ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနှင့် CITIC နှစ်ဘက် ကြိုတင်ဖြည့်ဆည်းရမည့် အချက်များနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ



နေပြည်တော်  ဖေဖော်ဝါရီ  ၂၁

 

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးအတွက် မြန်မာနှင့် CITIC နှစ်ဘက်ကြိုတင် ဖြည့်ဆည်းရမည့်အချက်များ (Conditions Precedent) နှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ၂/၂၀၂၅ ကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ- ၁ ၌ ကျင်းပသည်။


အစည်းအဝေးသို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ရခိုင်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ဥက္ကဋ္ဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိ သူများ တက်ရောက်ကြသည်။


အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ကျောက်ဖြူအထူးစီးပွား ရေးဇုန်စီမံခန့်ခွဲမှု ကော်မတီနှင့် တရုတ်နိုင်ငံ CITIC Group ဖြစ်သည့် ကျောက်ဖြူအထူးစီးပွား ရေးဇုန် ရေနက်ဆိပ်ကမ်း ကုမ္ပဏီလီမိတက်တို့ အကြားလုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ် (Concession Agreement) ကို ၂၀၂၀ ပြည့်နှစ်တွင် ချုပ်ဆိုခဲ့ကြောင်း၊ အဆိုပါ Concession Agreement ၏ နောက်ဆက်တွဲစာချုပ် (Adden-dum) ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာတွင် လက်မှတ်ရေးထိုးခဲ့ပြီး  Long Stop Date ကို  ၁၈ လ ကာလ သက်တမ်းတိုးပေးခဲ့ကြောင်း၊  Long Stop Date သက်တမ်းတိုးမြှင့်ထားသည့် ကာလသည် လာမည့်ဇွန်လ တွင် ပြည့်မြောက်မည် ဖြစ်ပြီး အဆိုပါသက်တမ်းမပြည့်မြောက်မီ လုပ်ငန်းများပြီးပြတ်အောင် ဆောင်ရွက် နိုင်ရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိသည့်အတွက် သတ်မှတ်ရက်မရောက်မီ လုပ်ငန်းများကို ပြီးစီးအောင်‌ ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက် ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ရေးအတွက် အစုရှယ်ယာရှင်များနှင့် သက်ဆိုင်သော သဘောတူစာချုပ် (Shareholders’ Agreement)တွင် ဖော်ပြထားသည့်အတိုင်း မြန်မာ-တရုတ် နှစ်ဘက်အနေဖြင့် စီမံကိန်း မစတင်မီ ကြိုတင်ဖြည့်ဆည်းဆောင်ရွက်ရမည့် စာချုပ်ပါအချက်များအနက် မြန်မာဘက်က ဆောင်ရွက်ရမည့်အချက် ၁၀ ချက်၊ မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်ရမည့် အချက် ၄ ချက် တို့ကို သတ်မှတ်ကာလအတိုင်း ပြီးမြောက်အောင် ဆောင်ရွက်ရန်လို အပ်ပါကြောင်း၊ သက်တမ်းတိုးမြှင့်ထား သည့်ကာလမတိုင်မီ သက်ဆိုင်ရာဌာနများမှ ဆောင်ရွက်ရမည့်လုပ်ငန်းများကို Timeline ချမှတ်၍ ပြီးပြတ်အောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။


ယင်းနောက် ဒုတိယဝန်ကြီးနှင့်  ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ တို့က နှစ်ဘက် ကြိုတင်ဖြည့်ဆည်းရမည့် အချက်များ (Conditions Precedent) နှင့်စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှု အခြေအနေကို အသေးစိတ်ရှင်းလင်းတင်ပြသည်။ 


ဆက်လက်၍ တက်ရောက်လာကြသူများက ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း ဆောင်ရွက်နိုင်ရန် နှစ်ဘက်ကြိုတင်ဖြည့်ဆည်းရမည့်အချက်များ (Conditions Precedent)နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ရှင်းလင်းဆွေးနွေးတင်ပြကြသည်။


ရှင်းလင်းဆွေးနွေးမှုများအပေါ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

No comments

Powered by Blogger.