မူပိုင်ခွင့်ချိုးဖောက်မှုများတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
နေပြည်တော် ဖေဖော်ဝါရီ ၂၂
မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ၏ အမျိုးသားအဆင့်မူပိုင်ခွင့်ဆိုင်ရာ မဟာဗျူဟာ ၄.၈ အရ မူပိုင်ခွင့်မှုခင်းများအား စစ်ဆေးစီရင်မည့် တရားသူကြီးနှင့် တရားရေးအရာရှိများကို မူပိုင်ခွင့်ဆိုင်ရာ အသိပညာများ ဖြန့်ဝေပို့ချပေးရန်၊ မဟာဗျူဟာ ၆ အရ မူပိုင်ခွင့် ချိုးဖောက်မှုများကို တားဆီးကာကွယ်နိုင်စေခြင်းငှာ သက်ဆိုင်ရာ တရားသူကြီးများကို လေ့ကျင့်သင်ကြားပေးရန်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ မဟာဗျူဟာ ရည်မှန်းချက် ၅.၂ ပါ မူပိုင်ခွင့်ဥပဒေများနှင့်စပ်လျဉ်းသည့် အသိပညာပေးအစီအစဉ်များ ဆောင်ရွက်ရန်ရည်ရွယ်၍ မူပိုင်ခွင့်ချိုးဖောက်မှုများ တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Awareness Seminar for the Enforcement of Intellectual Property Rights) ကို ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် Judicial College ၌ ပူးတွဲစနစ် (In-person/Virtual) ဖြင့် ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး တက်ရောက်အမှာစကား ပြောကြားသည်။
အဆိုပါဆွေးနွေးပွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ တရားရေးအရာရှိ ၄ ဦး၊ ကျောက်တံတားခရိုင်တရားရုံးနှင့် ပဲခူးမြို့နယ်တရားရုံးတို့မှ တရားသူကြီး ၂ ဦး စုစုပေါင်း ၆ ဦးတို့က မူပိုင်ခွင့်ချိုးဖောက်မှုများ တားဆီးကာကွယ်ရေးနှင့်သက်ဆိုင်သည့် Trademark Protection in Myanmar ၊ Criminal Litigation regarding with Trademark in Myanmar ၊ Protection of Well-known Trademark ၊ Protection of Online Copyright Infringement in Myanmar ၊ Monetary Relief for Copyright Infringements နှင့် Comparative Study of Damages Resulting from Trademark Infringement: Focusing on Statutory Damages ခေါင်းစဉ်များဖြင့် အသီးသီးတင်ပြဆွေးနွေးခဲ့ကြသည်။
အသိပညာပေးဆွေးနွေးပွဲသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များနှင့် တရားလွှတ်တော် တရားသူကြီးများ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော်များမှ တရားရေးအရာရှိများ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးများ၊ ခရိုင်တရားရုံးများနှင့် မြို့နယ်တရားရုံးများမှ တရားသူကြီးများတက်ရောက်ခဲ့ကြပြီး လူကိုယ်တိုင်တက်ရောက်သူ ၁၇၆ ဦး၊ အွန်လိုင်းဖြင့် တက်ရောက်သူ ၇၀၁ ဦး စုစုပေါင်း တရားသူကြီးနှင့် တရားရေးအရာရှိ ၈၇၇ ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
No comments