မြင်းခြံမြို့နယ်၌ ဆေးရွက်ကြီးစိုက်ခင်းများ စတင်ရိတ်သိမ်း
မြင်းခြံ ဖေဖော်ဝါရီ
၂၇
မန္တလေးတိုင်းဒေသကြီး
မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများသည် ဧရာဝတီမြစ်ရေဝင် မြစ်ရိုးတစ်လျှောက် သဲနုန်းမြေအမျိုးအစားဖြစ်သည့်
ကိုင်းကျွန်းမြေများတွင် ဖူးစားပြောင်း၊ CP ပြောင်း၊ ငရုတ်၊ ပဲမျိုးစုံနှင့် ကုန်စိမ်းသီးနှံမျိုးစုံ
စိုက်ပျိုးကြသည့်အပြင် ဆေးရွက်ကြီးကိုလည်း အဓိကထားစိုက်ပျိုးကြကြောင်း သိရသည်။
ဆေးရွက်ကြီးကို
အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးခဲ့ပြီး ဖေဖော်ဝါရီလတတိယပတ်မှ စတင်၍
ခူးဆွတ်ရိတ်သိမ်းလျက်ရှိရာ မတ်လအထိ နှစ်လခန့်အကြာ ခူးဆွတ်ရိတ်သိမ်းသွားမည်ဖြစ်ကြောင်း၊
ဆေးရွက်ကြီး ပျိုးပင်တစ်ပင်လျှင် ငွေကျပ် ၁၈-၂၀ နှုန်းဖြင့် ဝယ်ယူ၍ တစ်ဧကလျှင် ပျိုးပင်စုစုပေါင်း
၅၅၀၀-၆၀၀၀ ပင်ခန့် ဝင်ဆံ့စိုက်ပျိုးရကြောင်း၊ ပင်ခြားတန်းခြား နှစ်ပေထား၍ ရေသွင်းစနစ်ဖြင့်
အတန်းလိုက်စိုက်ပျိုးရပြီး မြေပြုပြင်ခြင်း၊ သွင်းအားစု၊ ပျိုးပင်၊ လုပ်သားခ အပါအဝင်
တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၂၅ သိန်းခန့် ကုန်ကျကြောင်း၊ ပျမ်းမျှအထွက်နှုန်းအနေဖြင့်
ပိဿာချိန် ၇၀၀ ခန့်ထွက်ရှိပြီး မြင်းခြံမြို့ရှိ ဆေးလိပ်ခုံများသို့ တင်ပို့ရောင်းချကြကြောင်း၊
ယခုနှစ်တွင် သီးနှံအထွက်နှုန်းကောင်းမွန်သောကြောင့် အကျိုးအမြတ်ရရှိလျက်ရှိကြောင်း
ဆေးရွက်ကြီးစိုက် တောင်သူတစ်ဦးထံမှ သိရသည်။
DOCA (မန္တလေး)

No comments