မြန်မာနိုင်ငံ၌ ပြင်းထန်စွာငလျင်လှုပ်ခတ်ခဲ့မှုနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မစ္စတာ နာရန်ဒရာမိုဒီနှင့် ဖုန်းဖြင့် ဆက်သွယ်ပြောကြား
မြန်မာနိုင်ငံတွင် မတ် ၂၈ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၅၀
ခန့်တွင် မန္တလေးမြို့၏ အရှေ့မြောက်ဘက် မီတာ ၂၀ ခန့်အကွာကိုဗဟိုပြုပြီး ပြင်းထန်စွာငလျင်လှုပ်ခတ်ခဲ့မှုကြောင့်
မြန်မာနိုင်ငံအတွင်း ထိခိုက် ပျက်စီးမှုများဖြစ်ပေါ်ခဲ့မှုများ နှင့်ပတ်သက်၍ အကူအညီများပေးအပ်နိုင်ရေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်သည် ယနေ့ မွန်းလွဲပိုင်းတွင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မစ္စတာ နာရန်ဒရာမိုဒီနှင့်
ဖုန်းဖြင့်ဆက်သွယ်ပြောကြားသည်။
ထိုသို့ပြောကြားရာတွင် ဦးစွာ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်က
မိမိတို့အိန္ဒိယတစ်နိုင်ငံလုံးအနေဖြင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်ခဲ့သော ကြောက်မက်ဖွယ်ဆိုးရွားသည့်
ငလျင်လှုပ်ခတ်ခဲ့မှုသတင်းကို ကြားသိခဲ့ရသည့်အတွက် အိန္ဒိယနိုင်ငံသား များအားလုံးအနေဖြင့်
မြန်မာနိုင်ငံ၏ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုများအပေါ် များစွာကြေကွဲဝမ်းနည်းရပါကြောင်းဖြင့်
ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ယခုကဲ့သို့
မိမိတို့နိုင်ငံနှင့် ပြည်သူများ အတွက် ဝမ်းနည်းကြောင်း ပြောကြားပေးသည့်အတွက် များစွာကျေးဇူးတင်ဝမ်းမြောက်မိပါကြောင်း၊
အိန္ဒိယနိုင်ငံ ပြည်သူများ၏ စာနာထောက်ထားမှုများအတွက်လည်း များစွာကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြောကြားသည်။
ဆက်သွယ်ရေးလမ်းကြောင်းပြန်လည်ပြုပြင်
ထို့နောက် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်က လက်ရှိအခြေအနေများနှင့် ပတ်သက်၍ မေးမြန်းရာနိုင်ငံတော်
ဝန်ကြီးချုပ်က “ကျွန်တော်တို့
အခုတော့ထပ်မံလှုပ်ရှား မှုတော့ မရှိတော့ပါဘူး၊ သို့သော်လည်းပဲ Follow up လှုပ်တဲ့ငလျင်ငယ်လေး တွေတော့ လှုပ်ပါတယ်၊ ကျွန်တော်အခု ငလျင်အဓိကဗဟိုချက်လှုပ်ခဲ့တဲ့
မန္တလေးမြို့ကို ရောက်နေပါတယ်၊ လက်ရှိ သေဆုံးသူ ၁၀၀၂ ယောက်ရှိပါတယ်၊ ဒဏ်ရာရတဲ့သူ ၂၄၀၀
လောက်ရှိပါတယ်၊ ပျောက်နေတဲ့သူတွေတော့ ရှိနေပါသေးတယ်၊ တိုက်တွေကြားထဲမှာ ပိနေတဲ့သူတွေ၊
ပျောက်နေတဲ့သူတွေတော့ ကျန်ပါသေးတယ်၊ ဒါတွေလည်း ကျွန်တော်တို့ ဆယ်တင်ရေးလုပ်ငန်းတွေ
လုပ်နေပါသေးတယ်၊ ဒီထက်ပိုနိုင်ဖို့အလားအလာတော့
များပါတယ်၊ အဖြစ် အများဆုံးကတော့ လက်ရှိ ကျွန်တော်ရောက်နေတဲ့နေရာက အများဆုံးဖြစ်ပါတယ်၊
အဆွေတော်ရဲ့ အခုလိုအားပေး စကားပြောတာရယ်၊ သတင်းဌာနတွေမှာလည်း အဆွေတော်တို့ဘက်ကနေပြီးတော့
ကယ်ဆယ်ရေးပစ္စည်းတွေနဲ့ လူတွေလွှတ်ပြီဆိုတာကိုလည်း သိရတဲ့အတွက် ကျွန်တော်အားရှိပါတယ်၊
ကျွန်တော်တို့ ပြန်လည်ကယ်ဆယ်ရေး လုပ်ငန်းပဲ အဓိကထားပြီး လုပ်နေပါတယ်၊ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်တာတွေကို
ကျွန်တော်တို့ လုပ်နေပါပြီ၊ ရန်ကုန်-နေပြည်တော်နှင့် မန္တလေးတို့အား
ဆက်သွယ်ရေးလမ်းကြောင်း ပြန်လည်ပြုပြင်ရေးလုပ်ငန်းများကို လုပ်နေ ပါပြီ။”
စာနာထောက်ထားမှုအတူရှိနေ
ယင်းနောက် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်က “ယခုကဲ့သို့ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့်
အခြေအနေများနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားပေး သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊
အဆွေတော်တို့အနေဖြင့် လက်ရှိကာလ တွင် ခက်ခက်ခဲခဲရင်ဆိုင် ကျော်ဖြတ်နေရသည်ကို နားလည်သဘောပေါက်ပါကြောင်း၊
မိမိတို့ အိန္ဒိယနိုင်ငံတွင်လည်း ၂၀၀၁ ခုနှစ်က အလားတူပြင်းထန်သည့် ငလျင်လှုပ်ခတ်ခဲ့ပြီး
ထိခိုက်ပျက်စီးဆုံးရှုံးမှုများစွာ ကြုံတွေ့ခဲ့ရကြောင်း၊ ထို့ကြောင့် လက်ရှိကာလတွင်
လူ့အသက်များနှင့် ပိုင်ဆိုင်မှုများဆုံးရှုံးခဲ့ရသည့် မြန်မာနိုင်ငံသားများအနေဖြင့်
တကယ့်ကိုခက်ခဲသည့် အခြေအနေကို ကျော်ဖြတ်နေရသည်ကို မိမိအနေဖြင့် အပြည့်အဝနားလည်ပြီး
မိမိတို့အနေဖြင့် မြန်မာနိုင်ငံသားများနှင့် အတူတကွ စာနာထောက်ထားမှုအတူရှိနေပြီး အဆွေတော်တို့နှင့်အတူ
အခိုင်အမာရပ်တည် လျက်ရှိပါကြောင်း”
ဖြင့် ပြောကြားသည်။
ကူညီမှုများ ဆောင်ရွက်ပေးသွားမည်
၎င်းနောက်ဆက်လက်ပြောကြားရာ၌ ယနေ့ နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံမှ
ကယ်ဆယ်ရေးပစ္စည်း များတင်ဆောင်ထား သည့် လေယာဉ်သည် မြန်မာနိုင်ငံသို့ရောက်ရှိခဲ့ပြီဖြစ်ပြီး
လာမည့်ရက်များတွင်လည်း မြန်မာနိုင်ငံဘက်မှလိုအပ်သည့် ကူညီမှုများကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊
ယခုကဲ့သို့ ကူညီကယ်ဆယ်မှုများကို ဆောင်ရွက်ရာတွင် မိမိတို့နိုင်ငံတွင် အသင့်စုဖွဲ့ထားရှိသည့်
ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဆေးအကူအညီပေးရေးအဖွဲ့ များကိုလည်း မြန်မာနိုင်ငံသို့ ဆောလျင်စွာ
စေလွှတ်ပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံဘက်မှ လိုအပ်ချက်များကို မိမိတို့ထံ အသိပေးအကြောင်းကြား၍
အိန္ဒိယနိုင်ငံအနေဖြင့် ဖြစ်နိုင်သမျှ အကူအညီများအားလုံးကို ပေးအပ်သွား မည်ဖြစ်ကြောင်း၊
မြန်မာနိုင်ငံအနေဖြင့် ယခုကဲ့သို့ အခက်အခဲများကို
ဖြတ်ကျော်နေချိန်တွင် အိန္ဒိယနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံနှင့်အတူတကွရှိနေသည်ကို
ထပ်မံပြောကြားလိုကြောင်း၊ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံနှင့် ညီရင်းအစ်ကို နိုင်ငံများဖြစ်သဖြင့်
မြန်မာနိုင်ငံ၏ လိုအပ်ချက်များကို မိမိတို့အနေဖြင့်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊
အဆွေ တော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်
မကြာမီအချိန်ကာလအတွင်း တွေ့ဆုံဆွေးနွေး နိုင်မည်ဟု မျှော်လင့်ပါကြောင်းဖြင့် ပြောကြားသည်။
အားပေးကူညီမှုများအတွက် ကျေးဇူးတင်ရှိ
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က
ယခုကဲ့သို့ကူညီဆောင်ရွက်ပေးမှုများနှင့် အားပေးမှုများအတွက် များစွာကျေးဇူးတင်ရှိပါကြောင်း၊
မကြာမီကာလ အတွင်း အဆွေတော်ဝန်ကြီးချုပ်နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအကြားဆွေးနွေးရန်ကိစ္စရပ်များကို ဆွေးနွေးနိုင်မည်ဟု ယုံကြည်ကြောင်း၊
ယခုကဲ့သို့ အားပေးကူညီမှုများ အတွက် ကျေးဇူးတင်ရှိသည်ကို ထပ်လောင်းပြောကြားလိုကြောင်းဖြင့်
ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်

No comments