အမေရိကန် USAID , NED တို့နှင့်ပတ်သက်၍ ..
မြင့်မြတ်
ဒီမိုကရေစီအရေးကြွေးကြော်၊ လူ့အခွင့်အရေးရှေ့တန်းတင်၊
လစ်ဘရယ်လမ်းကြောင်း ထာဝရ လျှောက်လှမ်းနိုင်ရေး ရေသောက်မြစ်များဖြစ်တဲ့ USAID နဲ့ NED..၊ ထိုအေဂျင်စီနဲ့ ဖောင်ဒေးရှင်းနှစ်ခု ကို ဒီမိုကရေစီနဲ့
လစ်ဘရယ်အရေး ဦးဆောင်ခဲ့တဲ့ အမေရိကန်နိုင်ငံက ယနေ့ဒီမိုကရေစီ
ဘက်တော်သားများဖြစ်တဲ့ သမ္မတဒေါ်နယ်ထရမ့်နဲ့ အစိုးရအဖွဲ့ဝင် အီလွန်မတ်စ်တို့ ကိုယ်တိုင်
USAID နဲ့ NED တို့ရဲ့ဆောင်ရွက်ချက်နဲ့ အဂတိဖြစ်မှုတွေအပေါ် ပိတ်ဆို့ဟန့်တား
စိစစ်ခြင်းတွေကို ဘာကြောင့်များ ပြင်းပြင်းထန်ထန် ဆောင်ရွက်နေကြပါသလဲ။
အမှန်တကယ် ထိုကမ္ဘာလုံးဆိုင်ရာ
USAID နဲ့ NED တို့ဟာ ဒီမိုကရေစီစံနှုန်းတွေ၊ လူ့အခွင့်အရေး တန်ဖိုးတွေ၊ လစ်ဘရယ်တန်ဖိုးတွေနဲ့
မကိုက်ညီပါကြောင်း အကြောင်းအချက်များစွာကို ယနေ့ အမေရိကန် ခေါင်းဆောင်တွေနဲ့
အမေရိကန်နိုင်ငံသားတွေ ကိုယ်တိုင်ကသိမြင်နားလည် လက်ခံသွားကြလို့ပဲလား။
ဖြစ်ပေါ်လာသော အတွေးသစ် အမြင်သစ်များနဲ့အတူ...။
စေတနာမမှန် အကြောင်းမကောင်းခြင်းကနေ
သင်ခန်းစာယူနိုင်ရန်
မှန်ကန်တဲ့ အပြောင်းအလဲတစ်ခုဆိုတာ
လူနည်းစုသိနေရုံနဲ့မပြီး၊ လူအများစုက လက်ခံလာဖို့လည်း လိုပါတယ်။ အမေရိကန်တို့သာသိနေရုံမဟုတ်၊
EU လို နိုင်ငံတွေ အချို့အချို့သော လူတွေ နားလည် လက်ခံလာဖို့ လည်း လိုပါသေးတယ်။
မဟုတ်ရင် ယူကရိန်းလို၊ အီရတ်၊
လစ်ဗျားနိုင်ငံတွေမှာ ဖြစ်ပျက်ခဲ့သလို အကြောင်းကြောင့် အကျိုးဖြစ်ရတဲ့
အကြောင်းအကျိုးဆက် ဆိုးကျိုးသဘောတွေ များစွာရှိလာနိုင်ပါတယ်။ သင်ခန်းစာ
ယူစရာတစ်ခုက.. ဘယ်လောက်ပဲ ကောင်းတဲ့ရည်ရွယ်ချက်တွေ၊ မျှော်မှန်းချက်တွေ
ချမှတ်ထားသည်ဖြစ်စေ လက်တွေ့လုပ်ဆောင်သူတွေမှာ အတ္တနဲ့ ကိုယ်ကျိုးစီးပွား
အလွန်အမင်းရှေးရှု မိတဲ့အခါ မကောင်းစေတနာအရင်းခံ အဖျက်လုပ်ရပ်တွေနဲ့ အကျိုးဆက်မကောင်းခြင်းများ
ဖြစ်ပေါ်လာရကြောင်း လက်ခံနိုင်ဖို့ဖြစ်ပါတယ်။ ပညာဉာဏ် အမြော်အမြင်နည်းပြီး
လုပ်နည်းလုပ်ဟန် မမှန်တဲ့ အကြောင်းတရားတွေရဲ့ အကျိုးဆက်က အဆုံးသတ်မကောင်း၊ ဇာတ်သိမ်းမလှ
ဖြစ်ရတယ်ဆိုတဲ့ သဘောတရားအတိုင်းပါပဲ။
ဆက်ရရင်.. အမေရိကန်နိုင်ငံရေးဟာ
ကမ္ဘာအနှံ့ရောင်စုံတော်လှန်ရေးတို့ရဲ့ မြစ်ဖျားခံရာ ဖြစ်ခဲ့တာကြာပါပြီ။ မိမိတို့အလိုကျ
မတရားပုံသွင်းယူ အားလုံးအပေါ် ပြိုင်ဘက်ကင်းဖြစ်ခဲ့တာ ရာစု နှစ်တစ်ခုမကတော့ဘူး
ထင်ပါတယ်။ မူဝါဒရေးရာမှာ ငါသာ Unipolar တစ်ကိုယ်တော် ထင်တိုင်းကြဲ
ကမ္ဘာ့စူပါပါဝါအဆင့်ကနေ တဖြည်းဖြည်းလျှောကျလာပြီး နိုင်ငံတကာ Multipolar အရွေ့မှာ
နိုင်ငံရေး၊ စီးပွားရေး အစစအရာရာဆုတ်ယုတ်လာတဲ့ အမေရိကန်နိုင်ငံကြီးကို ပြန်လည်ဆွဲတင်နေတဲ့
ဒေါ်နယ်ထရမ့်နဲ့ အီလွန်မတ်စ်တို့ဟာ ယခုအချိန်မှာတော့ အမေရိကန်တို့အတွက်
သူရဲကောင်းများ ဖြစ်နေကြပါပြီ။ ဒီမှာတင် ရီပတ်ဘလစ်ကင်ပြိုင်ဘက် ဒီမိုကရက်တို့
ကျဆုံးသွားခဲ့ရပြီး အမေရိကန်ပထမဆိုတဲ့ အမျိုးသားရေးဆန်ဆန်
MAGA တို့က ရှေ့တန်းရောက်လာခဲ့ခြင်းဖြစ်ပါတယ်။
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက်
မဟုတ်ခဲ့ပါ
အမျိုးသားရေးဆန်တဲ့ လက်ရှိခေါင်းဆောင်တွေရဲ့
အမေရိကန်အကျိုးစီးပွား ဦးစားပေး မူဝါဒတွေဟာ ခေါင်းဆောင်အစဉ်အဆက် ကိုင်စွဲလာခဲ့တဲ့
ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တွေနဲ့တော့ ပြဒါးတစ်လမ်း သံတစ်လမ်း
ဖြစ်လာဖွယ်ရာရှိနေပါတယ်။ ကိုယ်မလိုလားတဲ့ အစိုးရတွေကို ဖြုတ်ချဖို့ ယခင်ကလို
မစဉ်းစားနိုင်တော့ဘဲ ပြည်တွင်းရေးမှာ ဦးစားပေပြုပြင်ရမယ့် ပြောင်းလဲ မှုများဘက်
ဦးတည်နေခြင်းက အမေရိကန်နဲ့တကွ ကမ္ဘာ့ဖွံ့ဖြိုးမှုနဲ့ ငြိမ်းချမ်းရေးအတွက်
မှန်ကန်တယ်လို့ ယူဆပါတယ်။
အရင်က ဒီမိုကရေစီ
တန်ဖိုးစစ်စစ်နဲ့ လူ့အခွင့်တန်ဖိုး အမှန်အကန်တွေကို USAID နဲ့ NED တို့ကို
အသုံးပြုပြီး ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အသုံးချနေတယ်လို့ ယူဆခဲ့ကြတယ်။ သို့ပေမယ့်
အမေရိကန် ခေါင်းဆောင်အဆက်ဆက်ဟာ ဆန့်ကျင်ဘက်နိုင်ငံတွေအပေါ်မှာ မိမိအလိုကျ
ပုံစံသွင်းဖို့၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စစ်ရေးနည်းလမ်းပေါင်းစုံနဲ့
ဖိအားပေးဖို့သာ အလားတူ ဖောင်ဒေးရှင်းတွေ၊ အေဂျင်စီတွေကို အသုံးချခဲ့တာကို
တွေ့ရမှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာလည်း ဒီမိုကရေစီစံတန်ဖိုးတွေ၊
လူ့အခွင့်အရေးစံနှုန်းတွေ၊ သက်ဆိုင်ရာနိုင်ငံတန်ဖိုးတွေနဲ့ ကိုက်ညီဖို့ မလိုပါဘူး။
အဓိကအရေးကြီးတာက မိမိအလိုကျ Global Agenda အတိုင်း ကမ္ဘာကြီးတစ်ခု လုံးက
လိုက်ပါဆောင်ရွက်ကြဖို့ပါပဲ။ မိမိတို့အစီအစဉ်အတိုင်း မဆောင်ရွက်နိုင်တဲ့
အစိုးရများဟာ ပြုတ်ကျအောင် ဖြုတ်ချခံခဲ့ရပါတယ်။
မူလ လစ်ဘရယ်စံနှုန်းများနဲ့ရော ကိုက်ညီပါရဲ့လား
Agenda ဆိုရာမှာ အနာဂတ်ကာလ
တစ်ချိန်ချိန်မှာ အဆမတန်အင်အား ကြီးထွားတိုးတက်လာမယ့် တရုတ်နိုင်ငံ နဲ့
ရုရှားနိုင်ငံတို့ကို ကြိုတင်ဟန့်တားပိတ်ဆို့ထားပြီး ထိုနှစ်နိုင်ငံနဲ့ ပလဲနံပသင့်
နိုင်ငံတွေ ပြိုကျပျက်သုဉ်းသွားရန် အစီအစဉ်ဖြစ်ပါတယ်။ ဒီ Agenda အစီအစဉ်ကြောင့်ပဲ
ယနေ့ကမ္ဘာမှာ စိတ်မချမ်းသာဖွယ် အဖြစ်အပျက်များစွာ မြင်တွေ့နေရခြင်းဖြစ်ပါတယ်။
လက်ရှိရော အတိတ်က မြန်မာနိုင်ငံနဲ့ ယူကရိန်း ဖြစ်စဉ်ဖြစ်ရပ်များကိုကြည့်ရင် တရုတ်နိုင်ငံကို
ဝိုင်းပတ်ပိတ်ဆို့ကန့်သတ်ရေး China containment မှသည် China confinement နဲ့
Russia containment အထိ သွားနေတဲ့ အမေရိကန်နဲ့ အနောက်အုပ်စုအစီအစဉ်များရဲ့
အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်စပ်မြင်တွေ့ရမှာ ဖြစ်ပါတယ်။
ဒီလိုပဲ အမေရိကန်နဲ့အနောက်အုပ်စုတို့မှာ
အလားတူအစီအစဉ်များစွာ ရှိခဲ့ပါတယ်။ ဒီမိုကရေစီတို့၊ လူ့အခွင့်အရေးတို့နဲ့အတူ
လစ်ဘရယ်အယူဝါဒတစ်ခုကို မတူကွဲပြားခြားနားမှုရှိကြတဲ့လူ့အဖွဲ့ အစည်းများအတွင်း
အတင်းအဓမ္မ သွတ်သွင်းနေခြင်းပါပဲ။ ကမ္ဘာကြီးမှာ မတူညီတဲ့ယဉ်ကျေးမှု၊
ကွဲပြားတဲ့ဘာသာ တရား၊ ခြားနားတဲ့ နောက်ခံသမိုင်း အသီးသီးရှိကြပါလိမ့်မယ်။ ဒါကို
ကမ္ဘာကြီး တစ်ခုလုံးမှာ လွတ်လွတ်လပ်လပ် လူတစ်ဦးချင်းစီတိုင်း ကိုယ်ကြိုက်တဲ့
ဘာသာအယူဝါဒကို ကိုးကွယ်နိုင်တယ်၊ ကိုယ်ယုံကြည်ရာ ကိုယ်လုပ်နိုင်တယ်ဆို တဲ့
မူလလစ်ဘရယ်ဆိုင်ရာ တန်းတူညီမျှ တရားမျှတမှု စံနှုန်းတချို့က အချို့သောသူတွေအတွက်တော့
နမူနာယူစရာ ဖြစ်ကောင်း ဖြစ်နိုင်ပါလိမ့်မယ်။
ဒါပေမဲ့ မိမိတို့ကျင့်သုံးနေတဲ့
နိုင်ငံရေး စီးပွားရေး လူမှုရေး ယဉ်ကျေးမှု စနစ်များ၊ တန်ဖိုးများ၊
စံနှုန်းများအပေါ်မှာ လိုက်လျောညီထွေဖြစ်အောင် ကောင်းသည်ထက်ကောင်းအောင် မပြုပြင် နိုင်ခဲ့ကြပါဘူး။
ဒီအချက်ကို အခြေခံပြီး အမေရိကန်နဲ့ အနောက်အုပ်စုတို့က ကမ္ဘာကြီးကို
လွှမ်းမိုးပြီးမှ ဖြစ်နိုင်ရင် ရွာကြီးတစ်ရွာတည်းအဖြစ် မြင်လိုနေခြင်း
ဖြစ်ဟန်တူပါတယ်။ လိုချင်တာကို မရမကပုံဖော်မယ်၊ အကျိုးဆက်အနေ နဲ့
ရောင်စုံတော်လှန်ရေးနဲ့ အကြမ်းဖက် မှုတွေ၊ အာခံအန်တုမှုနဲ့ အရိုအသေတန်မဲ့
ရိုင်းစိုင်းမှုတွေ၊ ဘာသာတရားစော်ကား မှုနဲ့ ခွဲခြားမှုတွေ၊ ကျင့်ဝတ်ဖောက်ဖျက်မှု
တွေ၊ Sex education နဲ့ ရုပ်ရှင်ဗီဒီယိုနဲ့ မီဒီယာကနေ ပျံ့နှံ့လာတဲ့ လိင်တူလိင်ကွဲ
LGBT Lesbianနဲ့ sex change operation ကိစ္စတွေ စတဲ့သဘာဝလွန်ဆန့်ကျင်ဘက်
သက်ရောက်မှုများစွာကို ယနေ့ခေတ်မှာ မြင်တွေ့ ကြားသိလာကြရပါတယ်။
ကျောထောက်နောက်ခံနဲ့ အသွင်ယူပုံ
ဒီလိုသက်ရောက်မှုတွေနဲ့
ကိုယ်လိုချင်တဲ့ ရည်မှန်းချက်များဖြစ်လာဖို့ မီဒီယာလွတ်လပ်ခွင့် ခေါင်းစဉ်အောက်မှာ
မီဒီယာကို ကောင်းကောင်းအသုံးချခဲ့ကြတယ်၊ CIA လို ထောက်လှမ်းရေးအဖွဲ့ အစည်းများရဲ့
ကျောထောက်နောက်ခံ နဲ့ INGO, NGO တွေက အေဂျင်စီ ဖောင်ဒေးရှင်းများအဖြစ်
အသွင်အမျိုးမျိုး ယူခဲ့ကြတယ်။ လူသားချင်းကူညီ ထောက်ပံ့မှု ခေါင်းစဉ်အောက်မှာ
စစ်ဘေးရှောင်၊ သဘာဝဘေး၊ ကျန်းမာရေး၊ ပညာရေးအကြောင်းပြ ထောက်ပံ့မှုမျိုးစုံနဲ့
အမျိုးမျိုးကူညီ ပြကြပါလိမ့်မယ်။ ဒါပေမဲ့ ထိုကူညီမှုမျိုးစုံက တစ်နိုင်ငံလုံးမှာ
လွှမ်းခြုံမှုမရှိဘဲ နယ်စပ်ဒေသက ရောင်စုံလက်နက်ကိုင်မျိုးစုံ ထိန်းချုပ်ရာဒေသခံတွေနဲ့
လက်နက်ကိုင်တွေအတွက် ပဲဖြစ်နေတာ တွေ့ရတယ်။ သက်ဆိုင်ရာ နိုင်ငံရွေးကောက်ပွဲတွေမှာ
ဝင်ရောက်စွက်ဖက်မယ်၊ ကိုယ်လိုချင်တဲ့သူ အနိုင်ရအောင်လုပ်၊ ကိုယ့်လူတည်မြဲဖို့အတွက်သာဖြစ်ပြီး
နိုင်ငံရေး၊ စီးပွားရေး၊ လူမှု ရေး အရေးအရာတွေမှာ လွှမ်းမိုးမှုယူ၊
ချုပ်ကိုင်ချယ်လှယ်မှု အမျိုးမျိုးကို တွေ့ကြရမှာဖြစ်ပါတယ်။
ဒီလို ချယ်လှယ်ချုပ်ကိုင်မှုအမျိုးမျိုးအတွက်
US နဲ့ အနောက်အုပ်စုရဲ့ လက်တံခြေတံများစွာအနက်က USAID နဲ့ NED တို့ကို
မျက်နှာဖုံးလှလှစွပ်ထားတဲ့ INGO အဖွဲ့များအဖြစ် မြင်တွေ့နိုင်ပါတယ်။ ဒီနေရာမှာ
အမေရိကန် CIA သည် USAID နဲ့ NED တို့ရဲ့ ရှေ့တန်းစခန်းတစ်ခုအဖြစ် လျှို့ဝှက်လှု ပ်ရှားပါတယ်။
အမေရိကန် အခွန်ထမ်းပြည်သူတွေရဲ့
ဒေါ်လာဘီလီယံချီငွေများစွာဟာ CIA က တစ်ဆင့် ထိုအဖွဲ့နှစ်ဖွဲ့ဆီ စီးဝင်စေ ပြီးမှ
အစိုးရဆန့်ကျင်သူတွေဆီကို ပြည်တွင်း NGO တွေကတစ်ဆင့် လျှို့ဝှက် ရောက်ရှိသွားခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ USAID နဲ့NED
တို့ကို ပရိယာယ်ဝေဝုစ်၊ အလိမ်အညာ၊ အဂတိတွေနဲ့ ပွစာတက်နေတဲ့ အဖွဲ့တွေအဖြစ်
အီလွန်မတ်စ် ကိုယ်တိုင်ရဲ့ ဖော်ပြထားချက်များကို မှတ်သားမိပါတယ်။
ဆန့်ကျင်ဘက်နိုင်ငံတွေအပေါ်
မြေပေါ်မြေအောက်နည်းလမ်းစုံနဲ့ ချဉ်းကပ်ရာမှာ အင်မတန် လက်သံပြောင်တဲ့အဖွဲ့တွေဖြစ်ပါတယ်၊၊
မီဒီယာကိုငွေကြေးပုံအောပြီး သူတို့ ရည်မှန်းချက်ကို ပြီးမြောက်
အောင်မြင်အောင် လုပ်နိုင်ခဲ့တဲ့ သင်ခန်းစာမျိုးကတော့ အတုယူစရာ ဖြစ်ပါတယ်။
အမေရိကန်နဲ့ အနောက်အုပ်စုအလိုကျမဖြစ်တဲ့ နိုင်ငံတွေကို မတည်မငြိမ်ဖြစ် စေဖို့၊
လူတွေရဲ့ အတွေးအခေါ်တွေ ပြောင်းလဲသွားဖို့၊ ကျောင်းသား၊ ဝန်ထမ်း၊ ရဟန်း စတဲ့
လူ့အဖွဲ့အစည်းတွေအတွင်း စိမ့်ဝင်ပြီး အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် ဖြိုခွဲရာမှာ
ထိရောက်ထက်မြက်တဲ့ လက်နက်ကိရိယာများ ဖြစ်ခဲ့ပါတယ်။
ဘယ်လောက်ပဲ လူထုထောက်ခံတဲ့
အစိုးရတစ်ခု ဒီမိုကရေစီအစိုးရတစ်ရပ် ဖြစ်နေပါစေ၊ ဘယ်လောက်ပဲ စီးပွားရေးဖွံ့ဖြိုးနေပါစေ၊
ဘယ်လိုပဲတည်ငြိမ်တဲ့ နိုင်ငံဖြစ်နေပါစေ ဒေါ်လာ လွှမ်းမိုးမှုပါတဲ့ လမ်းပေါ်ထွက်
ဆူပူအုံကြွဆန္ဒပြမှုဒဏ်ကို နိုင်ငံအစိုးရတွေ၊ ပြည်သူတွေဟာ မခံနိုင် ကြပါဘူး။
အာဏာရှင်နဲ့အဂတိခေါင်းစဉ်တပ် နည်းလမ်းပေါင်းစုံနဲ့ အပုပ်ချမှုများ အောက်ကလှုံ့ဆော်မှု
မှန်သမျှဟာ ပြည်သူလူထုကို ဖြားယောင်းသွေးဆောင်ရာမှာ အလွန်လွယ်ကူပါတယ်။ နိုင်ငံတကာ၊
အထူးသဖြင့် အနောက်အုပ်စုရဲ့ နိုင်ငံရေးဖွံ့ဖြိုးရေး၊ ပွင့်လင်းမြင်သာမှုစတဲ့
ခေါင်းစဉ်အမျိုးမျိုး အောက်က ဘာဖိုရမ်၊ ညာဖိုရမ်၊ ဘယ်လိုလူ့အဖွဲ့ အစည်းဆိုတာတွေဟာ
အလွန်အန္တရာယ် များတဲ့အတွက် ထိုအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ဆက်ဆံရာမှာ များစွာသတိ
ထားရမှာဖြစ်ကြောင်း ဖော်ပြလိုတယ်။
ပရိယာယ်ဝေဝုစ်များဖြင့် NED
ဒီနေရာမှာ USAID နဲ့ NED နှစ်ခု
အနက် National Endowment for Democracy (NED) ဆိုတဲ့ အကျိုးအမြတ်မယူတဲ့
ဒီမိုကရေစီအထောက်အပံ့ ဖောင်ဒေးရှင်းတစ်ခုအကြောင်း ဦးစွာ တင်ပြလိုပါတယ်။
သမ္မတရော်နယ်ရေဂင် လက်ထက် ၁၉၈၃ ခုနှစ်က စတင် သန္ဓေတည်လာခဲ့တဲ့ NED ဟာ NDI National
Democratic Institute နဲ့ IRI International Republican Institute ဆိုပြီး
ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကင် အထိုင်နှစ်ဖွဲ့ ခွဲခြားလှုပ်ရှားပါတယ်။
မူလရည်ရွယ်ချက်က ဒီမိုကရေစီအရေး၊
မီဒီယာလွတ်လပ်မှုနဲ့ လွတ်လပ်စွာကုန်သွယ်ရေးဖြစ်ပြီး ဆိုဗီယက်နဲ့ အရှေ့ဥရောပကို
ဖြိုခွဲဖို့အဓိကဖြစ်ခဲ့တယ်။ ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက် မှာ NED ရဲ့
မူလအစီအစဉ်တွေ ဘေးရောက်သွားရပြီး အမေရိကန် ဒီမိုကရေစီစနစ်
ကမ္ဘာအနှံ့ခြေဆန့်နိုင်ရေး CIA ရဲ့လက်ရုံးတစ်ခုဖြစ်လာခဲ့တယ်။ NED ကြောင့်
ပိုလန်အစိုးရ ပြိုကွဲခဲ့ရဖူးတယ်၊ ယူဂိုဆလားဗီးယားနိုင်ငံ အစိတ်စိတ်အမြွှာမြွှာ
ပြိုကွဲသွားခဲ့ရတယ်။ ယနေ့ ရုရှား - ယူကရိန်းပဋိပက္ခဟာဆိုရင်လည်း ၂၀၀၄ ခုနှစ်ကတည်းက
ရုရှားယိမ်းတဲ့ ယူကရိန်းအစိုးရကို အနောက်အုပ်စုထောက်ခံတဲ့ပါတီတွေက ဖြုတ်ချ ခဲ့ခြင်းရဲ့
အကျိုးဆက်ပါပဲ။
၂၀၀၃ ဂျော်ဂျီယာ နှင်းဆီတော်လှန်ရေးနဲ့
၂၀၀၄ ယူကရိန်း လိမ္မော်ရောင် အုံကြွမှုတွေမှာ NED ရဲ့ များပြားတဲ့
ငွေကြေးအကူအညီတွေက အဓိကကျခဲ့ကြောင်း တွေ့ရှိချက်တွေ ရှိပါတယ်။ အမေရိကန်ရဲ့ NED
လုပ်ရပ်တွေဟာ ဥရောပတင်လား၊ မဟုတ်ပါဘူး။ ကမ္ဘာအနှံ့ ခြေဆန့်နိုင်ခဲ့ကြပါတယ်။ ၂၀၁၁
ခုနှစ် အီဂျစ်သမ္မတ မူဘာရက်ပြုတ်ကျခဲ့မှုနဲ့အတူ ယီမင်၊ လစ်ဗျား၊ အယ်လ်ဂျီး
ရီးယားနိုင်ငံတွေဆီက အာရပ်နွေဦး တော်လှန်ရေးတွေ၊ လက်တင်အမေရိက ဘိုလီဗီးယားနိုင်ငံက
ပြည်သူအရွေးချယ် ခံသမ္မတ မိုဆာရေးလ် ပြုတ်ကျသွားတဲ့ ဖြစ်စဉ်တွေမှာ NED က ခိုးကြောင်ခိုးဝှက်နဲ့
ပါဝင် ပတ်သက်ခဲ့ပုံတွေကို လေ့လာကြည့်ရင် သိနိုင်မှာဖြစ်ပါတယ်။
ဒါပေမဲ့ လက်ရှိအမေရိကန်နိုင်ငံရဲ့အဖြစ်အပျက်များစွာက
လျင်မြန်စွာ ပြောင်းလဲနေပါပြီ။ အရင်အစိုးရ အဆက်ဆက်ထားရှိခဲ့တဲ့ အစီအစဉ်တွေနေရာမှာ
လိုလားချက်အသစ်တွေနဲ့ ပြည်တွင်းကော ပြည်ပမှာပါ ပုံဖော်မှုများ
တွေ့နေရပြီဖြစ်ပါတယ်။ ရိုက်ခတ်မှုက အတော်ပြင်းထန်မယ့် လက္ခဏာရှိနေတယ်။
အမြဲတမ်းမိတ်ဆွေဆိုတာ မရှိ၊ ထာဝရရန်သူဆိုတာ မရှိဆိုတဲ့စကားကို လက်ခံနိုင်ရင်
အပြောင်းအလဲက တည်ငြိမ်မယ့်သဘော ရှိပါတယ်။
ရွေ့လျောနေတဲ့ အပြုသဘော
ဖြစ်တည်မှုတစ်ခုကို မရမက ဟန့်တား ရင်တော့ ရှိပြီးသားပဋိပက္ခက ပိုမိုကြီးထွား
လာရုံပါပဲ။ ဘယ်လိုအပြောင်းအလဲပဲ ဖြစ်ဖြစ် ကျွန်တော်တို့ မြန်မာပြည်သူတွေ အနေနဲ့က
ကမ္ဘာ့ရေးရာနဲ့ မြန်မာ့အရေးအဆက်အစပ်များကို မျက်ခြည်မပြတ်ဖို့ လိုပါတယ်။ အကွက်ကျကျ
အရွေ့တွေမှာ အမြော်အမြင်ရှိရှိ လိုက်ပါနိုင်ရင်တော့ အပြောင်းအလဲက ကိုယ့်အတွက်ပါပဲ။
ဘယ်လိုပဲ ရိုက်ခတ်ရိုက်ခတ် အပြု သဘောဆန်နေမှာသာ ဖြစ်ပါတယ်။ ယခုဆောင်းပါးမှတော့
အမေရိကန် NED အပေါ်မှာ ရေးရေးလေးမြင်သာရုံ ဖော်ပြထားပါတယ်။ နောက်ဆောင်းပါး မှာတော့
USAID နဲ့ NED နှစ်ဖွဲ့ ပူးပေါင်းပြီး ကမ္ဘာ့ရေးရာများစွာမှာ ဘယ်လိုလျို့ဝှက် ပါဝင်ပတ်သက်နေကြပါသလဲ..
ဆက်လက်လေ့လာ ဖော်ပြသွားမှာ ဖြစ်ပါကြောင်း
တင်ပြလိုက်ရပါတယ်။

No comments