ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်မြို့ရှိ အားကစားလေ့ကျင့်ရေးစခန်းများနှင့် အားကစားကွင်း/ အားကစားရုံများ ကြည့်ရှုစစ်ဆေး


ရန်ကုန် ဖေဖော်ဝါရီ ၂၂

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ အင်းယားလမ်းရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် လေ့ကျင့်ရေးစခန်းသို့ ရောက်ရှိစစ်ဆေးသည်။

ဦးစွာ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းဝင်လေ့ကျင့်လျက်ရှိသော အနောက်တိုင်းလှေ၊ ရိုးရာလှေနှင့် ကနူး/ ကယက် လှေလှော်အားကစားသမားများ၊ နည်းပြများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ စားရိပ်သာ၊ လှေများထိန်းသိမ်းထားသောနေရာ၊ အမျိုးသား/ အမျိုးသမီးအိပ်ဆောင်တို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားကာ အားကစားသမားများ လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ် လေ့ကျင့်ရေးစခန်း၊ စမ်းချောင်းပဒုမ္မာအားကစားကွင်း ဝူရှူးလေ့ကျင့်ရေးရုံ၊ ကျုံးကြီးလမ်းရှိ ကြက်တောင်အားကစားရုံနှင့် မင်္ဂလာတောင်ညွန့်မြိုနယ်ရှိ အောင်ဆန်းအားကစားပြိုင်ဝင်းတွင် အားကစားသမားများ၏ လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးပြီး အောင်ဆန်းအားကစားပြိုင်ဝင်းနှင့် မိုးလုံလေလုံအားကစားရုံတို့ကို ကြည့်ရှုစစ်ဆေး၍ နိုင်ငံဂုဏ်ဆောင် ပြေးခုန်ပစ်အားကစားသမားဟောင်းများကို တွေ့ဆုံနှုတ်ဆက်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) စားရိပ်သာသို့ရောက်ရှိပြီး ကျောင်းသား/ ကျောင်းသူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ နေ့လယ်စာအတူတကွစားသုံးသည်။

ဆက်လက်၍ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ရေကူးကန်သို့ သွားရောက်ပြီး ပရိသတ် (၄၅၀) ဆံ့ RC-2 နှစ်ထပ် ပွဲကြည့်စင် ဆောက်လုပ်ပြီးစီးမှုနှင့် ရေကူးကန်ထိန်းသိမ်းထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး မြန်မာနိုင်ငံသေနတ်ပစ် အားကစားအဖွဲ့ချုပ် လေ့ကျင့်ရေးစခန်း၌ အားကစားသမားများ လေ့ကျင့်ပစ်ခတ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် မြန်မာနိုင်ငံ မသန်စွမ်းအဖွဲ့ချုပ်သို့ သွားရောက်ပြီး (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲအတွက် စခန်းသွင်းထားသော အားကစားနည်း (၁၂) နည်းမှ အားကစားသမားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားပြီး မသန်စွမ်း၊ ပြေးခုန်ပစ်၊ အားကစားကွင်း Synthetic ပြေးလမ်းပြုပြင်နိုင်ရေး မှာကြားသည်။

ယင်းနောက် မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် မြန်မာ့သိုင်းသင်တန်းကျောင်းတွင် လက်ရွေးစင်အားကစားသမားများ၏ သရုပ်ပြသမှုများကိုလည်းကောင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း ရွှေပင်လုံရှိ မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ် လေ့ကျင့်ရေးကွင်း၌ အားကစားသမားများ လေ့ကျင့်နေမှုကိုလည်းကောင်း၊ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ကျိုက္ကဆံအားကစားကွင်းအတွင်းရှိ ဘောလုံးကွင်း (၁) နှင့် (၂) တို့၌ ISPE ဘောလုံးအသင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းမှ ပြေးခုန်ပစ်အားကစားသမားများနှင့် ဘောလုံး (ကျား/မ) အသင်းတို့ လေ့ကျင့်နေမှုကိုလည်းကောင်း ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို မှာကြားသည်။

ဆက်လက်၍ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် ဒုတိယဥက္ကဌနှင့် တာဝန်ရှိသူများကို တွေ့ဆုံ၍ ဘတ်စကက်ဘောအားကစားအဆင့်အတန်း ပိုမိုမြင့်မားလာစေရေးတို့ကို ကြိုးစားဆောင်ရွက်သွားရန် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments

Powered by Blogger.