စစ်တွေမြို့နယ် ခေါင်းဒုက္ကာကျေးရွာရှိ ကယ်ဆယ်ရေးစခန်း မီးလောင်ကျွမ်းခဲ့မှုအား ပြန်လည်ထူထောင်ရေး၊ ယာယီနေရာချထားရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ စီစဉ်ဆောင်ရွက်ထားရှိမှု လှည့်လည်ကြည့်ရှု
နေပြည်တော် မတ် ၂
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်
ခေါင်းဒုက္ကာကျေးရွာ ရှိ ကယ်ဆယ်ရေးစခန်း၌ ယမန်နေ့ နံနက် ၂ နာရီ ၁၅ မိနစ်ခန့်တွင်
မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်တွေတပ်နယ်မှ
နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်နယ်မီးသတ်တပ်ဖွဲ့ဝင်များက
မီးသတ်ယာဉ်နှစ်စီး၊ ရေသယ်ယာဉ်သုံးစီး၊ တပ်မတော်ရေသယ်ယာဉ်တစ်စီးတို့နှင့်
ဝိုင်းဝန်း မီးငြှိမ်းသတ်ခဲ့ကြသည်။
အဆိုပါ မီးလောင်ကျွမ်းမှုကြောင့်
ခေါင်းဒုက္ကာ ကျေးရွာ ကယ်ဆယ်ရေးစခန်းမှ အလျား ၄၅ ပေ၊ အနံ ၁၈ ပေ(သွပ်မိုး၊ ထရံကာ၊
ပျဉ်ခင်း)အဆောင် ၃၄ ဆောင်ရှိ အလျား ၁၁ ပေ၊ အနံ ၉ ပေ (သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း)
အခန်း ၂၇၂ ခန်း မီးလောင်ကျွမ်းခဲ့သဖြင့် အိမ်ထောင်စု ၃၁၄ စုနှင့် လူဦးရေ ၂၁၄၉ ဦး
တို့ မီးဘေးသင့်ခဲ့ရသည်။
ထိုသို့
မီးလောင်မှုဖြစ်ပွားခဲ့သည့် ခေါင်းဒုက္ကာ ကျေးရွာကယ်ဆယ်ရေးစခန်း မီးလောင်ပြင်နေရာသို့
ယနေ့နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦးတို့က
တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးကြသည်။ ထို့နောက်
ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က မီးလောင်မှုကြောင့် ပျက်စီးမှုများအား နယ်မြေခံ
တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊
ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ကျေးရွာသားများက ဝိုင်းဝန်းရှင်းလင်းဖယ်ရှားနေမှု၊
မီးဘေးသင့်အိမ်ထောင်စုဝင်များအတွက် ယာယီ နေထိုင်နိုင်ရန်
ရွက်ဖျင်တဲများဆောင်ရွက်နေမှု၊ သောက်သုံးရေများဖြန့်ဝေနေမှု၊ ပြည်သူ့ကျန်းမာရေး
ဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက လိုအပ်သည့်
ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုနှင့် လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ
စီမံခန့်ခွဲမှုဦးစီးဌာနမှ မီးဘေးသင့် အိမ်ထောင်စုတစ်စုလျှင် လူသုံးကုန်ပစ္စည်း ၁၆
မျိုးပါဝင်သည့် ပုံးတစ်ပုံးနှုန်းဖြင့် လူသုံးကုန်ပစ္စည်းပုံး ၃၁၄ ပုံး
ထောက်ပံ့ပေးအပ်ရန် စီစဉ် ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုကြပြီး
ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိ/ရပ်ဖများနှင့် တွေ့ဆုံ၍ လိုအပ်သည်များအား
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ
ဝိုင်းဝန်းဆောင်ရွက်နေသူများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း
သတင်းရရှိသည်။
သတင်းစဉ်


No comments