MSME လုပ်ငန်းတွေကို မြှင့်တင်ခြင်းအားဖြင့် ပြည်ပဈေးကွက်တွေကို ထိုးဖောက်နိုင်မယ်ဆိုရင် နိုင်ငံတော် အတွက် နိုင်ငံခြားဝင်ငွေ တစ်ဖက်တစ်လမ်းကနေဝင်ရောက်လာမှာ ဖြစ်ပါတယ် (ဦးအောင်ကျော်ဆန်း)
နေပြည်တော် ဖေဖော်ဝါရီ ၁၆
(၇၈)နှစ်မြောက်
ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို
နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ စည်ကားသို က်မြိုက်စွာကျင်းပခဲ့ရာ
MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ၏ နောက်ဆုံးနေ့တွင် နေပြည်တော်ကောင်စီ အပါအဝင်
ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ထွက်ရှိသည့် ဒေသထွက်ကုန်များ၊ ရိုးရာ အစားအသောက်များ၊
ဒေသန္တရထွက်ကုန်များကိုအခြေခံ၍ တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်သည့်
စက်ယန္တရားနှင့် နည်းပညာများကို အနယ်နယ်အရပ်ရပ်မှ ပြည်သူများ စိတ်အားထက်သန်စွာ
လာရောက်ကြည့်ရှုလေ့လာလျက်ရှိကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ဆုရရှိသူများ၏ ရင်တွင်းပီတိစကားသံများကို
တွေ့ဆုံမေးမြန်းရေးသားလိုက်ရပါသည်-
ဦးအောင်ကျော်ဆန်း
ပန်းကမ္ဘာ
မြန်မာ့ပန်းပွတ်လုပ်ငန်း၊ လက်မှုထည်စံပြထုတ်ကုန် အထူးဆုရ
ကျွန်တော်ကတော့ ပဲခူးတိုင်းဒေသကြီး
ပန်းကမ္ဘာမြန်မာ့ပန်းပွတ်လုပ်ငန်းပိုင်ရှင်ပါ။ ပြည်ထောင်စု အဆင့် MSME ပြပွဲ
ပြိုင်ပွဲမှာ ကျွန်တော့်ထုတ်ကုန်အနေနဲ့ လက်မှုထည်စံပြထုတ်ကုန် အထူးဆု ရရှိတဲ့အတွက်
ဝမ်းသာရပါတယ်။ အခုလိုဆုရရှိတဲ့အတွက် နိုင်ငံ့ဂုဏ်ဆောင်သလို တိုင်းဒေသကြီးရဲ့ ဂုဏ်ကိုဆောင်နိုင်တဲ့အတွက်
ထပ်လောင်းဝမ်းသာရပါတယ်။ ပြီးတော့ ကျွန်တော်ရဲ့လုပ်ငန်းကို အများပြည်သူသိရှိနိုင်အောင်
နိုင်ငံပိုင်သတင်းစာတွေကနေ ဖြေကြားခွင့်ရတာကို ကျေးဇူးတင်ပါတယ်။ ဝယ်ယူအားပေးကြသူတွေကိုလည်း
အထူးပဲကျေးဇူးတင်ပါတယ်။ ပြိုင်ပွဲတွေ ကျင်းပပေးခြင်းအားဖြင့် ကိုယ့်ရဲ့ထုတ်ကုန်တွေ
ပိုမိုကျယ်ပြန့်စွာထုတ်လုပ်ဖို့နဲ့ အရည်အသွေးကောင်းမွန်အောင် ထုတ်လုပ်ဖို့
စိတ်ခွန်အားတွေရပါတယ်။ ပြီးတော့ ထုတ်ကုန်တွေကို အများပြည်သူပိုမိုသိရှိလာပြီး
ကျွန်တော်တို့ လုပ်ငန်းဟာလည်း ပိုမိုတွင်ကျယ်လာမယ်လို့ ယုံကြည်ပါတယ်။ နောက်တစ်ချက်က
MSME လုပ်ငန်းတွေကို မြှင့်တင်ခြင်းအားဖြင့် ပြည်ပဈေးကွက်တွေကို ထိုးဖောက်နိုင်မယ်ဆိုရင်
နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေတစ်ဖက်တစ်လမ်းကနေ ဝင်ရောက်လာမှာဖြစ်ပါတယ်။
ကျွန်တော်တို့ ထုတ်ကုန်တွေကို ပြည်တွင်းရော ပြည်ပကပါ ကြိုက်နှစ်သက်ကြပါတယ်။ MSME
ပြပွဲ ပြိုင်ပွဲတွေကျင်းပပေးပြီး MSME လုပ်ငန်းတွေ မြှင့်တင်ဆောင်ရွက်ပေးကြတဲ့
နိုင်ငံတော် အကြီးအကဲနှင့်တကွ တာဝန်ရှိသူအားလုံးကို ကျေးဇူးတင်ပါတယ်။
ဒေါ်ခိုင်မွန်ပြုံး
ပဒုမ္မာဆပ်ပြာစက်ရုံ၊ အလတ်စားစီးပွားရေးလုပ်ငန်း
အထူးဆုရ
ကျွန်မကတော့ မွန်ပြည်နယ်
ပဒုမ္မာဆပ်ပြာစက်ရုံက ဒုတိယ စက်ရုံမှူးဖြစ်ပါတယ်။ ကျွန်မတို့ စက်ရုံက အလတ်စား စီးပွားရေးလုပ်ငန်း
အထူးဆုရရှိတဲ့အတွက် ဝမ်းသာပါတယ်။ ကျွန်မတို့စက်ရုံက ထုတ်ကုန်တွေဟာ
သွင်းကုန်အစားထိုး ကုန်ပစ္စည်းတွေဖြစ်ပြီး ပြည်ပငွေကြေးကိုလျှော့ချပြီး
ပြည်တွင်းမှာ ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူရရှိနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့
ထုတ်လုပ်နေတဲ့ ထုတ်ကုန်တစ်ခု ဖြစ်ပါတယ်။ ကျွန်မတို့ ထုတ်ကုန်ပစ္စည်းတွေဟာ
နိုင်ငံတကာအဆင့်မီ ထုတ်လုပ်ထားတဲ့ ထုတ်ကုန်တွေဖြစ်သလို နိုင်ငံတော်အကြီးအကဲတွေအနေနဲ့
ကျွန်မတို့ ထုတ်ကုန်တွေကို အသိအမှတ်ပြုပေးတဲ့အတွက် ဝမ်းသာပါတယ်၊
ပီတိလည်းဖြစ်ရပါတယ်။ နောင်လည်း ဒီလို MSME ပြပွဲ ပြိုင်ပွဲတွေ မကြာခဏကျင်းပပေးဖို့ကိုလည်း
တောင်းဆိုချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ မသိရှိသေးတဲ့ အမြင်သစ်တွေ၊
အတွေးသစ်တွေကို ဒီမှာရရှိပါတယ်။ ကျွန်မတို့ထုတ်ကုန်တွေနဲ့ ပတ်သက်လို့
အရည်အသွေးစိစစ်ရေးဌာနကြီးကို ဖွဲ့စည်းထားပါတယ်။ အဲဒီဌာနကမှတစ်ဆင့် ထုတ်ကုန်တွေရဲ့
အရည်အသွေးပိုင်းကို နာရီနဲ့အမျှ စိစစ်ပြီးတော့မှ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချပါတယ်။
ကျွန်မတို့ထုတ်ကုန်တွေမှာဆိုရင် အဝတ်လျှော်ဆပ်ပြာမှုန့်၊ ကိုယ်တိုက်ဆပ်ပြာမှာဆိုရင်
အရောင်လေးမျိုးနဲ့ အနံ့လေးမျိုး ထုတ်လုပ်ထားပါတယ်။ ပြီးတော့ အလှဆီ၊ ပေါင်ဒါ၊
မိတ်ကပ်စသဖြင့် ပါဝင်ယှဉ်ပြိုင်ရောင်းချပါတယ်။ သဘာဝထုတ်ကုန်တွေ ဖြစ်တဲ့အတွက်
သုံးစွဲတဲ့ပြည်သူတွေအနေနဲ့ ယုံကြည်စိတ်ချစွာ သုံးစွဲလို့ရပါတယ်။ ဒီပွဲကျင်းပပေးတဲ့
တာဝန်ရှိ သူအားလုံးကို ကျေးဇူးတင်ပါတယ်။
ဦးမြင့်အောင်
သီရိစန္ဒာ အထည်ချုပ် သမဝါယမအသင်း စွမ်းဆောင်ရည်
ဒုတိယဆုရ
ကျွန်တော်ကတော့ သီရိစန္ဒာ
အထည်ချုပ်နှင့် အထွေထွေ ရောင်းဝယ်ရေး သမဝါယမအသင်း မှ
အုပ်ချုပ်မှုဒါရိုက်တာဖြစ်ပါတယ်။ ပြည်ထောင်စုအဆင့် MSME ပြပွဲ ပြိုင်ပွဲမှာ
သမဝါယမအသင်း စွမ်းဆောင်ရည် ဒုတိယဆုရရှိပါ တယ်။ ကျွန်တော်တို့က ဆုရရှိဖို့
ပြိုင်တာတော့ မဟုတ်ပါဘူး။ ဆုရရှိ တော့လည်း ကျွန်တော့်တို့အနေနဲ့ အားရဝမ်းသာ ဖြစ်မိပါတယ်။
အဓိကကတော့ ကျွန်တော်တို့က CNP လုပ်ငန်းနဲ့ချိတ်ဆက်ပြီး ပြည်ပကို တင်သွင်းတာပါ။ နိုင်ငံခြားဝင်ငွေရတာ။ ပြည်သူ ၁၂၀၀ ကိုလည်း
အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးထားပါတယ်။ နိုင်ငံခြားဝင်ငွေနဲ့လည်း
နိုင်ငံတော်ကို အခွန်ဆောင်နိုင်ပါတယ်။ အဲဒါကတော့ ကျွန်တော့်လုပ်ငန်းရဲ့အားသာချက်ပါ။
ပြည်ပပို့တဲ့ အခါမှာလည်း ထုတ်ကုန်တွေကို Made in Myanmar နဲ့
ဂျပန်နဲ့ ဥရောပကိုပို့ပါတယ်။ ဒီမှာလာပြတော့လည်း ကြိုက်နှစ်သက်သူတွေကို ထပ်မှာပြီး
ရောင်းချပေးရတာတွေလည်း ရှိပါတယ်။ ကျွန်တော်ရဲ့ သမဝါယမအသင်း ဖွံ့ဖြိုးတိုးတက်ဖို့
လုပ်ဆောင်နေပါတယ်။ အဲဒီလိုလုပ်ဆောင်တဲ့နေရာ မှာ လုပ်ငန်းရှင်အချင်းချင်း တူရာတူရာတွေစုတာ၊
အခုဆိုရင် ၁၈ ဦး ရှိပါတယ်။ လုပ်သားအင်အားက တော့ ၁၂၀၀ ရှိပါတယ်။ ကျွန်တော်တို့ရဲ့ဆောင်ပုဒ်က
ပစ္စည်းချင်းတူရင် ဈေးသက်သာရမယ်၊ ဈေးနှုန်း တူလျှင် အရည်အသွေး ပိုကောင်းရမယ်ဆိုတဲ့အတိုင်း
ကျွန်တော်တို့ ထုတ်ကုန်တွေက အရည်အသွေး ကောင်းပြီး ဈေးလည်းမှန်ပါတယ်။ အခုလို MSME
ပြပွဲတွေ ကျင်းပတာ အလွန်ကောင်းမွန်ပါတယ်။
ဒေါ်ခင်ချမ်းမြေ့သူ
“ချမ်း”
လူသုံးကုန်ပစ္စည်းလုပ်ငန်း ရန်ကုန်တိုင်းဒေသကြီးပြခန်း
အခု MSME ထုတ်ကုန်ပြပွဲနှင့်
ပြိုင်ပွဲမှာ ကျွန်မအနေနဲ့ ရန်ကုန် တိုင်းဒေသကြီး ကိုယ်စားပြု ပြခန်းမှာ ထုတ်ကုန်
၁၆ မျိုးအထိ ခင်းကျင်းပြသရောင်းချခဲ့တာဖြစ်ပါတယ်။ အဲဒီ ၁၆ မျိုးကလည်း ခုနစ်လ အတွင်းမှာ ထုတ်ကုန် ၁၆ မျိုးထုတ်လုပ်နိုင်ခဲ့တာရယ်၊ ပြိုင်ပွဲအတွေ့အကြုံ
လိုချင်တာရယ်ကြောင့် ဝင်ရောက်ပြသယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ အခုပြိုင်ပွဲမှာ
အားလုံးက အကောင်းဆုံးဖြစ်အောင် ပြင်ဆင်လာကြတာ ဖြစ်ပါတယ်။ ဒီနှစ်မှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့
ယူကလစ်ရှူလိမ်းဆီနဲ့ ကမ်းဇော်ဆီတို့ကတော့ တစ်ရာ ရာခိုင်နှုန်း အောင်မြင်မှုရရှိခဲ့ပါတယ်။
ဆပ်ပြာပဲဖြစ်ဖြစ်၊ ခေါင်းလျှော်ရည်ပဲဖြစ်ဖြစ် လူတွေဟာ မဖြစ်မနေအသုံးပြုနေတဲ့
အသုံးဆောင်ဖြစ်ပါတယ်။ လက်ရှိ အချိန်မှာ ဘယ်သူမဆို လူမျိုးမရွေး
ဘာသာမရွေးအသုံးပြုနေကြတာဖြစ်ပါတယ်။ ကျွန်မဆီကနေ ဘယ်ပစ္စည်းမဆို တစ်ခုချင်းစီ
လိုချင်ရင်လည်း စီစဉ်ပေးဖို့ရှိပါတယ်။ ကျွန်မရဲ့ အွန်လိုင်း စာမျက်နှာတွေမှာဆိုရင်လည်း
ထုတ်ကုန်ပစ္စည်းတစ်မျိုးချင်းစီရဲ့ အနေ အထားလေးတွေကိုလည်း ရှင်းပြပေးတာတွေရှိပါတယ်။
အခုပြိုင်ပွဲမှာဆိုရင် ပြိုင်ပွဲဝင်တွေရဲ့ ထုတ်ကုန်အားလုံး အရည်အသွေးက တူနေ
တာတွေ့ရပါတယ်။ ဆုပေးမယ့် ဒိုင်လူကြီးတွေ အတွက်လည်း အလွန်ခက်ခဲမှာ ဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် အခုလိုပြည်ထောင်စု အဆင့် MSME ထုတ်ကုန်ပြပွဲ ပြိုင်ပွဲတွေ
ကျင်းပပေးတဲ့ တာဝန် ရှိသူတွေကို ကျေးဇူးတင်ရှိပါတယ်။ ဒီလိုပြပွဲပြိုင်ပွဲတွေရှိလို့သာ
လာရောက်ပြသရောင်းချခွင့် ရရှိခဲ့တာဖြစ်ပါတယ်။
ဦးချမ်းမြေ့ပိုင်
သိန်းသီတာ စားသောက်ကုန်လုပ်ငန်း မကွေးတိုင်းဒေသကြီး
အခုလို MSME ပြပွဲမှာ လာရောက်ပြသတဲ့ ရည်ရွယ်ချက်ကတော့ ကိုယ့်ရဲ့ကုန်ပစ္စည်းကို ပြည်သူတွေ
ပိုမိုသိရှိအောင်နဲ့ လုပ်ငန်းရှင်အချင်းချင်း ဆုံတွေ့ချင်တာပဲ ဖြစ်ပါတယ်။
လုပ်ငန်းရှင်အချင်းချင်း ချိတ်ဆက်ရမယ့် အပိုင်းလေးတွေရှိတော့ ဒီမှာကပိုပြီးအဆင်ပြေသွားတယ်။
ထုတ်ကုန်နှစ်ဆ တိုးမြှင့်ဖို့ကို လုပ်ငန်းရှင်တော်တော်များများက လုပ်ဆောင်နေကြသလို
ကျွန်တော်ကိုယ်တိုင်လည်း လုပ်ဆောင်နေပါတယ်။ ကျွန်တော့်စားသောက်ကုန်လုပ်ငန်းမှာဆိုရင်
အမယ်ကိုးမျိုးပါဝင်ပါတယ်။ ခေါက်ဆွဲနဲ့ ဆန်ချောင်းကြော်တို့ ပါဝင်ပါတယ်။ ဒီမှာက
ရောင်းအားလည်းကောင်းတယ်။ အခုဆိုရင် ရောင်းအားအနေနဲ့ သိန်း ၈၀ ကျော်
ရောင်းချပြီးဖြစ်ပါတယ်။ ပြပွဲလာရောက်ပြသတာကတော့ ပထမဆုံးပါ။
ပြပွဲမလာခင်ကတော့ ဒီပွဲက ကြီးကျယ်ခမ်းနားတယ်လို့ပြောကြတယ်။ တကယ်လည်း ကြီးကျယ်ခမ်းနားတာကို ဒီရောက်မှပဲ တွေ့လိုက်ရပါတယ်။
အခုလိုပွဲတွေကို နှစ်စဉ်ကျင်းပပေးဖို့ တာဝန်ရှိသူအားလုံးကို တောင်းဆိုချင်ပါတယ်။
တွေ့ဆုံမေးမြန်းနှင့် ဓာတ်ပုံ
အလင်းသစ်၊ သန်းတင်အောင်






No comments