နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Maxim RESHETNIKOV ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ လာရောက်ဂါရဝပြုတွေ့ဆုံ

နေပြည်တော် ဖေဖော်ဝါရီ ၂၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Maxim RESHETNIKOV ဦးဆောင်သည့် အဖွဲ့ဝင်များက ယနေ့ မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လာရောက်ဂါရဝပြု တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား ကောင်းမွန်သည့်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများရှိပြီး စီးပွားရေးဆိုင်ရာများတွင် နယ်ပယ်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံ၌ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ကြုံတွေ့ခဲ့ရသည့် သဘာဝဘေးအန္တရာယ်အပါအဝင် အခြားလိုအပ်သည့် အချိန်တိုင်း၌ အကူအညီများပေးအပ်ခဲ့မှု အခြေအနေများ၊ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်းများ ချမှတ်ဆောင်ရွက်ရာတွင် ကျွမ်းကျင်လုပ်သားများရရှိရေး၊ အခြေခံလိုအပ်ချက်များ ပြည့်စုံမှုရှိစေရေးတို့ အပါအဝင် ရေရှည်အကျိုးကိုကြည့်၍ သုတေသနပြု စနစ်တကျ တွက်ချက်ဆောင်ရွက်သွားမည် ဖြစ်သည့် အခြေအနေများ၊ မြန်မာနိုင်ငံတွင် လိုအပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ ဓာတ်မြေဩဇာထုတ်လုပ်ရေး၊ ရေနံနှင့် ဓာတုထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ရေးတို့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်သွားရန်အသင့်ရှိသည့် အခြေအနေများ၊ နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ဆွေးနွေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား စီးပွားရေးနယ်ပယ်ပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် စပ်လျဉ်းပြီး ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။

တက်ရောက်

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဝန်ကြီးနှင့် အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

မှတ်တမ်းတင်ဓာတ်ပုံရိုက်

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဝန်ကြီးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်







No comments

Powered by Blogger.