ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Maris Sangiampongsa ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ် လာရောက်
နေပြည်တော် ဖေဖော်ဝါရီ ၂၂
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး
H.E. Mr. Maris Sangiampongsa ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီ ၂၁ ရက်မှ
၂၂ ရက်အထိ မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ် လာရောက်ခဲ့သည်။
ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး
H.E. Mr. Maris Sangiampongsa သည် ယနေ့ နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဂါရဝပြုတွေ့ဆုံခဲ့ပြီး
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးသန်းဆွေနှင့် တွေ့ဆုံကာ မြန်မာ - ထိုင်းနှစ်နိုင်ငံ ဆွေးနွေးပွဲကို Jasmine Nay Pyi
Taw Hotel ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံနှင့်
ထိုင်းနိုင်ငံတို့အကြား ရှိရင်းစွဲ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာရေးနှင့်
ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု ဆက်လက်မြှင့်တင်ရေး၊ အထူးသဖြင့် တရားမဝင်နယ်စပ်ကုန်သွယ်ရေး၊
တရားမဝင် မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ်မှု၊ အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးမှုနှင့်
နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုစသည့် တရားမဝင်လုပ်ငန်းများ တိုက်ဖျက်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှုများ
ပိုမိုမြှင့်တင်ရေးအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် ပိုမိုနီးကပ်စွာ
ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက
နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးနှင့် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်
ကြိုးပမ်းဆောင်ရွက်နေမှုအပါအဝင် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသော တိုးတက်မှုအခြေအနေများကို
ရှင်းလင်းပြောကြားသည်။
ညနေပိုင်းတွင် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး
ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်မှ ထိုင်းနိုင်ငံဗန်ကောက်မြို့သို့ ပြန်လည်ထွက်ခွာသွားသည်။
ခရီးစဉ်အတွင်း ထိုင်းနိုင်ငံနိုင်ငံခြားရေးဝန်ကြီးနှင့်
ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ ညနေပိုင်းက နေပြည်တော်ရှိ ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ထားကိုးကွယ်သည့်
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကို သွားရောက်ဖူးမြော်ကြပြီး ညပိုင်းတွင် ထိုင်းကိုယ်စားလှယ်အဖွဲ့ကို
ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌
အလုပ်သဘော ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments