပ်ကဲ ဆောင်ရွက်သွားရန်လိုကြောင်း၊ ခေါင်းဆောင်များ၏ တာဝန်ဝတ္တရားများသည် အလွန်ကျယ်ပြန့်သည့်အတွက် တာဝန်ထမ်းဆောင်ရာတွင် စနစ်ကျနမှုရှိရန်လိုပြီး အမြဲမပြတ်လေ့လာနေရမည်ဖြစ်ကြောင်း၊ ခေါင်းဆောင်များ အနေဖြင့် မိမိတို့ကွပ်ကဲရသည့် တပ်နှင့် စစ်သည်များ၏ လူမှုစီးပွားဘဝမြင့်မားစေရေး၊ မှန်ကန်သည့် လမ်းကြောင်း ပေါ်သို့ရောက်ရှိ စေရေး လမ်းညွှန်ပြသနိုင်ရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် မိမိကိုယ်တိုင် သိသင့် သိထိုက်သည်များကို ဖတ်မှတ်လေ့လာနေရန် လိုအပ် သကဲ့သို့ မိမိလက်အောက်ကိုလည်း အသိပညာ တိုးပွားစေရေး စာပေလေ့လာဖတ်ရှုမှုများကို ဆောင်ရွက်စေရန်လိုကြောင်း၊ အသိပညာ အတတ်ပညာများရှိမှသာလျှင် မိမိတို့ လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာ၌ အထောက်အကူပြုနိုင်မည်ဖြစ်ပြီး အသိပညာ၊ အတတ်ပညာဖြင့်မိမိတို့၏ ခေါင်းဆောင်မှုတန်ဖိုးများ ရရှိကြစေလိုကြောင်း။


လေ့ကျင့်ရေး

တပ်တည်ဆောက်ရေး လုပ်ငန်းရပ်များဖြစ်သည့် လေ့ကျင့်ရေး၊ အုပ်ချုပ်ရေး၊ သက်သာချောင်ချိရေးနှင့် စိတ်ဓာတ် တို့သည် တစ်ခုနှင့်တစ်ခု ဆက်စပ်လျက် ရှိကြောင်း၊ လေ့ကျင့်ရေးပိုင်းနှင့်ပတ်သက်၍ မိမိတို့ နေ့စဉ်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို မှန်မှန်ကန်ကန်ဆောင်ရွက်ခြင်းသည် လေ့ကျင့်ရေးဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း၊ စစ်သည်တစ်ဦး ချင်းစီအလိုက် သင်ကြားပေးထားသည့် အခြေခံ စစ်ပညာများကို မှန်ကန်စွာအသုံးချနိုင်ရေး၊ ကိုင်ဆောင်ရသည့်လက်နက်ခဲယမ်းများကို အကျိုးရှိထိရောက်စွာ ကိုင်တွယ်အသုံးချနိုင်ရေးအတွက် လေ့ကျင့်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ နေ့စဉ်၊ အပတ်စဉ်၊ လစဉ်လုပ်ဆောင်ရမည့် ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများကို တစ်ဦးချင်းစီအလိုက်၊ အဖွဲ့အလိုက် မှန်မှန်ကန်ကန် လုပ်ဆောင်စေရေး အတွက်လည်း ကွပ်ကဲကြပ်မတ်ဆောင်ရွက်သွားရန် လိုကြောင်း၊ လေ့ကျင့်ရေးပိုင်းနှင့် ပတ်သက်လာပါက စစ်သား ကောင်းတစ်ယောက်ပီသအောင် နေထိုင်ကျင့်ကြံ လေ့ကျင့်ခြင်းဖြင့် မိမိကိုယ်ကိုနှင့် မိမိအဖွဲ့အစည်းကို အရည်အသွေး တိုးတက်လာအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။


အုပ်ချုပ်ရေး

အုပ်ချုပ်ရေးပိုင်းနှင့်ပတ်သက်၍ ညီညွတ်မျှတသည့် အုပ်ချုပ်ရေးစနစ်ရှိရန်လိုကြောင်း၊ စစ်သည်တိုင်း တစ်ဦးချင်း စစ်စည်းကမ်းကောင်းမွန်ပြီး အုပ်ချုပ်ထောက်ပံ့မှုများ ကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်မည်ဆိုပါက စိတ်ဓာတ် ပိုင်းဆိုင်ရာများသည်လည်း ကောင်းမွန်ခိုင်မြဲလာမည် ဖြစ်သဖြင့် အုပ်ချုပ်မှုညီညွတ်မျှတကောင်းမွန်ရေး ကို အလေးထားလိုက်နာဆောင်ရွက်သွားရန်လိုကြောင်း၊ ကွပ်ကဲအုပ်ချုပ်ရသူများအနေဖြင့် ဆက်ဆံရေးကောင်းမွန် ရန်လိုပြီး မိမိတို့ကွပ်ကဲ အုပ်ချုပ်ရသည့် အရာရှိ၊ စစ်သည်များအပေါ် တပ်မှူး ကောင်းသဖွယ်၊ မိဘသဖွယ်စိတ်ထား၍ စိတ်ရင်းစေတနာကောင်းဖြင့် ကွပ်ကဲအုပ်ချုပ်သွားရန် လိုကြောင်း၊ စစ်သည်တစ်ဦးတစ်ယောက်ချင်းစီ၏ သဘော သဘာဝကိုသိရှိပြီး လူမှန်နေရာမှန်တာဝန်ပေးအပ်နိုင်ခြင်းဖြင့် လုပ်ငန်းများကို အောင်မြင် အောင် ဦးဆောင်နိုင်စွမ်း ရှိရမည်ဖြစ်ကြောင်း။


သက်သာချောင်ချိရေး

သက်သာချောင်ချိရေးနှင့် ပတ်သက်၍ တပ်မတော် ဖြည့်ဆည်းဆောင်ရွက်ပေးထားသည့် သက်သာချောင်ချိရေးနှင့် မိမိတို့ကိုယ်ကို ထိန်းထိန်းသိမ်းသိမ်းနေထိုင်ခြင်းဖြင့်လည်း တစ်ဦးချင်း သက်သာချောင်ချိရေးကို ဖော်ဆောင်ပေး နိုင်မည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် စစ်သည်အဆင့်အတန်းအားလုံးကို အဆင့်အလိုက်လျော်ညီ သည့် ရပိုင်ခွင့်များ၊ ခံစားခွင့်များပေးထားပြီးဖြစ်ကြောင်း၊ ကွပ်ကဲအုပ်ချုပ်ရသူများအနေဖြင့် စစ်သည်အဆင့်အတန်း အားလုံး၏ ရသင့်ရထိုက်သည်များကို မှန်မှန်ကန်ကန်နှင့် ပြည့်ပြည့်ဝဝရရှိအောင် ကြပ်မတ်ကွပ်ကဲရမည်ဖြစ်ကြောင်း၊ ၎င်းတို့၏ ကိုယ်ရေးကိုယ်တာအခက်အခဲ၊ အကျပ်အတည်း များကိုလည်း တတ်နိုင်သည့်ဘက်မှ ဖြည့်ဆည်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ စစ်သည်တစ်ဦး ချင်းအနေဖြင့်လည်း မိမိကိုယ်ကို အကျိုးမဖြစ်စေနိုင် သည့် အသောက်အစား၊ အပျော်အပါးနှင့် အစားအသောက်များကို ကိုယ်စီအသိစိတ်ဖြင့် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက် သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ မိမိတို့ရရှိသည့် ဝင်ငွေနှင့် ထွက်ငွေကို မျှတအောင်သုံးစွဲခြင်းဖြင့် တစ်ဦးချင်း သက်သာချောင်ချိမှုကို ဖန်တီးနိုင်မည်ဖြစ်ကြောင်း၊ တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်စေခြင်းသည် အကျိုးအမြတ်အတွက် အဓိကမဟုတ်ဘဲ တပ်မိသားစု ဝင်များအားလုံး အသား၊ ငါးနှင့် ဥအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းသက်သာစွာဖြင့် ပြည့်ဝစွာစားသုံးနိုင်ရေးအတွက် ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်၍ အရာရှိ၊ စစ်သည်၊ မိသားစု ဝင်များ၏ သက်သာချောင်ချိရေးကို ဖော်ဆောင်ပေး နိုင်ရမည်ဖြစ်ကြောင်း။


ထိန်းသိမ်းတည့်မတ်ရန်လို

စစ်သည်များ၊ အရာရှိများအနေဖြင့် ကောင်းမွန်ခိုင်မာသည့်စိတ်ဓာတ်များ ရှိစေရေးအတွက် ကောင်းမွန်သည့် ခေါင်းဆောင်မှုဖြင့် တည်ဆောက်သွားကြရန်လိုကြောင်း၊ အဆင့်ဆင့်သော ခေါင်းဆောင်များကိုယ်တိုင်က စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်မှသာလျှင် စစ်သည်တစ်ဦးချင်းစီအလိုက် စိတ်ဓာတ်၊ စည်းကမ်းများ ကောင်းမွန်လာပြီး တိုက်စွမ်းရည်၊ တိုက်စွမ်းအား ကောင်းမွန်သည့်တပ်များ ဖြစ်လာမည်ဖြစ်ကြောင်း၊ စစ်သည်တစ်ဦးချင်း၏ အခြေခံ စိတ်နေသဘောထားများကို သိရှိနေမှသာလျှင် လူမှန်နေရာမှန် တာဝန်ပေးအပ်နိုင်မည်ဖြစ်ပြီး ၎င်းတို့၏ အားနည်းချက်၊ လိုအပ်ချက်များကိုလည်း မြှင့်တင်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ ၎င်းတို့၏ လူနေမှုဘဝ မြှင့်တင်ရေးနှင့် စည်းကမ်းစနစ်တကျ နေထိုင်သွားလာစားသောက်မှု ဖြစ်စေရေးအတွက် အနီးကပ်ကွပ်ကဲနေရသည့် တပ်မှူးများက ဂရုတစိုက်ဖြင့် ထိန်းသိမ်းတည့်မတ်ပေးရန် လိုအပ်မည်ဖြစ်ပြီး နေ့စဉ်ဆောင်ရွက်ရမည့် လုပ်ငန်း တာဝန်များကို မှန်မှန်ကန်ကန်ဆောင်ရွက်စေရမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် ယနေ့တွေ့ဆုံပွဲတွင် တပ်မတော်သား ဘဝဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများ၊ တာဝန်ထမ်းဆောင်ခဲ့မှုများ၊ ဖတ်မှတ်လေ့လာခဲ့သည့် အသိအမြင်များ နှင့်တကွ အကျယ်တဝင့်ဆွေးနွေးပြောကြားခဲ့ခြင်း ဖြစ်ကြောင်း၊ သင်တန်းသားအရာရှိများအနေဖြင့် ဘဝဖြတ်သန်းမှု တစ်လျှောက်တွင် ကောင်းမွန်သည့် အထောက် အပံ့ကောင်းများရရှိနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။


တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များ သည် တက်ရောက်လာကြသည့် သင်တန်းသားအရာရှိများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။


ထို့ပြင် ဖေဖော်ဝါရီ ၂၀ ရက် မွန်းလွဲပိုင်းတွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား တပ်မတော်(ကြည်း)တိုက်ခိုက်ရေးကျောင်း(ဗထူး) အစည်းအဝေးခန်းမ၌ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးက အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်၏ စစ်ဦးစီး၊ စစ်ရေးနှင့် စစ်ထောက်ဆိုင်ရာ ဆောင်ရွက်ထားရှိမှု၊ တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း လုံခြုံရေး၊ နယ်မြေစိုးမိုးရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေမှု၊ ပညာရေး၊ ကျန်းမာရေးနှင့် သက်သာချောင်ချိရေး ဆောင်ရွက် ပေးနိုင်မှုအခြေအနေများကို လည်းကောင်း၊ တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း(ဗထူး) ကျောင်းအုပ်ကြီးက လေ့ကျင့်ရေးဆိုင်ရာ တာဝန် ထမ်းဆောင်နိုင်မှု၊ တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှုနှင့် သက်သာ ချောင်ချိရေးဆောင်ရွက်ပေးနိုင်မှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။  


ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လုံခြုံရေးပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ နယ်မြေခံတပ်များအနေဖြင့် အရပ်ဘက်အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ လုံခြုံရေးနှင့် ပတ်သက်ပါက လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ပြီး မိမိတို့တာဝန် ထမ်းဆောင်ရသည့်နယ်မြေဒေသအလိုက် ဒေသနှင့် ဒေသခံများ၏ အကျိုးစီးပွားများ မထိခိုက်အောင် အထူးဂရုပြုဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လုံခြုံရေးသည် တစ်ဦးချင်း ဆောင်ရွက်၍ ရနိုင်သည့်ကိစ္စရပ်ဖြစ်ပြီး ကာကွယ်ရေးသည် ကြီးကြပ်ကွပ်ကဲသူများက ရေရှည်စီမံချက်များ၊ ကြိုတင်မျှော်တွေးခြင်းများ၊ ပေါင်းစပ်ညှိနှိုင်းခြင်းများဖြင့် ဆောင်ရွက်ရသည့် ကိစ္စရပ်ဖြစ်ကြောင်း၊ မိမိတို့ တာဝန် ထမ်းဆောင်ရသည့် ဒေသတွင်းလုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရာတွင် အမျိုးသားအကျိုး စီးပွားကို ထိခိုက်စေနိုင်သည်မှန်သမျှကို ကာကွယ်နိုင်ရေး အမြင်ကျယ်ကျယ်ဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ မူးယစ်ဆေးဝါး နှင့်ပတ်သက်၍ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ သယ်ဆောင်ဖြန့်ဖြူးခြင်းဟူ၍ရှိပြီး ကွင်းဆက် များကို ဖိဖိစီးစီးဖြင့် ဖော်ထုတ်နှိမ်နင်းသွားရန်လိုကြောင်း၊ ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးများ ထုတ်လုပ်ခြင်း မရှိစေရေး သက်ဆိုင်ရာနယ်မြေအလိုက် တာဝန်ရှိသူများအနေဖြင့် အလေးထား ကြပ်မတ်ဆောင်ရွက်သွားရန် လိုကြောင်း၊ အကြမ်းဖက်သမားများအနေဖြင့် မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းမှ ရရှိလာသည့် အရင်းအမြစ်များဖြင့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေကြခြင်းဖြစ်သဖြင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်လာပါက ပြတ်ပြတ် သားသား နှိမ်နင်းဆောင်ရွက်သွားကြရန် လိုကြောင်းနှင့် အခြားလိုအပ်သည်များ လမ်းညွှန်မှာကြားသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဗထူး တပ်နယ်အတွင်း မော်တော်ယာဉ်များဖြင့်လှည့်လည်၍ တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း(ဗထူး)ရှိ သင်တန်းသား ရေကူးကန်နှင့် ဗထူးစမ်းထိန်းသိမ်းထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်



No comments

Powered by Blogger.