ကမ္ဘာ့အေအိုင်နည်းပညာလောကကို ကိုင်လှုပ်လာတဲ့ DeepSeek
ထွန်းကျော်
လတ်တလော ကမ္ဘာ့နည်းပညာလောကမှာတော့
တရုတ်ရဲ့ စမ်းသပ်ထုတ်လုပ်လိုက်တဲ့ ချက်ဘော့ DeepSeek အေအိုင် (ဉာဏ်ရည်တုနည်းပညာ)
ကြောင့် ပွက်လောရိုက်သွားခဲ့ပါတယ်။ DeepSeek ဟာ အက်ပဲလ်ရဲ့ အကျော်ကြားဆုံးသော
အခမဲ့ရချက်ဘော့ အေအိုင်အက်ပလီကေးရှင်းတွေကို ကျော်တက်ပြီး အမေရိကန်၊ ယူကေနဲ့
တရုတ်မှာ လူကြိုက်ပိုများလာတဲ့ အက်ပလီကေးရှင်းတစ်ခု ဖြစ်ပါတယ်။ DeepSeek အေအိုင်စထွက်လာတဲ့
ဇန်နဝါရီလအစောပိုင်းကတည်းက ဒီအက်ပလီကေးရှင်းကို ဒေါင်းလုတ်ဒ်လုပ်တဲ့သူတွေဟာ
တစ်နေ့တခြား တစ်ဟုန်ထိုး များလာခဲ့ပါတယ်။ အခုဆိုရင် အမေရိကန်လုပ် ChatGPT
အေအိုင်ကိုတောင် ကျော်တက်သွားခဲ့ပါပြီ။
ရှယ်ယာဈေးတွေထိုးကျ
ဒါက ဘာကိုပြသလဲဆိုရင်
ကမ္ဘာ့အေအိုင်နယ်ပယ်မှာအမေရိကန်သာ ထိပ်တန်းကဦးဆောင်နေတယ် ဆိုတဲ့အချက်ကို
စိန်ခေါ်လိုက်တာပဲဖြစ်ပါတယ်။ ကုန်ကျစရိတ်သက်သာစွာနဲ့ တရုတ်ရဲ့ အေအိုင် ကုမ္ပဏီက
ထုတ်လုပ်လိုက်တဲ့ ချက်ဘော့ DeepSeek ကြောင့် အမေရိကန်နည်းပညာ ကုမ္ပဏီကြီးတွေရဲ့
ရှယ်ယာဈေးတွေလည်း သိသိသာသာ ထိုးကျသွားခဲ့ပါတယ်။
ကျန်ကျစရိတ်သက်သာ
အမေရိကန်အခြေစိုက် အေအိုင်နည်းပညာ
ကုမ္ပဏီတွေဖြစ်တဲ့ နဗီဒီယာ၊ မိုက်ခရိုဆော့ဖ်နဲ့ မက်တာကုမ္ပဏီတွေရဲ့ ရှယ်ယာဈေးတွေဟာ
ဇန်နဝါရီ ၂၇ ရက် အမေရိကန်ရှယ်ယာအဖွင့်မှာ ဈေးကျဆင်းခဲ့ပါတယ်။
ချက်ဘော့ DeepSeek
အက်ပလီကေးရှင်းကို စမ်းသပ်ထုတ်လုပ်ရာမှာ အမေရိကန်တွေရဲ့ ချက်ဘော့ အက်ပလီကေးရှင်း
ထုတ်လုပ်တဲ့စရိတ်နဲ့ နှိုင်းယှဉ်ရင် အနည်းငယ်မျှသာ ကုန်ကျခဲ့တယ်ဆိုတဲ့
သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ နည်းပညာလောကကို အမြဲလွှမ်းမိုးထားတဲ့
အမေရိကန်ကိုလည်း မေးခွန်းထုတ်နေကြပါပြီ။
တရုတ်က
ဒီချက်ဘော့အက်ပလီကေးရှင်းကို ထုတ်လုပ်ရာမှာ အမေရိကန်ဒေါ်လာ ၆ သန်းမျှသာ ကုန်ကျပြီး
တခြားပြိုင်ဘက်တွေက ဒေါ်လာဘီလီယံနဲ့ချီ သုံးစွဲခဲ့တာဖြစ်ပါတယ်။ ဒီအချက်ကလည်း
အေအိုင်ရင်းနှီးမြှုပ်နှံမှုပုံစံ နောက်ပိုင်းပြောင်းလဲလာနိုင်သလားဆိုတဲ့အပေါ်
ဒွိဟတွေဖြစ်လာကြ ပါတယ်။
DeepSeek ကို အောင်မြင်စွာ
စမ်းသပ်ထုတ်လုပ်
ChatGPT နဲ့ DeepSeek တို့လို
အေအိုင်မော်လ်ဒယ်တွေကို ပါဝါပေးတာက အဆင့်မြင့် ချစ်ပ်တွေဖြစ်ပါတယ်။ ၂၀၂၁
ခုနှစ်ကစပြီး တရုတ်ကို အဲဒီလို အဆင့်မြင့်ချစ်ပ်တွေ မရောင်းဖို့ အမေရိကန်က
ကျယ်ကျယ်ပြန့်ပြန့်တားမြစ်ခဲ့ပါတယ်။ သို့သော်လည်း တရုတ်ရဲ့ DeepSeek ကုမ္ပဏီ က
ဒါကို အောင်မြင်အောင် စမ်းသပ်ထုတ်လုပ်လာနိုင်ခဲ့တာဖြစ်ပါတယ်။
DeepSeek ကုမ္ပဏီကို နည်းပညာနဲ့
အီလက်ထရွန်နစ် အင်ဂျင်နီယာဘွဲ့ရ အသက် ၄၀ အရွယ် မစ္စတာ လျန်ဝမ်ဖန်းက ၂၀၂၃ ခုနှစ်မှာ
ထူထောင်ခဲ့ပါတယ်။ သူဟာ ဒီကုမ္ပဏီအတွက် ရင်းနှီးမြှုပ်နှံမှုတွေ ထည့်ဝင်ဖို့
ရန်ပုံငွေဈေးကွက်ကိုလည်း ထူထောင်ခဲ့ပါတယ်။ တရုတ်ရဲ့ ဒီချက်ဘော့ကို မြန်မြန်ဆန်ဆန်
တီထွင်နိုင်ခဲ့တဲ့ အဓိကအချက်ကတော့ မစ္စတာလျန်ဟာ နဗီဒီယာ အေ ၁၀၀ ချစ်ပ်တွေကို
စုဆောင်းနိုင်ခဲ့သလားဆိုတဲ့အပေါ် စဉ်းစားကြည့်ရမှာပါ။ ဒါပေမယ့် သေချာတာကတော့ သူဟာ
စွမ်းဆောင်ရည်အလယ်အလတ်လောက်ရှိတဲ့ အိတ်ချ် ၈၀၀ နဗီဒီယာချစ်ပ်တွေ
စုဆောင်းခဲ့တယ်လို့ ပြောရမှာပါ။ ဒီချစ်ပ်တွေဟာ DeepSeek ကိုဖန်တီးပုံဖော်ရာမှာ
အဓိကအခန်းကဏ္ဍက ပါဝင်လာတာ ဖြစ်ပါတယ်။ DeepSeek ကတော့ ကုမ္ပဏီရဲ့နာမည်ဖြစ်ပြီး
သူတီထွင်ထုတ်လုပ်လိုက်တဲ့ ချက်ဘော့အက်ပလီ ကေးရှင်းကတော့ DeepSeekR1 ဖြစ်ပါတယ်။
DeepSeek နဲ့ ChatGPT တို့ရဲ့
စွမ်းဆောင်ရည်တူသလား
DeepSeek နဲ့ ChatGPT
တို့ရဲ့စွမ်းဆောင်ရည်တွေဟာ တစ်ခုနဲ့ တစ်ခု သိပ်ကွာလှတာမဟုတ်ပါဘူး။ သူတို့ရဲ့စွမ်းဆောင်ရည်
ကွာခြားချက်လေးတွေကို လေ့လာကြည့်ရအောင်ပါ။ ChatGPT ရဲ့ အိုးပင် အေအိုင်ကို လေ့ကျင့်ပေးဖို့အတွက်
အေ ၁၀၀ နဗီဒီယာချစ်ပ် နှစ်သောင်းလောက်အထိသုံးထားပြီး DeepSeek ကတော့ အိတ်ချ် ၈၀၀
နဗီဒီယာချစ်ပ် နှစ်ထောင် ကျော်လောက်အထိပဲ သုံးထားတယ်လို့ ဆိုပါတယ်။ DeepSeek က
သုတေသနနဲ့အချက်အလက်ရှာဖွေဖို့ ဆုံးဖြတ်ချက်ပေးနိုင်ဖို့ အဓိကထား သုံးတာဖြစ်ပြီး
ChatGPT ကတော့ လူတစ်ယောက်လို စကားပြောနိုင်ဖို့ကို အဓိက ဦးစားပေးထားပါတယ်။
ဒါ့အပြင် DeepSeek က
ရှာဖွေမှုဆိုင်ရာအခြေခံ တည်ဆောက်မှုပုံစံကို သုံးထားပြီး ChatGPT ကတော့
ပြောင်းလဲပုံဖော်မှုဆိုင်ရာ တည်ဆောက်မှု ပုံစံကိုသုံးထားပါတယ်။
တည်ဆောက်မှုပုံစံကွာခြား တဲ့အတွက်ကြောင့် ဉာဏ်ရည်ရလာအောင်လေ့ကျင့်ပေးတဲ့ပုံစံမှာလည်း
ကွာခြားပါတယ်။ ဂျီသြမေတြီ ပုစ္ဆာတစ်ပုဒ်ကို တွက်ချက်ခိုင်းတဲ့နေရာမှာ ChatGPT
ကိုလိုအပ်တဲ့အချက်အလက်တွေ ပြုပြင် ပြောင်းလဲပေးလိုက်တဲ့အခါမှာ အဖြေမှန်အောင်
တွက်နိုင်ပြီးတော့ DeepSeek ကတော့ မှန်အောင် မတွက်နိုင်ပါဘူး။
တချို့မူဝါဒဆိုင်ရာတွေကို မေးတဲ့အခါ DeepSeek က မသိဘူးဆိုပြီး အဖြေ ထွက်လာပြီး
ChatGPT ကတော့ အဖြေပေးထားပါတယ်။ DeepSeek နဲ့ ChatGPT တို့ရဲ့ ကွာခြားချက်ကို
မေးကြည့်တော့ DeepSeek က မြန်မာလိုချောချောမွေ့မွေ့နဲ့ ဖြေကြားပေးထားပြီးတော့
ChatGPT ကတော့ မြန်မာစာအထားအသိုတွေ လွဲမှားနေပါတယ်။ ဒါတွေကို လေ့လာကြည့်မယ်ဆိုရင်
DeepSeek က ပုံရိပ်ပုံဖော် ခွဲခြမ်းစိတ်ဖြာတဲ့နေရာမှာ အားနည်းပြီး ChatGPT ကတော့
လေးလေးနက်နက်စူးစမ်း တွေးခေါ်နိုင်တာကို တွေ့ရပါတယ်။
DeepSeek က
အမေရိကန်နည်းပညာလောကကို ဂယက်ထစေ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတောင်
DeepSeek ဟာ အမေရိကန်အေအိုင်နည်းပညာ လောကကို ဂယက်ထစေခဲ့တယ်လို့ ပြောလာခဲ့ပါပြီ။
လွန်ခဲ့တဲ့ရက်သတ္တပတ်ကလည်း သမ္မတ ထရမ့်က အိမ်ဖြူတော်မှာ အိုးပင်းအေအိုင်၊
အော်ရယ်ကယ်နဲ့ ဆော့ဖ်ဘဏ်တို့ဟာ စတားဂိတ်လုပ်ငန်းလို့ခေါ်တဲ့ အေအိုင်နည်းပညာကဏ္ဍမှာ
အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀၀ အထိ ရင်းနှီးမြှုပ်နှံမှုလုပ်မယ် ဆိုတဲ့အကြောင်း
ကြေညာခဲ့ပါတယ်။ အခုလို DeepSeek ကိုစမ်းသပ်တီထွင်နိုင်ခဲ့ခြင်းဟာ အေအိုင်နည်းပညာကဏ္ဍမှာ
ပမာဏအမြောက်အမြားရင်းနှီးမြှုပ်နှံမှုအပေါ် ထိခိုက်လာမှာလားဆိုတဲ့ အပေါ်
စိုးရိမ်နေကြပါတယ်။ ထို့အတူ အေအိုင်လောကအတွက် အရွေ့တစ်ခု အလှည့်အပြောင်း တစ်ခုလည်း
ဖြစ်လာနိုင်ပါတယ်။
ကိုးကား - စကိုင်းနယူးစ်


No comments