အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအား နှစ်ပြည်ထောင်ထူထောင်ရေး ဖြေရှင်းချက်ဖြင့်သာ ဖြေရှင်းနိုင်မည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးပြောကြား



ပေကျင်း ဖေဖော်ဝါရီ ၂၃

 

အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအား အောင်မြင်စေရေးအတွက် နှစ်ပြည်ထောင်ထူထောင်ရေး ဖြေရှင်းချက်ဖြင့်သာ ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း တရုတ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အီဂျစ် နိုင်ငံခြားရေးဝန်ကြီး ဗာအဗ္ဗဒဲလက်တီနှင့် ယမန်နေ့က ဖုန်းဖြင့်ဆွေးနွေးစဉ် ပြောကြားခဲ့ကြောင်း သိရသည်။

 

ဒေသတွင်းအရေးများနှင့် ပတ်သက်၍ တာဝန်ရှိသူနှစ်ဦးအကြား အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။ အီဂျစ်နိုင်ငံအနေဖြင့်် ဂါဇာဒေသအပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် ဂါဇာဒေသ ပြန်လည်ထူထောင်ရေးအတွက် အာရပ်နိုင်ငံများနှင့် လက်တွဲ၍ ကြိုးပမ်းဆောင်ရွက်မည် ဖြစ်ပြီး ဂါဇာဒေသမှ ပါလက်စတိုင်းများအား အခြားနေရာများသို့ ပြောင်းရွှေ့စေမည့်ကိစ္စကို လက်မခံကြောင်း အီဂျစ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။ ဂါဇာဒေသတွင် ငြိမ်းချမ်းရေး ရရှိရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် တရုတ်နိုင်ငံက ကူညီမည်ဟုယုံကြည်ကြောင်း အီဂျစ်နိုင်ငံခြားရေးဝန်ကြီးက မှတ်ချက်ပြု ပြောကြားသည်။

 

တရုတ်နိုင်ငံသည် အာရပ်နိုင်ငံများ၏ မိတ်ဆွေနိုင်ငံဖြစ်သည့်အတွက် ဂါဇာဒေသမှ ပါလက်စတိုင်းများအား ရွှေ့ပြောင်းမည့်ဆောင်ရွက်ချက်ကို ဆန့်ကျင်ကြောင်းနှင့် ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်ဆောင်ရွက်ရန် ထောက်ခံကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောကြားသည်။

 

ဂါဇာဒေသသည် ပါလက်စတိုင်းနယ်မြေဖြစ်ပြီး လက်နက်ကိုင်ပဋိပက္ခ အဆုံးသတ်ပြီးနောက် ဒေသ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပါလက်စတိုင်းဒေသခံများကသာ ဦးစီး ဆောင်ရွက်ရမည်ဟု ၎င်းကပြောကြားသည်။ နှစ်ပြည်ထောင် ထူထောင်ရေးဖြေရှင်းချက်ဖြင့်သာ ပဋိပက္ခများကို ဖြေရှင်းနိုင်မည်ဖြစ်ပြီး ထာဝရငြိမ်းချမ်းရေးရရှိမည်ဟု ၎င်းက ပြောကြားသည်။

 

တွေ့ဆုံစဉ်အတွင်း ဆူဒန်နှင့်ဆီးရီးယားအရေး ကိစ္စများကိုလည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ

 

No comments

Powered by Blogger.