မြန်မာ့စီးပွားရေးဘဏ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ နှစ်ချုပ်စာရင်းပိတ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ
နေပြည်တော် ဖေဖော်ဝါရီ ၁၇
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
မြန်မာ့စီးပွားရေးဘဏ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ နှစ်ချုပ်စာရင်းပိတ်လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကို
ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ
မြန်မာ့စီးပွားရေးဘဏ် မြတ်ပန်းသဇင်ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီးများ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာ့စီးပွားရေးဘဏ် တိုင်းဒေသကြီး၊ ပြည်နယ် မန်နေဂျာများနှင့်
ခရိုင်ဘဏ်ခွဲမန်နေဂျာများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးချုပ်နှင့်
ပြည်ထောင်စုဝန်ကြီးက မြန်မာ့စီးပွားရေးဘဏ်သည် ပြည်သူများယုံကြည်စိတ်ချရသော နိုင်ငံပိုင်ဘဏ်ကြီးဖြစ်၍
ပြည်သူများက အပ်ငွေများ တိုးမြင့်အပ်နှံလာရေး၊ အပ်ငွေများကို ထိရောက်စွာအသုံးချပြီး
အရည်အသွေးပြည့်ဝသည့် ချေးငွေများကို ဘဏ်စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ
စိစစ်ထုတ်ချေးရေးနှင့် ချေးငွေသုံးစွဲမှုများ စနစ်တကျဖြစ်စေရးအတွက် မန်နေဂျာများက စဉ်ဆက်မပြတ်ကြီးကြပ်
စစ်ဆေးဆောင်ရွက်ကြရန်၊ ချေးငွေများကို သတ်မှတ်ကာလအတွင်း ပြန်လည်ပေးဆပ်နိုင်စေရေး၊ ကြွေးကျန်များ
လျော့နည်းကျဆင်းလာရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဘဏ်လုပ်ငန်းများကို
အချိန်နှင့်တစ်ပြေးညီ ကြီးကြပ်နိုင်ရေးအတွက် ဘဏ်တွင်း စာရင်းစစ်ဌာနခွဲမှ ဘဏ်ခွဲများအား
ပုံမှန်စစ်ဆေးခြင်း၊ သွားလာရန်ခက်ခဲသည့် ဘဏ်ခွဲများကို Off-site စနစ်ဖြင့်စစ်ဆေးခြင်းများကို
အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ သို့မှသာ ငွေကြေးမသမာမှုများနှင့် အလွဲသုံးစားမှုများကို
အချိန်မီ ထိရောက်စွာကာကွယ် တားဆီးနိုင်မည်ဖြစ်ကြောင်း၊ ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်သူပြည်သူများ
ဘဏ်နှင့်အကျွမ်းတဝင်ရှိလာပြီး ဘဏ်လုပ်ငန်းတွင် ယုံကြည်မှုရှိစွာဖြင့် အားလုံးပါဝင်
ဆောင်ရွက်လာနိုင်စေရေးအတွက် ပြည်သူများအား ဘဏ်လုပ်ငန်းဆိုင်ရာ အသိပညာနှင့် ခေတ်မီဘဏ်လုပ်ငန်း
ဝန်ဆောင်မှုများကို ရရှိခံစားစေရန် ကြိုးပမ်းဆောင်ရွက်ပေးစေလိုကြောင်း မှာကြားသည်။
မြန်မာ့စီးပွားရေးဘဏ်သည် ဘဏ္ဍာရေးနှစ်အလိုက် နှစ်ချုပ်စာရင်းပိတ်လုပ်ငန်းညှိနှိုင်း
ဆွေးနွေးပွဲကို နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိပြီး ယခုနှစ်ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတော်ဗဟို
ဘဏ်နှင့်ပူးပေါင်း၍ ဘဏ်လုပ်ငန်းဆိုင်ရာ စာတမ်းဖတ်ပွဲများအပါအဝင် ကဏ္ဍအလိုက်ဆွေးနွေးမှုများကို
ဖေဖော်ဝါရီ ၂၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments