ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၏ (၇၅) နှစ်မြောက် စိန်ရတုအထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနားနှင့် စက်မှုဝန်ထမ်းဟောင်းနှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေး တက်ရောက်
နေပြည်တော် ဖေဖော်ဝါရီ ၂၂
မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၏ (၇၅) နှစ်မြောက် စိန်ရတုအထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ၌ ကျင်းပသည်။
ဉီးစွာ စက်မှုဖွံ့ဖြိုးရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက စိန်ရတုအထိမ်းအမှတ် မုခ်ဦးဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်သည်။
ယင်းနောက် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆန်စပါးသည် နိုင်ငံ၏ မရှိမဖြစ်သည့် အခြေခံစားသောက်ကုန်ဖြစ်သလို အရေးပါသော ပြည်ပပို့ကုန်လည်းဖြစ်ကြောင်း၊ နိုင်ငံတော်၏ GDP ကို တွက်ချက်ရာတွင် ပါဝင်သည့် ကဏ္ဍကြီး (၃) ခုအနက် တစ်ခုဖြစ်သည့် လယ်ယာကဏ္ဍတွင် ဆန်စပါးလုပ်ငန်းသည် အဓိကကျသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ နိုင်ငံတော်၏ မူဝါဒဖြစ်သည့် စားရေရိက္ခာဖူလုံရေး၊ MSME ကဏ္ဍနှင့် ပို့ကုန်မြှင့်တင်ရေးစသည့် မူဝါဒများကို အကောင်အထည်ဖော်ရာတွင် ဆန်စက်များလည်ပတ်မှု၊ ဆန်စက်များ အဆင့်မြှင့်တင်မှု၊ တိုးချဲ့တည်ဆောက်မှုတို့နှင့် များစွာဆက်စပ်ပတ်သက်နေကြောင်း။
ဆန်စက်လုပ်ငန်း ဖွံ့ဖြိုးရေးကို ယခုထက်ပိုမိုဆောင်ရွက်နိုင်လျှင် နိုင်ငံတော်နှင့် လုပ်ငန်းရှင်များအတွက် များစွာအကျိုးကျေးဇူးရရှိမည်ဖြစ်ကြောင်း၊ အသေးစား၊ အငယ်စား ဆန်စက်များအနေဖြင့်လည်း ပုဂ္ဂလိကစက်မှုမှတ်ပုံတင်ခြင်းအပြင် MSME မှတ်ပုံတင်ခြင်းကိုပါ ဆောင်ရွက်ပြီး နိုင်ငံတော်မှ ထောက်ပံ့ကူညီပေးနေသည့် MSME ချေးငွေများကိုလည်း လျှောက်ထားရယူနိုင်ပါကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့်လည်း ဆန်စက်မှတ်ပုံတင်စနစ်ကို ပြန်လည်သုံးသပ်ပြီး နိုင်ငံတော်အစိုးရ၏ ဒီဂျစ်တယ်စီးပွားရေး မူဝါဒများနှင့်ကိုက်ညီသည့် Online မှတ်ပုံတင်ခြင်းစနစ်ဖြင့် ဆောင်ရွက်နိုင်စေရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ညှိနှိုင်း၍ စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက ဆန်စက်လုပ်ငန်းများ ဖွံ့ဖြိုးရေးဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးများနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်တို့သည် အဆင့်မြင့်ဆန်စက်များ၊ လယ်ထွန်စက်များ ခင်းကျင်းပြသထားရှိမှုကို လှည့်လည်အားပေး ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ အစီအစဉ် ဒုတိယပိုင်းအနေဖြင့် မြန်မာ့ဆန်စက်လုပ်ငန်း၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်အခြေအနေများ၊ စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများခေါင်းစဉ်ဖြင့် စားပွဲဝိုင်းဆွေးနွေးပွဲများ ကျင်းပပြုလုပ်ပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခဲ့မှုအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဗဟန်းမြို့နယ်၊ ရွှေတိဂုံစေတီတော်မြတ်ကြီး အရှေ့ဘက်မုခ်ရှိ စက်မှုဓမ္မာရုံ၌ ကျင်းပသည့် စက်မှုဝန်ထမ်းဟောင်းနှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးတွင် စက်မှုဝန်ထမ်းဟောင်းအသင်း နာယကများဖြစ်သည့် ပြည်ထောင်စုဝန်ကြီး (ငြိမ်း) များနှင့် အသင်းဥက္ကဋ္ဌတို့က အမှာစကားပြောကြားခြင်း၊ အသင်းအတွင်းရေးမှူးက ၂၀၂၄ ခုနှစ်၊ နှစ်ပတ်လည်အစီအရင်ခံစာနှင့် ငွေစာရင်းရှင်းတမ်းတို့ကို ရှင်းလင်းခြင်း၊ အမှုဆောင်အသစ်များ ရွေးချယ်ခြင်းတို့ကို ဆောင်ရွက်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းဟောင်းများ၏ ကျန်းမာရေး၊ ဝန်ထမ်းသား သမီးများ၏ ပညာရေးလုပ်ငန်းများကို ထောက်ပံ့ကူညီပေးနိုင်ရန်အတွက် အလှူရှင်များက လှူဒါန်းသည့် အလှူငွေများလက်ခံပြီး တက်ရောက်လာသည့် ဝန်ထမ်းဟောင်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments