နှစ်နိုင်ငံ အကျိုးစီးပွားမြင့်မားစွာ ဖော်ဆောင်နိုင်မည့် နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်
ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်း
နိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီး သွားရောက်မည်ဖြစ်ကြောင်း
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက သတင်းထုတ်ပြန်ထားသည်။ ၂၀၂၂ ခုနှစ် စက်တင်ဘာလ
၅ ရက်နေ့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပခဲ့သည့် (၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့
တက်ရောက်ခဲ့ကြသည့် နိုင်ငံတောစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့်
အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၇ ရက်တွင်
ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာဗလာဒီမာပူတင်နှင့် တွေ့ဆုံ၍
နှစ်နိုင်ငံရေးရာ ကိစ္စများကို ဆွေးနွေးခဲ့ရာ မြန်မာနှင့် ရုရှားတို့၏
နှစ်နိုင်ငံဆက်ဆံရေး သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ခဲ့သည်။
ယခုနှစ်သည် ရုရှားနှင့်
မြန်မာတို့၏ နှစ်နိုင်ငံသံတမန် ဆက်ဆံမှု ၇၇ နှစ် ပြည့်မြောက်သော
စိန်ရတုလွန်ကာလသို့ ရောက်ရှိလာသည့်နှစ်ဖြစ်သည်။ ရုရှားသည် မြန်မာနိုင်ငံနှင့်
မိုင်ထောင်ချီ ဝေးကွာသည့် မိတ်ဆွေရင်းနိုင်ငံ တစ်နိုင်ငံဖြစ်ပြီး
မြန်မာနိုင်ငံနှင့် အိမ်နီးချင်း ဆွေမျိုးပေါက်ဖော် နိုင်ငံဖြစ်သော
တရုတ်နိုင်ငံနှင့်အတူ ကမ္ဘာ့ရေးရာမျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှ
ရပ်တည်ပေးခဲ့သူဖြစ်သည်။ (၇) ကြိမ်မြောက် အရှေ့ဖျား စီးပွားရေးဖိုရမ်သို့
တက်ရောက်ခဲ့သည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်
ဗလာဒီဗော့စတော့မြို့၌ တွေ့ဆုံဆွေးနွေးရာတွင် ရုရှားသမ္မတ မစ္စတာဗလာဒီမာပူတင်က
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် ယုံကြည်အားထားရသည့် ကာလရှည်မိတ်ဖက်နိုင်ငံ
ဖြစ်ကြောင်း၊ မိမိတို့နှစ်နိုင်ငံ၏ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများသည်
အလွန်တိုးတက် ကောင်းမွန်လျက်ရှိကြောင်း၊ ကုန်သွယ်ရေးနှင့် စီးပွားရေး
ပူးပေါင်းဆောင်ရွက်မှုများတွင် အလားအလာ ကောင်းများစွာကို တွေ့မြင်နေရကြောင်း
ပြောကြားခဲ့မှုမှာ အမှတ်ရဖွယ်ရာဖြစ်သကဲ့သို့ နိုင်ငံတော် အကြီးအကဲ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း မြန်မာ- ရုရှား နှစ်နိုင်ငံ ဆက်ဆံရေးကို
ထူးခြားသည့် သမိုင်းကြောင်းရှိသည့် ဆက်ဆံရေးဖြစ်ကြောင်းနှင့် လွန်ခဲ့သည့်ဆယ်စုနှစ်
နှစ်ခုမှစတင် ကာ နှစ်နိုင်ငံဆက်ဆံရေးသည် အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ပါကြောင်း
ဂုဏ်ပြုချီးကျူးခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့်
ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ မှုမှာလည်း အမှတ်တရပင်ဖြစ်သည်။
ယခုသွားရောက်မည့်
နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည် ရေးခရီးစဉ်အတွင်း နိုင်ငံတော်အကြီးအကဲ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ
ဗလာဒီမာပူတင်နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံဝန်ကြီးချုပ်နှင့်
တွေ့ဆုံဆွေးနွေးခြင်း၊ ရုရှားနိုင်ငံ ဒူးမား လွှတ်တော်ဥက္ကဋ္ဌနှင့်
တွေ့ဆုံဆွေးနွေးခြင်းများအပါအဝင် ရုရှားအစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့်
တွေ့ဆုံဆွေးနွေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ချစ်ကြည်ရေးခရီးစဉ်အတွင်း
နှစ်နိုင်ငံ အစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံ
ရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာမြောက်
ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ ပိုမိုတိုးတက်ခိုင်မာအောင်
ဆွေးနွေးဆောင်ရွက်သွားမည် ဖြစ်သည်ဟု သိရသည်။
မြန်မာနိုင်ငံသည်
အင်ဒို-ပစိဖိတ်ဒေသအတွင်း အချက်အချာကျသည့်နေရာ၌ တည်ရှိနေပြီး သယံဇာတ အရင်းအမြစ်များ
ကြွယ်ဝသည့်နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံ၏ စွမ်းအင်၊ သတ္တု၊ စိုက်ပျိုးမွေးမြူ
ကုန်ထုတ်လုပ်မှု၊ သိပ္ပံနှင့်နည်းပညာ၊ သတင်းအချက်အလက် နည်းပညာနှင့် ဆက်သွယ်ရေး၊
ဟိုတယ်/ခရီး၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး၊ ကျန်းမာရေး၊ ဘဏ္ဍာရေး၊ ပြန်ပြည့်မြဲ စွမ်းအင်
စသည်တို့အပါအဝင် ကဏ္ဍများစွာတို့တွင် နှစ်နိုင်ငံအကျိုးတူ ဆောင်ရွက်နိုင်ရန်
အလားအလာကောင်း များစွာတို့ရှိနေသည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ၏
ဖိတ်ကြားချက်အရ သွားရောက်မည့် နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေး ခရီးစဉ်သည်
ရုရှားနှင့် မြန်မာ နှစ်နိုင်ငံတို့အကြား တည်ရှိပြီး ဖြစ်သည့်
ချစ်ကြည်ရင်းနှီးမှုကို ထပ်လောင်းတိုးမြှင့်ခိုင်မာစေပြီး နှစ်နိုင်ငံလုံး၏
အကျိုးစီးပွားကို အရှိန်အဟုန်မြင့်မားစွာ ဖော်ဆောင်နိုင်မည်ဖြစ်သည်ဟု
အခိုင်အမာယုံကြည်ပါကြောင်း။
မြန်မာ့အလင်း

No comments