မြင်းကပါကျေးရွာမှ ထုတ်လုပ်သည့် ပုဂံပိတ်ပန်းချီကားများ မှာယူမှု များပြီး အရောင်းအဝယ်သွက်



ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၁


ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်းရှိ ကျေးရွာများသည် ဒေသထွက် ရိုးရာပစ္စည်းများ ထုတ်လုပ်ရောင်းချမှုဖြင့် ပြည်တွင်း၊ ပြည်ပခရီးသွားများကို ဝန်ဆောင်မှုပေး လျက်ရှိရာ မြင်းကပါရွာမှ ထုတ်လုပ်သည့် ပိတ်ပန်းချီကားများ မှာယူမှု များပြီး အရောင်းအဝယ် သွက်လျက်ရှိကြောင်း သိရသည်။


 “ပုဂံမှာ ရုပ်သေးရုပ်၊ ယွန်းထည်၊ ဝါးပစ္စည်း၊ လက်ဆွဲပန်းချီ၊ ပိတ်ပန်းချီ၊ သဲထွင်းပန်းချီ၊ သနပ်ခါးနဲ့ စားသောက်ကုန်စတဲ့ ရိုးရာလက်မှုပစ္စည်း ထုတ်လုပ်နေတဲ့ရွာတွေ ရှိပါတယ်။ ပိတ်ပန်း ချီနဲ့ ပတ်သက်ရင် မြင်းကပါရွာက ရေးဆွဲထုတ်လုပ်တဲ့ ပိတ်ပန်းချီကို ပြည်တွင်း/ပြည်ပ ခရီးသွားတွေ အတော်နှစ်ခြိုက် ကြပါတယ်။ လက်ရှိ ပုဂံမှာ အရှည် တစ်ပေ၊ နှစ်ပေကျော် ပိတ်ပန်းချီကားတွေ အမှာများတယ်။ အရောင်းသွက်နေပါတယ်။  ဈေးနှုန်းကတော့ အရွယ်အစားအလိုက်ပါ။ ဒီလိုအရောင်းအဝယ် ကောင်းတော့ ကျွန်တော်တို့ ဒေသခံတွေ အဆင်ပြေကြတယ်” ဟု မြင်းကပါကျေးရွာမှ ပိတ်ပန်းချီ လုပ်ငန်းရှင် ဦးဇေယျာက ပြောပြသည်။


ပုဂံဒေသတွင် မြင်းကပါရွာမှ ထုတ်လုပ်သည့်  ပိတ်ပန်းချီသည် လူကြိုက်များထင်ရှားပြီး  နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတို့မှ အများဆုံး မှာယူလျက်ရှိကြောင်း သိရသည်။


ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေမှ ဂူ၊ ဘုရားနံရံများပေါ်ရှိ မူလပန်းချီ လက်ရာ များကို စက္ကူပါးကပ်၍ မှတ်တမ်းယူသည့် ပုဂံရှေးဟောင်းသုတေသနဌာန၏ နည်းစနစ်ကို ဒေသခံများက သိမှတ်ပြောင်းလဲကာ ပိတ်သားဖြင့် ပန်းချီရေးဆွဲသော စီးပွားဖြစ်လုပ်ငန်း တစ်ခုအဖြစ် ပြောင်းလဲ လုပ်ကိုင်ခဲ့ကြသည့် မြင်းကပါရွာ ဒေသခံများ၏ ပိတ်ပန်းချီရေးဆွဲမှုသည် ရှေးဟောင်းယဉ်ကျေးမှုကို အခြေခံထားသော မြန်မာ့ရိုးရာ လက်မှုပစ္စည်းအဖြစ် ပြည်တွင်း၊ ပြည်ပခရီးသွားများ၏ နှစ်ခြိုက် အားပေးမှု ရရှိနေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ညိမ်းသူ(သတင်းစဉ်)၊ ဓာတ်ပုံ - ကနူး               

No comments

Powered by Blogger.