အစေ့ထုတ်ပြောင်း စိုက်ပျိုးနည်းဆိုင်ရာ အလေ့အကျင့်ကောင်းများ



အိအိဖြိုး

မြန်မာအမည် - အစေ့ထုတ်ပြောင်း

အင်္ဂလိပ်အမည် - Corn/ Maize

သိပ္ပံအမည် - Zea maize

မူရင်း - Graminae

 

မြန်မာနိုင်ငံတွင် အစေ့ထုတ်ပြောင်းကို ရှမ်းပြည်နယ်၌ အများဆုံးစိုက်ပျိုးပြီး စစ်ကိုင်း၊ ကချင်၊ ဧရာဝတီ၊ ကရင် စသည့် တိုင်းဒေသကြီး၊ ပြည်နယ် တို့တွင်လည်း စိုက်ပျိုးကြသည်။ စုစုပေါင်း စိုက်ဧရိယာ ဧက ၁ ဒသမ ၃၈ သန်းမှ အထွက်တင်းပေါင်း ၈၄ သန်းကျော် (တန်ချိန် ၂ ဒသမ ၀၆ သန်းခန့်) ထွက်ရှိသည်။ ရာသီအလိုက် စိုက်ပျိုးမှုမှာ မိုးစိုက် ဧက ၈၇ ရာခိုင်နှုန်းနှင့် ဆောင်းစိုက်ဧက ၁၃ ရာခိုင်နှုန်းရှိသည်။

 

မြန်မာ့အစေ့ထုတ်ပြောင်း ပြည်ပတင်ပို့မှုမှာ နှစ်စဉ်တိုးတက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် တန်ချိန် ၂ ဒသမ ၆၁ သန်းအထိ တင်ပို့နိုင်ခဲ့သည်။ ပြည်ပတင်ပို့မှုများအနက် ယခင်က တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ခဲ့သော်လည်း နောက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ တင်ပို့မှုမှာ အများဆုံးဖြစ်လာသည်။ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ် စသည့်နိုင်ငံ များသို့လည်း တင်ပို့လျက်ရှိသည်။ အစေ့ထုတ်ပြောင်း ကို ပြည်တွင်းမွေးမြူရေးအစာအဖြစ် အသုံးပြုခြင်း အပြင် အစေ့ထုတ်ပြောင်းအစေ့သာမက ပြောင်းမှုန့်၊ ပြောင်းချဉ်ဖတ်စသည်တို့ကိုလည်း နိုင်ငံခြားသို့ ထုတ်လုပ်တင်ပို့လျက်ရှိသည်။

 

အစေ့ထုတ်ပြောင်း စိုက်ပျိုးထုတ်လုပ်ရာတွင် ဈေးကွက်လိုအပ်ချက်နှင့်ကိုက်ညီပြီး ဒေသရေမြေ ရာသီဥတုနှင့် ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ အသုံးပြုရန် လိုအပ်ပါသည်။ စိုက်ပျိုးမည့် သီးနှံမျိုး နှင့် စိုက်ပျိုးနည်းစနစ်များသည် ပိုးသတ်ဆေးနှင့် ပေါင်းသတ်ဆေးများ အသုံးပြုမှုတတ်နိုင်သမျှ အနည်းဆုံးဖြစ်သင့်ပြီး ပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းစေနိုင်မည့် နည်းစနစ်များနှင့် တွဲဖက် အသုံးပြုဆောင်ရွက်ရမည် ဖြစ်ပါသည်။

 

မျိုးရွေးချယ်ခြင်း

စိုက်ပျိုးရန်သင့်သောမျိုးများမှာ တောင်ပေါ် ဒေသများတွင် ဆင်းရွှေလီစပ်မျိုး၊ ဧကရီ၊ ရေဆင်းစပ် မျိုး (၃)၊ ရေဆင်းစပ်မျိုး (၅)၊ ၈၈၈ မျိုး၊ ၉၉၉ မျိုး တို့ဖြစ်ပြီး မြေပြန့်ဒေသများတွင် ရွှေဝါ (၁)၊ စူဝမ် (၃)၊ ရေဆင်းစပ်မျိုး (၂)၊ ရေဆင်းစပ်မျိုး (၄) တို့ဖြစ် သည်။

 

ရေမြေရာသီဥတု

အစေ့ထုတ်ပြောင်းသည် မြေတွင်းရှိအာဟာရဓာတ် စုပ်ယူစားသုံးမှုများသော သီးနှံဖြစ်သည့်အတွက် မြေဩဇာ ထက်သန်သော နုန်းမြေ၊ နုန်းမြေစေး၊ သဲနုန်းမြေတို့တွင် စိုက်ပျိုးသင့်ပါသည်။ ရှမ်းပြည်နယ်တွင် မြေနီသဲဝန်း၊ သဲနုန်းမြေများ၊ အစိ ဓာတ် ထိန်းသိမ်းနိုင်ပြီး ရေမဝပ်သော ရေစီးရေလာ ကောင်းသော မြေများတွင် ဖြစ်ထွန်းမှုရှိသည်။ မြေချဉ်ငန်ဓာတ် (၅ ဒသမ ၅ - ၇ ဒသမ ၅) အတွင်း ကြိုက်နှစ်သက်သည်။ မိုးရေချိန် လက်မ (၃၅ - ၄၅) ရှိပြီး ညီညွတ်မျှတစွာ ရွာသွန်းမှုရှိပါက ပိုကောင်း သည်။ သို့ရာတွင် ပြောင်းပင် တစ်လသားအရွယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မမိစေရန် ဂရုစိုက်ရ မည်။ ရေဝပ်မှုမရှိစေရန်လည်း ကြိုတင်ဆောင်ရွက်ထားရမည်။

 

စိုက်ပျိုးချိန်

ပြောင်းစိုက်ပျိုးချိန်သည်အရေးကြီးသည်။ မိုးများတတ်သည့်လများဖြစ်သော ဇွန်၊ ဇူလိုင်၊ ဩဂုတ်လများတွင် အပင်သက်တမ်းရနေမှသာ မိုးဒဏ်ခံနိုင်မည်ဖြစ်သည်။ ထို့ကြောင့် မိုးရာသီတွင် စိုက်ပျိုးမည်ဆိုပါက ဧပြီလလယ်မှ မေလကုန်အတွင်း အပြီးစိုက်သင့်ပြီး ဆောင်းရာသီစိုက်ပျိုး မည်ဆိုပါက အောက်တိုဘာလမှ နိုဝင်ဘာလကုန် အပြီး စိုက်ပျိုးသင့်သည်။

 

မြေပြုပြင်ခြင်း

မြေပြုပြင်ရာတွင် ထယ်ရေးနက်နက်၊ ထွန်ရေးညက်ညက်ထွန်ရန် အရေးကြီးသည်။ မိုးတွင်းပြောင်း စိုက်မည်ဆိုပါက မိုးကြိုထယ်ရေးဝင်ပေးနိုင်လျှင် ပိုကောင်းသည်။ မြေမပြုပြင်မီ နွားချေး၊ မြေဆွေး (၁၀ - ၁၅) စီးအထိ ချပေးရမည်။ တောင်စောင်း၊ တောင်ကုန်းများတွင် မြေပြုပြင်ချိန် ပေါက်ပြားများ ဖြင့် ၂ ဒသမ ၅ ပေအကွာ မြောင်းများပြုလုပ်၍ မြောင်းများတွင် သဘာဝနွားချေးမြေဩဇာများ လိုက်၍ ချပေးရမည်။ တစ်ဧကအတွက် ယူရီးယား နှစ်အိတ်၊ တီစူပါ နှစ်အိတ်၊ ပိုတက်ရှ်အိတ်တစ်ဝက် အသုံးပြုရန်လိုအပ်သည်။ တီစူပါနှင့်ပိုတက်ရှ် မြေဩဇာကို မြေပြုပြင်ချိန်တွင် မြေခံအဖြစ် တစ်ကြိမ်တည်းထည့်သွင်းပေးရမည်။ ယူရီးယား မြေဩဇာကို မြေပြုပြင်ချိန်တွင် မြေခံအဖြစ် တစ်ကြိမ်၊ အပင်ကြီးထွားချိန် တစ်လသားတွင် တစ်ကြိမ်၊ ပန်းမပွင့်မီ တစ်ကြိမ်၊ ပြောင်းဖူးစေ့ အစာဖြည့်သွင်းချိန်တွင် တစ်ကြိမ်ထည့်ပေးရမည်။

 

စိုက်ပျိုးခြင်း

နွေထွန်ရေးခံထားသော စိုက်ကွင်းများ၌ မိုးရာသီမြေပြုပြင်ချိန်တွင် မိုးရာသီအစေ့ထုတ် ပြောင်းစိုက်ရန် အကောင်းဆုံးဖြစ်သည်။ နွေထွန်ရေးမခံနိုင်ပါက မိုးကြိုထွန်ရေးခံခြင်းဖြင့် ထွန်ရေးကောင်းပြီး အစိုဓာတ်ပိုရရှိသဖြင့် အထွက်နှုန်းကောင်းစေသည်။ တောင်ကုန်းတောင်စောင်းများတွင် မထွန်ယက်နိုင်ပါက ပေါက်ပြားဖြင့်ကောင်းစွာမြေပြုပြင်ပြီး တစ်တန်းနှင့်တစ်တန်း နှစ်ပေခွဲ၊ တစ်ပင်နှင့်တစ်ပင် ကိုးလက်မခြား၍ မျိုးစေ့ချပေးရ မည်။ တစ်ကျင်းလျှင် တစ်စေ့နှုန်းသာ ချပေးရမည်။ မေလ၊ ဇွန်လများတွင် ရွာသွန်းသော မိုးရေတွင် စိုက်ပျိုးထားသော အပင်များကို ၁၄ ရက်အတွင်း အချိန်မီ သားခွဲပေးရမည်။ ပင်ခြေမြေဆွပေးရန် အထူးလိုအပ်ပြီး အချိန်မီသားမခွဲဘဲ နောက်ကျမှ အပင်သားခွဲပါက အထွက်နှုန်း ကျဆင်းသွားတတ်သည်။

 

အပင်ပြုစုခြင်း

တစ်ပင်လျှင် စံနှုန်းပြည့် တစ်ဖူးနှုန်းရရှိစေရန် အပင်သက်တမ်း (၃၅ - ၄၀) ရက်သားအတွင်း ပေါင်တင်မြေတောင်မမြှောက်မီ ယူရီးယား ၂၈ ပေါင်ကို နွားချေးဆွေးနှင့်ရော၍ စိုက်တန်းများကြား တွင်ချပြီး မြေတောင်မြှောက် ပေါင်တင်ပေးရမည်။ ထိုသက်တမ်းအရွယ်မှာပင် အဖိုနှံသည် လျင်မြန်စွာ ကြီးထွားလာပြီး ပင်စည်ခြောက်ဆစ်မှစ၍ ပြောင်းဖူးအစို့သားလောင်းများ ထွက်လာသည်။ ၎င်းကြီးထွား ရန်အတွက် အစိုဓာတ်နှင့် နိုက်ထရိုဂျင်၊ ဖော့စဖရပ်၊ ပိုတက်စီယမ်ဓာတ်များ လိုအပ်သည်။

အပင်သက် ရှစ်ပတ်သားအရွယ်တွင် အဖိုနှံများ စတင်ထွက်လာပြီး (၆၀ - ၆၆) ရက်သားတွင် အဖိုနှံ မှ အဖိုဝတ်မှုန်များ စတင်ကွဲထွက်လာသည်။ ထိုအချိန်တွင် အမမြိတ်ဆာများလည်း ပြောင်းဖူး အပြင်သို့ ထွက်လာသည်။ ထိုအမမြိတ်များပေါ်သို့ အဖိုဝတ်မှုန်များကျရောက်ပြီး မျိုးအောင်သည်။ ထိုအချိန်တွင် ပင်ပိုင်းကြီးထွားမှုမှာလည်း ရပ်တန့်သွားသည်။ မျိုးအောင်ပြီး ၁၂ ရက်မှ စတင်၍ ပြောင်းစေ့သားလောင်း စတင်ကြီးထွားပြီး အစေ့အတွင်း ကစီဓာတ်ဖြည့်တင်းသည်။

 

အမမြိတ်ဆာထွက်လာပြီး ၂၄ ရက်သားခန့်တွင် အစေ့မှာရာနှုန်းပြည့် ကြီးထွားလာကာ အစာ ဖြည့်တင်းမှု ရပ်ဆိုင်းသွားသည်။ ပြောင်းစေ့အတွင်း ကစီဓာတ် ဖြည့်တင်းချိန်တွင် အရွက်မှ ချက်လုပ်သော အစာ၏ ၆၀ ရာခိုင်နှုန်းကို အစေ့ဖြစ်စေရန်အတွက် အသုံးချသည်။ ထိုအချိန်တွင် အောင်စေ့များစေရန် အတွက် ယူရီးယား ၂၅ ပေါင်ကို နွားချေးဆွေးနှင့်ရော၍ ကျွေးရမည်။

 

ပိုးမွှားများကာကွယ်ခြင်း

ပြောင်းဖူးပင် ၄၅ ရက်သားအရွယ်တွင်ရွက်စား ပိုးနှင့် ခေါင်ညွန့်ထိုးပိုးများ ကျရောက်တတ်သည်။ ပန်းပွင့်ချိန်တွင် ပျပိုးများ ကျရောက်တတ်သဖြင့် ဆေးဖျန်းကာကွယ်ရန်လိုအပ်သည်။ ကြွက်၊ ကြက်တူရွေးနှင့် ရှဉ့်တို့သည် နို့ရည်တည်ချိန်တွင် ဖျက်ဆီးတတ်သဖြင့် ဆေးဖျန်းခြင်း၊ ခြောက်လှန့် ခြင်းဖြင့် ကာကွယ်နိုင်သည်။

 

ရိတ်သိမ်းခြင်း

အစေ့ထုတ်ပြောင်းဖူးဖက် အဝါရောင်သန်းပြီး အဖူးအညှာတွင် အညိုရောင်ကွင်းပေါ်လာပါက ရိတ်သိမ်းသင့်သည်။ ထိုအချိန်တွင် အစေ့တွင်း အစိုဓာတ် (၂၅ - ၃၅) ရာခိုင်နှုန်းခန့် ရှိနိုင်သဖြင့် ဖက်ကို ချက်ချင်းခွာပြီး (၅ - ၇) ရက်ခန့် ခပ်ပါးပါး နေလှန်းပေးပါ။ အစေ့ခြွေပြီးပါက တစ်နေထပ်လှန်း ပြီး အဖျင်း၊ အမှော်၊ လုံးပိန်၊ လုံးညှပ်များကို သန့်စင် ရမည်။ မျိုးစေ့အဖြစ်ထားရှိပါက မျိုးစေ့ကို မှိုသတ် ဆေးနှင့်လူးနယ်၍ အိတ်သွတ်သိုလှောင်နိုင်သည်။

 

အစေ့ထုတ်ပြောင်းစိုက်ပျိုးခြင်းသည် ပြည်တွင်း သုံးစွဲမှုအနေဖြင့် တိရစ္ဆာန်အစာအဖြစ် သုံးစွဲရုံ သာမက ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချလျက် ရှိသည့်အတွက် စိုက်ပျိုးရေရရှိပါက အစေ့ထုတ်ပြောင်းမှာ ဈေးနှုန်း/ ဈေးကွက် ကောင်းမွန်မှုရှိ သောကြောင့် တောင်သူများအနေဖြင့် အကျိုးအမြတ်များသည့် အစေ့ထုတ်ပြောင်းကိုလည်း စိုက်ပျိုးသင့် ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။ ။

 


No comments

Powered by Blogger.