ဆိုလာစနစ်အသုံးပြု၍ နည်းလမ်းမျိုးစုံဖြင့် စိုက်ပျိုးရေ လုံလောက်စွာရရှိရေး ဆောင်ရွက်လျက်ရှိ
ရဲလေး(ဆည်/ရေ ၊ ရေအရင်းအမြစ်)
မြန်မာနိုင်ငံသည်
ရေသယံဇာတပေါကြွယ်ဝပြီး နိုင်ငံ၏ ၉၀ ရာခိုင်နှုန်းကို ကျယ်ပြန့်သော
မြစ်ချောင်းများ၏ ရေဝေရေလဲဧရိယာများဖြင့် လွှမ်းမိုးထားသည့်အပြင် နိုင်ငံ၏ ပြည်သူ အများစုသည်လည်း
လယ်ယာစိုက်ပျိုးရေးကဏ္ဍနှင့် ဆက်စပ်၍ အသက်မွေးဝမ်းကျောင်းပြုနေသူများ ဖြစ်ကြပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက်များတွင်
“တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက်
တိုင်းရင်းသားပြည်သူတစ်ရပ်လုံး နှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို
ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင် ဆောင်ရွက်ပြီး
အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး ”
ကိုလည်း ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။
အထက်ပါ ဦးတည်ချက်နှင့်အညီ
တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေး လုပ်ငန်းများကို
ဆောင်ရွက်ရာတွင် “ရေ” လုံလောက်စွာရရှိရေးမှာ အဓိကကျသဖြင့် ရေရရှိရေးအတွက်
ဆိုလာစနစ်ကိုအဓိကထား၍ နည်းလမ်းမျိုးစုံဖြင့် ကြံဆစီမံဆောင်ရွက်ပြီး သီးနှံများကို
သီးထပ်စိုက်ပျိုးရေး၊ အထွက်နှုန်းကို သတ်မှတ်ပန်းတိုင်
ရည်မှန်းချက်ပြည့်မီရေးအတွက် ဆောင်ရွက်ရမည်ဖြစ်ပါသည်။
ဆည်မြောင်းနှင့်
ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် စိုက်ပျိုးရေလုံလောက်စွာရရှိရေး
အတွက် တည်ဆောက်ထိန်းသိမ်းထားသော ရေလှောင်တမံ ၂၄၆ ခု၊ ရေလွှဲဆည် ၁၄၄ ခု၊ ရေတံခါး
၁၉၉ ခု နှင့် မြစ်ရေတင်လုပ်ငန်း ၂၂၇ ခုတို့မှ စိုက်ပျိုး ရေ၊
သောက်သုံးရေပေးဝေခြင်း ဆောင်ရွက်လျက် ရှိရာ လက်ရှိဆောင်ရွက်ပြီး
လျှပ်စစ်ရေတင်လုပ်ငန်း များတွင် ဆိုလာစနစ်တိုးချဲ့ ပြောင်းလဲတပ်ဆင်ခြင်း နှင့်
ဆိုလာစနစ်ရေတင်စီမံကိန်းအသစ်များ တိုးချဲ့ဆောင်ရွက်ခြင်းများကို အကောင်အထည်ဖော်
ဆောင်ရွက်လျက်ရှိပါသည်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အထိ
စိုက်ပျိုးမြေ ၆၀၈၀၆ ဧကအတွက် ရေတင်လုပ်ငန်း ၄၇ ခုတွင် ဆိုလာကီလိုဝပ် ၉၀၉၂ ဒသမ ၄၇၊
စိုက်ပျိုးမြေ ၂၈၉၈ ဧကအတွက် စက်ရေတွင်း ၂၂၄ တွင် ဆိုလာကီလိုဝပ် ၁၂၉၇ ဒသမ ၆၁
စုစုပေါင်းလုပ်ငန်း ၂၇၁ ခုတွင် ဆိုလာကီလိုဝပ် ၁၀၃၉၀ ဒသမ ၀၈ တပ်ဆင်၍ စိုက်ပျိုးမြေ
၆၃၇၀၄ ဧကအား စိုက်ပျိုး ရေပေးဝေလျက်ရှိပါသည်။ ထို့ပြင် ရေတင်လုပ်ငန်း များမှ
အသုံးပြုနေသော လျှပ်စစ်ဓာတ်အားကို နိုင်ငံ တော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော
လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ဆောင်ရွက်ပြီး လျှပ်စစ်ရေတင်လုပ်ငန်းများတွင်
ဆိုလာစနစ် ပူးတွဲ တပ်ဆင်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည်ကို သိရှိရသည်။
စိုက်ပျိုးရေးလုပ်ငန်းများ
ဆောင်ရွက်ရာတွင် အဓိကကျပြီး မရှိမဖြစ်လိုအပ်သည့် စိုက်ပျိုးရေ ရရှိရေးအတွက်
နိုင်ငံတော်မှ နည်းလမ်းမျိုးစုံဖြင့် စီမံဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်ကိုသာ
အဓိက အားကိုး မနေဘဲ တောင်သူများအနေဖြင့်လည်း ဝိုင်းဝန်းကူညီဆောင်ရွက်ရန်
လိုအပ်ပါသည်။ နိုင်ငံတော်ကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှသာ
စိုက်ပျိုးရေရရှိရေးလုပ်ငန်းများအတွက် လျင်မြန်သော အကျိုးပြုမှုကို
ရရှိနိုင်မည်ဖြစ်ပါသည်။
နိုင်ငံတော်မှလည်း တောင်သူများ
စိုက်ပျိုးရေရရှိ ရေးအတွက် ဆိုလာစနစ် စိုက်ပျိုးရေ စက်ရေတွင်းများ တူးဖော်ခြင်း၊
လက်ရှိအသုံးပြုနေသော စိုက်ပျိုးရေစက်ရေတွင်းများတွင် ဆိုလာစနစ်တပ်ဆင်ခြင်း၊ မြစ်၊
ချောင်း၊ ကန်၊ မြောင်းများမှရေကို ဆိုလာစနစ်ဖြင့် ရေတင်စိုက်ပျိုးခြင်းလုပ်ငန်းများ
ဆောင်ရွက်ရန် အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ လွန်စွာသက်သာသော
အတိုးနှုန်းထား (တစ်နှစ်လျှင် ၂ ရာခိုင်နှုန်း)ဖြင့် ချေးငွေကာလ
တစ်နှစ်ခြောက်လသတ်မှတ်ပြီး ထုတ်ချေးပေး လျက်ရှိပါသည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ်
၆၀၄ ဒသမ ၂၀ ဖြင့် ပြည်ထောင်စုနယ်မြေအပါအဝင် မကွေးတိုင်း ဒေသကြီး၊
မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ
မြို့နယ် ၁၉ မြို့နယ်၊ တောင်သူ ၁၃၂ ဦး၊ လုပ်ငန်း ၁၆၅ ခုမှ စိုက်ပျိုးမြေ ၁၃၉၂ ဒသမ
၃၃ ဧက အတွက် စိုက်ပျိုးရေရရှိရေး
ပထမအကြိမ်အနေဖြင့် ထုတ်ချေးပေးပြီးဖြစ်ပါသည်။ ဒုတိယအကြိမ်အနေဖြင့် မကွေးတိုင်းဒေသကြီး၊
မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ
မြို့နယ် ၁၃ မြို့နယ်၊ တောင်သူ ၇၉ ဦး၊ လုပ်ငန်း ၇၉ ခုမှ စိုက်ပျိုးမြေ ၅၂၂ ဒသမ ၇၁
ဧက စိုက်ပျိုးရေရရှိရေးအတွက် ရန်ပုံငွေကျပ် သန်း ၃၉၀ ဒသမ ၆၀၊ တတိယအကြိမ်အနေဖြင့်
မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်နှင့်
သာစည်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူ ၁၅၂ ဦး၊ လုပ်ငန်း ၁၅၂ ခုမှ စိုက်ပျိုးမြေ ၉၁၂
ဧက စိုက်ပျိုး ရေရရှိရေးအတွက် ရန်ပုံငွေကျပ် သန်း ၁၀၀၀ ထပ်မံ ထုတ်ချေးပေးနိုင်ရေး
စီစဉ်ဆောင်ရွက်လျက်ရှိ ပါသည်။
ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး
မြင်းမူမြို့နယ်ရှိ ဝမ်းပြည့်လျှပ်စစ်ရေတင်လုပ်ငန်းတွင် ၁၆၅ ကီလိုဝပ်
ဆိုလာစနစ်တွဲဖက်တပ်ဆင်ခြင်းနှင့် ရေသောက်စနစ် ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်၍
စိုက်ပျိုးမြေ ဧက ၄၅၀ ပြည့် စိုက်ပျိုးရေပေးဝေနိုင်ရေးဆောင်ရွက်ခြင်းနှင့်
အလျင်အမြန် အကျိုးရလဒ် (Quick Win) ရရှိနိုင်မည့် ရေတင်စီမံကိန်း ၅၉ ခုအနက်မှ
တစ်နှစ်ခန့်အတွင်း ပြီးစီးနိုင်မည့် မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်ရှိ
ကျွန်းဦးဆိုလာစနစ်ရေတင်စီမံကိန်း (အကျိုးပြု ဧက-၅၀၀)၊ မကွေးတိုင်းဒေသကြီး
မကွေးမြို့နယ်ရှိ ဆိပ်သာ ဆိုလာစနစ်ရေတင်စီမံကိန်း (အကျိုးပြု ဧက- ၂၀၀)၊
ပဲခူးတိုင်းဒေသကြီး သနပ္ပင်မြို့နယ်ရှိ သာယာကုန်း ဆိုလာစနစ်ရေတင်စီမံကိန်း (အကျိုး
ပြု ဧက-၄၅၀) များအား ၂၀၂၄-၂၀၂၅ ဘဏ္ဍာ နှစ် GRF ရန်ပုံငွေဖြင့် လုပ်ငန်းများချက်ချင်းစတင်ပြီး
စိုက်ပျိုးရေ ရရှိရေးအတွက် အလျင်အမြန် အကျိုးပြုစေရေး ရည်ရွယ်ဆောင်ရွက်လျက်ရှိပါသည်။
နိုင်ငံတော်အနေဖြင့်
လျှပ်စစ်ဓာတ်အားကို ကုန်ထုတ်စွမ်းအား တိုးတက်မြင့်မားစေရေးအတွက် အဓိကထား၍
ဖြန့်ဝေပေးနေသည့်အချိန်တွင် စိုက်ပျိုးရေရရှိရေးအတွက် ဆိုလာစနစ်သုံး ရေတင်
လုပ်ငန်းများအား အစိုးရ၊ ပုဂ္ဂလိက၊ ပြည်သူအားလုံး ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်မှသာ
ဒေသနေ ပြည်သူများ၏ လူမှုစီးပွားတိုးတက်လာခြင်းနှင့်အတူ နိုင်ငံတော်၏
စားရေရိက္ခာဖူလုံမှုနှင့် စိုက်ပျိုး စီးပွားကဏ္ဍတိုးတက်မြင့်မား
လာမည်ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။



No comments