လုံ့လဝီရိယစိုက်ထုတ်ကြိုးပမ်း ကုန်ထုတ်စွမ်းအား မြင့်မားအောင်စွမ်းဆောင်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်
တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ကို အမျိုးသားရေး လုပ်ငန်းစဉ်အဖြစ်
မျှော်မှန်းဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံတစ်ဝန်း မြို့ပြ ကျေးရွာများရှိ
ပြည်သူများ၏ လူမှုစီးပွားဘဝများ တည်ငြိမ်အေးချမ်းစေရေး၊ ပညာသင်ကြားနိုင်ရေး၊
ပြည်တွင်းရှိ ရေ၊ မြေ၊ လုပ်အားအရင်းအမြစ် များကို အသုံးချကာ စိုက်ပျိုးမွေးမြူ
ကုန်ထုတ်လုပ်မှုများ မြင့်မား ရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
မိမိတို့နိုင်ငံ၏ လူဦးရေ
သုံးပုံနှစ်ပုံခန့်မှာ ကျေးလက်ဒေသများ တွင် နေထိုင်ပြီး အဓိကစီးပွားရေးအဖြစ်
စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို တိုက်ရိုက်အားဖြင့်လည်းကောင်း၊
ဆက်စပ်၍ သော်လည်းကောင်း ဆောင်ရွက်အသက်မွေးနေကြခြင်းဖြစ်သည်။ စားရေရိက္ခာ ဖူလုံရေးအတွက်
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းစွာဆောင်ရွက်နိုင်သည့်
ရေမြေသယံဇာတများ ပေါများပြီး လူသားအရင်းအမြစ်များလည်း ရှိပြီးဖြစ်သည့်တိုင်
ထုတ်လုပ်နိုင်စွမ်းအားနည်းခြင်းကြောင့် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းကို
ဖြစ်ပေါ်စေခြင်း၊ အချို့တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ရိက္ခာ ဖူလုံမှုမရှိခြင်းတို့
ဖြစ်ပေါ်နေသည်။ ထုတ်လုပ်နိုင်စွမ်းအားနည်းခြင်း၊ ရိက္ခာမဖူလုံရခြင်း၏
အကြောင်းများတွင် စိုက်ပျိုးသီးနှံများ တစ်ဧကအထွက်နှုန်း တိုးတက်စေရန်
ကြိုးပမ်းဆောင်ရွက်မှု၊ သီးထပ်စိုက်ပျိုးမှုတို့ အားနည်းခြင်း၊ စိုက်ပျိုးရန်
အခြေခံရေသယံဇာတများ အလုံအလောက် ရှိသော်လည်း စိုက်ပျိုးရေရရှိအောင်
ဆောင်ရွက်မှုမရှိခြင်း၊ ခေတ်မီစိုက်ပျိုးနည်းစနစ်များကို လိုက်ပါ
ဆောင်ရွက်မှုမရှိခြင်း စသည်တို့ပါဝင်နေရာ လုံ့လဝီရိယနှင့် ကြိုးပမ်းအားထုတ်မှုတို့
လိုအပ်နေခြင်းကြောင့်ပင် ဖြစ်သည်။
စိုက်ပျိုးမြေသယံဇာတများကို
အကျိုးရှိစွာအသုံးချကာ တစ်နှစ်ပတ်လုံး လူမအား မြေမနား စဉ်ဆက် မပြတ်
စိုက်ပျိုးမွေးမြူ ထုတ်လုပ်နေခြင်းအားဖြင့် ကုန်ထုတ်စွမ်းအား မြင့်မားလာမည်
ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ခြင်းဖြင့်
ကုန်ထုတ်လုပ်မှုများကို ပိုမိုဆောင်ရွက်နိုင်ပြီး ထွက်ရှိလာသည့်
ကုန်ကြမ်းပစ္စည်းများအပေါ်မူတည်၍ ပြည်တွင်း စားသုံးမှုနှင့် ပြည်ပပို့ကုန်များ
တိုးတက်ရရှိလာမည်ဖြစ်သည်။ လက်ရှိအခြေအနေတွင် စိုက်ပျိုးမွေးမြူ ထုတ်ကုန်များကို
ပြည်ပဈေးကွက်များသို့ တင်ပို့ရာတွင် အများအားဖြင့် ကုန်ကြမ်းအတိုင်း
တင်ပို့နေခြင်းဖြစ်ရာ ဈေးနှုန်းအားဖြင့် ရသင့်ရထိုက်သလောက် မရရှိနိုင်ကြောင်း
တွေ့ရှိရသည်။ ပြည်တွင်း စိုက်ပျိုးမွေးမြူလုပ်ငန်း များမှရရှိသည့်
ကုန်ကြမ်းများကိုအခြေခံ၍ ကုန်ထုတ်လုပ်ငန်းများ ထူထောင်လုပ်ကိုင်ခြင်းဖြင့်
ရရှိသောကုန်ချောများကို တင်ပို့ရောင်းချခြင်းအားဖြင့် ပြည်တွင်း ကုန်ထုတ်လုပ်မှုကဏ္ဍ
ပိုမိုတိုးတက်လာမည်ဖြစ်ပြီး ပြည်ပဝင်ငွေ တိုးတက်ရရှိလာနိုင်မည်ဖြစ်သည်။
ကုန်ချောထုတ်လုပ်ရာတွင် အသေးစား၊
အငယ်စား၊ အလတ် စား စီးပွားရေးလုပ်ငန်း (MSME) များသည် တိုင်းပြည်၏ အဓိက
မောင်းနှင်အားပင်ဖြစ်ပြီး ပြည်တွင်းမှရရှိနိုင်သည့် ကုန်ကြမ်းများဖြင့်
စဉ်ဆက်မပြတ် လည်ပတ်ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်သွားကြရမည်ဖြစ်သည်။
မိမိတို့နိုင်ငံတွင် ပြီးခဲ့သည့်ကာလအတွင်း ကုန်ထုတ်လုပ်မှုကဏ္ဍအပိုင်းတွင်
အားစိုက်ထုတ်မှု နည်းပါးခဲ့ရာ ကိုယ့်နိုင်ငံ ကုန်ကြမ်းဖြင့် ကိုယ့်ဘာသာ
ထုတ်လုပ်နိုင်သည့် လူသုံး၊ အိမ်သုံး၊ စားသုံးကုန်ပစ္စည်းတို့ကိုပင်
အိမ်နီးချင်းနိုင်ငံတို့မှ တင်သွင်းစားသုံး ကြရသည်။ နည်းပညာအားဖြင့် မြင့်မားသည့်
ပစ္စည်းမျိုးမဟုတ်သည့်အပြင် အချို့ဆိုလျှင် မိမိနိုင်ငံတွင်
ပို၍အရည်အသွေးကောင်းမွန်စွာ ထုတ်လုပ်နိုင်သည့် ပစ္စည်းမျိုးကို
ဝယ်ယူစားသုံးနေရခြင်းမှာ နိုင်ငံအတွက် ဆုံးရှုံးနစ်နာမှုကို ဖြစ်ပေါ်စေသည်။
ပြည်ပသို့ ကုန်ကြမ်းများ တင်ပို့ရောင်းချပြီး ထိုကုန်ကြမ်းဖြင့် ထုတ်လုပ်သည့်
ကုန်ချောကို ပြန်လည်ဝယ်ယူမည့်အစား အဆင့်မီကုန်ချောကို ပြည်တွင်း၌ပင် ထုတ်လုပ်၍
ပြည်ပဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရန် ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
တာဝန်ယူရသည့်အချိန်အတွင်း ပြည်ပသွင်းကုန်အစားထိုးရေး၊ ပြည်တွင်းကုန်ထုတ်လုပ်မှု
မြှင့်တင်ရေး၊ ပြည်တွင်းမှ ပိုလျှံသည်တို့ကို ပြည်ပသို့ တင်ပို့နိုင်ရေးအတွက် MSME
လုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိသည်။ နိုင်ငံအနေဖြင့် ရေ၊ မြေ၊ သဘာဝ သယံဇာတတို့
မည်မျှပြည့်စုံ ကြွယ်ဝပါစေ အဓိကဖန်တီးလုပ်ကိုင်ရသည့် လူသားအရင်းအမြစ်က
အကျိုးဖြစ်ထွန်းအောင် လုပ်ဆောင်နိုင်မှသာ ကြွယ်ဝချမ်းသာနိုင်မည်ဖြစ်သည်။
ကိုယ့်နိုင်ငံ၏ ရေမြေသယံဇာတနှင့် ကွာခြားခြင်းမရှိသော ဒေသတွင်းနိုင်ငံများ၏
ဂျီဒီပီနှင့် နှိုင်းယှဉ်လျှင် မိမိတို့ နိုင်ငံ၏ ဂျီဒီပီမှာ နိမ့်ကျလျက်ရှိနေရာ
ကုန်ထုတ်စွမ်းအားမြှင့်တင်နိုင်ရန် အခြေအနေကောင်းများ လက်တွေ့ကျကျဖန်တီးပေးခြင်း၊
လုံ့လဝီရိယစိုက်ကာ ကုန်ထုတ်လုပ်မှု မြှင့်တင်ခြင်းဖြင့် နိုင်ငံ့စီးပွား မြင့်မားစေရပါမည့်အကြောင်း။
မြန်မာ့အလင်း

No comments