နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ငလျင်ဘေးဒဏ်သင့်နေရာများအား သွားရောက်ကြည့်ရှုစစ်ဆေး၍ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်သွားနိုင်ရေး လိုအပ်သည်များ လမ်းညွှန်မှာကြား
နေပြည်တော် မတ် ၂၉
မတ် ၂၈ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော မြေငလျင်နှင့် နောက်ဆက်တွဲ ငလျင်ငယ်များ လှုပ်ရှားမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း
ဒေသကြီးနှင့် ရှမ်းပြည်နယ်အရှေ့ မြောက်ဒေသ၊ နေပြည်တော် ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီး တို့၌ ငလျင်ဒဏ်သင့်ခဲ့ရပြီး လမ်းတံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရကာ ပြည်သူ အချို့ အသက်သေဆုံးခဲ့ရမှုများနှင့် ထိခိုက်ဒဏ်ရာရရှိမှုများဖြစ်ပေါ်ခဲ့ရသဖြင့် ရှာဖွေကူညီကယ်ဆယ်ရေး လုပ်ငန်းများကို သက်ဆိုင်ရာ နယ်မြေအလိုက် ဆောင်ရွက်လျက်
ရှိသည်။
ကြည့်ရှုစစ်ဆေး
ထိုသို့ ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့နံနက်အစောပိုင်းတွင် ထိခိုက် ပျက်စီးဆုံးရှုံးမှု များပြားခဲ့ရ
သည့် မန္တလေးတိုင်းဒေသကြီးသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီး
ဆုံးရှုံးခဲ့ရမှုများကို ရဟတ်ယာဉ်များဖြင့် ဦးစွာကြည့်ရှု စစ်ဆေးသည်။
ထို့နောက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အစည်းအဝေးခန်းမ၌ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်
ဦးမျိုးအောင်၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ရမှုများ၊ ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေ များကိုတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ အမြန်ဆုံး ဆောင်ရွက်ပေးသွားရန် လိုကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများကို နီးစပ်ရာဆေးရုံ၊ ဆေးခန်းများ၌ အမြန်ဆုံးပို့ဆောင်၍ လိုအပ်သည့် ကျန်းမာရေးစောင့် ရှောက်မှုများကို စစ်ဘက်၊ အရပ်ဘက်မှ ဆေးမှူးပါရဂူများဖြင့် အမြန်ဆုံး ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ သေဆုံးခဲ့ရသူများကိုလည်း ကောင်းမွန်စွာဖြင့် သင်္ဂြိုဟ်ခြင်းများ ဝိုင်းဝန်းဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ပျက်စီးဆုံးရှုံးမှုများကြောင့် နေထိုင်ရန် အခက်အခဲရှိသူများကိုလည်း ကိုဗစ်-၁၉ ဖြစ်ပေါ်စဉ်ကကဲ့သို့ နေထိုင်ရန်နေရာများကို တာဝန်ရှိသူ များက သက်ဆိုင်ရာနေရာများအလိုက် အမြန်ဆုံးစီစဉ်ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ငလျင်ဒဏ် ကြောင့် ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် အန္တရာယ်ရှိအဆောက်အအုံများကိုလည်း အမြန်ဆုံး စနစ်တကျရှင်းလင်းမှုများ ဆောင်ရွက်သွားရန်လိုကြောင်း၊ ယခုဖြစ်စဉ်ကို သင်ခန်းစာယူ၍ သက်တမ်းရင့်
အဆောက်အအုံများအား အရည်အသွေးစစ်ဆေးခြင်း၊ အဆောက်အအုံသစ်များ ဆောက်လုပ်ရာတွင် သတ်မှတ် ခံနိုင်ရည် စံနှုန်းများနှင့်အညီ တည်ဆောက်စေရေးတို့ကို စနစ်တကျ စစ်ဆေးဆောင်ရွက်သွား ရန်လိုကြောင်း၊
ငလျင်ဒဏ်သင့်ဒေသများ၌ ရေ၊ မီးနှင့် နေထိုင်ရန် နေရာများ အဆင်ပြေမှုရှိစေရေး၊ စားသောက်မှုအဆင်ပြေစေရေး အမြန်ဆုံး စီစဉ်ဆောင်ရွက်ပေး သွားရန်လိုကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးများအလိုက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေး လေယာဉ်ကွင်းနှင့် လေယာဉ်ပြေးလမ်းများကို အမြန်ဆုံး ကောင်းမွန်အောင် ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြား ခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် နန်းမြို့ရိုး တစ်လျှောက် ငလျင်ဒဏ် ကြောင့် ပြိုကျပျက်စီးခဲ့ရမှု အခြေအနေများ၊
မန္တလေးမြို့အတွင်း အဆောက်အအုံနှင့် လမ်းများပျက်စီးခဲ့ရမှု၊ မန္တလေးတက္ကသိုလ် ပင်မဆောင်ပြိုကျပျက်စီးမှုနှင့် မီးလောင်ပျက်စီးခဲ့ရမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက် များအပေါ် ပြိုကျပျက်စီးနေသည့် အဆောက်အအုံများအတွင်း ပိတ်မိ နေသူများအား
အမြန်ဆုံးရှာဖွေ ဖော်ထုတ်နိုင်ရေး ဆောင်ရွက်သွားရန်၊ ပြန်လည်ဆယ်တင်ရေးလုပ်ငန်းများကို ဦးစားပေးအဆင့်
အလိုက် ဆက်လက်ဆောင်ရွက်သွားရန်၊ သင်ကြားရေး၊ ကျန်းမာရေး အဆောက်အအုံများအပြင် အဆောက်အအုံသစ်များ ပြန်လည်တည်ဆောက်ရာ၌ မြန်မြန်ဆန်ဆန်နှင့် ခိုင်ခိုင်မာမာဖြစ်စေရေး ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို မှာကြားသည်။
လမ်းညွှန်မှာကြား
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ချမ်းမြသာစည် မြို့နယ်ရှိ
လေဆိပ်အဟောင်းနေရာ၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား ဆေးကုသမှု ဆောင်ရွက်ပေးနိုင်ရေးအတွက် ယာယီဆေးရုံနှင့် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ပေးရန် စီစဉ် ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည် များ လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် နန်းမြို့ရိုး
အတွင်း ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ရှေးဟောင်းအဆောက်အအုံ များဖြစ်သော
ပဟိုရ်စင်နှင့် စွယ်တော်စင်တို့အား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ
လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံ
အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် စည်ရှည်တံခါးအနီး
မြို့ရိုးနှင့် နန်းမြို့ရိုးတစ်လျှောက် ထိခိုက်ပျက်စီးနေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး
ခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
အမြန်ဆုံးဆောင်ရွက်ပေး
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် မန္တလေးမြို့အထွေထွေရောဂါကုဆေးရုံကြီးသို့
ရောက်ရှိကြပြီး ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများအား ဆေးဝါးကုသမှု ဆောင်ရွက်ပေးနေမှုများကို
ကြည့်ရှု၍ အားပေး စကားပြောကြားကာ ထိခိုက်ဒဏ်ရာရရှိသူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို
အမြန်ဆုံးဆောင်ရွက်ပေးသွားနိုင်ရေး ကျန်းမာရေးဝန်ကြီးဌာနနှင့် တပ်မတော်ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးတို့
ပူးပေါင်း၍ လျင်လျင်မြန်မြန် ဆောင်ရွက်သွားရန်၊ ဆေးကုသမှုခံယူရာတွင် နေရာ အခက်အခဲဖြစ်ပေါ်နေမှုအား
တပ်မတော်ဆေးရုံများနှင့် ယာယီဆေးရုံများ၌ ရွှေ့ပြောင်း ကုသမှုပေးနိုင်ရေး ဆောင်ရွက်သွားရန်နှင့်
အခြားလိုအပ်သည်များကို မှာကြားသည်။
အားပေးစကားပြောကြား
ထို့နောက် နိုင်ငံတော်စီမံ
အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ချမ်းအေးသာစံမြို့နယ်
၇၃ x ၃၀ လမ်းထောင့်ရှိ ယာယီနေထိုင်ရေးစခန်းသို့ ရောက်ရှိကြပြီး တာဝန်ရှိ သူများ၏
တင်ပြချက်များအပေါ် လိုအပ်သည်များမှာကြားသည်။ ယင်းနောက် ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု
ဦးစီးဌာနမှ ထောက်ပံ့လှူဒါန်းသည့် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါ ပုံးများပေးအပ်ကာ ရင်းရင်းနှီးနှီး
အားပေးစကားပြောကြားသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် မဟာမြတ်မုနိဘုရားကြီး အရှေ့ဘက်တန်ဆောင်း
ပြိုကျပျက်စီးနေမှု အခြေအနေများနှင့် စစ်ကိုင်း-မန္တလေး လမ်းဟောင်းပေါ်ရှိ
စစ်ကိုင်းတံတား(အင်းဝ) ရထားလမ်းကူးတံတား
ပြိုကျ ပျက်စီးနေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး မန္တလေး-မြစ်ကြီးနား ဆက်သွယ် ထားသော ရထားလမ်းသည် ယခုရထားလမ်းတစ်ခုတည်းသာရှိသဖြင့် အမြန်ဆုံးပြန်လည်ပြင်ဆင်
ပေးသွားရန်နှင့် အခြားလိုအပ်သည်များကို မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မဟာအောင်မြေမြို့နယ်ရှိ မစိုးရိမ်တိုက်သစ်သို့ရောက်ရှိကြပြီး
ငလျင်ဘေးဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့ရမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး နိုင်ငံတော်ဩဝါဒါစရိယ အကျိုးတော်ဆောင်
ဥက္ကဋ္ဌ မစိုးရိမ်တိုက်သစ် မဟာနာယက ဆရာတော်ဘဒ္ဒန္တ
ဝါသေဋ္ဌာဘိဝံသ၏ မိန့်ကြားတော်မှုများကို နာယူကာ ရေ၊ မီးကိစ္စများ အဆင်ပြေစေရေး၊
ပြိုကျပျက်စီးဆဲ အဆောက်အအုံများအား ဘေးပတ်ဝန်း
ကျင်ဘေးအန္တရာယ်မရှိစေရေးအတွက် အမြန်ဆုံးဖယ်ရှားရှင်းလင်းခြင်းနှင့် ရှာဖွေကယ်ဆယ်ခြင်း
များ ဆောင်ရွက်ပေးသွားရန် တာဝန်ရှိသူများကို မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံ
အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် မန္တလေးမြို့
ပရိယတ္တိသာသနဟိတအသင်းကြီး၊ တိုးချဲ့ဆောင်သို့ရောက်ရှိကြပြီး လေးထပ်တိုးချဲ့ ဆောင် ငလျင်ဘေးဒဏ်ကြောင့်
ပြိုကျပျက်စီးနေမှုနှင့် အပျက်အစီးများအကြား ပိတ်မိနေသည့် စာဖြေသံဃာတော်များအား ရှာဖွေကူညီရေးဆောင်ရွက်နေမှုများကို
လိုက်လံကြည့်ရှုကာ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားနိုင်ရေး
တာဝန်ရှိသူများကို မှာကြား သည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် အောင်မြေသာဇံမြို့နယ် ရှိ Sky Villa နေရာသို့ ရောက်ရှိကြ ပြီး ငလျင်ဘေးဒဏ်ကြောင့် ပြိုကျ ပျက်စီးမှုများ အများအပြားဖြစ်ပေါ်ခဲ့မှုအခြေအနေများကို
ကြည့်ရှုကာ တာဝန်ရှိသူများ၏ တင်ပြ ချက်များအပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်ပေးနိုင်ရေး
လိုအပ်သည်များ ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် အစည်းအဝေးခန်းမ၌ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်
ဦးမျိုးအောင်၊ စစ်ကိုင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများအားတွေ့ဆုံ၍ သက်ဆိုင်ရာ တိုင်းဒေသ ကြီးအလိုက် သေဆုံး၊ ဒဏ်ရာရနှင့်
ပျောက်ဆုံးစာရင်းများကို တိကျစွာရရှိနိုင်ရေး ဆက်လက်စိစစ် ကောက်ယူသွားရန်လိုကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများကို ဆေးရုံ၊ ဆေးခန်းများ၊ ယာယီဆေးရုံ များအားလုံး ဖြန့်ခွဲ၍ မြန်မြန်ဆန်ဆန် ဆေးဝါးကုသမှုဆောင်ရွက်ပေးနိုင်ရန်လိုကြောင်း၊ တပ်ဘက်၊ အရပ်ဘက်ဆေးရုံများ အားလုံး၊ ကျန်းမာရေးဝန်ထမ်းများအားလုံးက တက်ညီလက်ညီဖြင့် ဖိဖိစီးစီး ဆောင်ရွက်ပေးသွားနိုင် ရန်လိုကြောင်း၊
ပြိုကျပျက်စီးသွားသော အဆောက်အအုံများနှင့် ပြိုကျ ပျက်စီးနေဆဲ
အဆောက်အအုံများကို အမြန်ဆန်ဆုံးစနစ်တကျဖြင့် ဖယ်ရှားရှင်းလင်းနိုင်ရန်လို ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်မှသာလျှင် ဘေးပတ်ဝန်းကျင်၌လည်း ဘေးအန္တရာယ်ကင်းရှင်းစေ မည်ဖြစ်ကြောင်း၊ ယာယီနေထိုင်ရေး နေရာများ၌ နေထိုင် နေရသူများကိုလည်း စနစ်တကျရှိစေရေး ဆောင်ရွက် ပေးနိုင်ရန်လိုကြောင်း၊ ပျက်စီးဆုံးရှုံးခဲ့ရသည့် မန္တလေးတက္ကသိုလ် ပင်မဆောင်ကြီးကို မူလလက်ရာ မပြတ်အမြန်ဆုံးပြန်လည် တည်ဆောက်နိုင်ရန်လိုပြီး ခိုင်ခံ့မှုရှိရန်နှင့် ဘေးအန္တရာယ်
ကင်းရှင်းမှုရှိသည့် ဒီဇိုင်းဖြစ်စေရေး စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်း၊ ငလျင်ဘေးဒဏ်သင့် ခဲ့ရသည့် ပြည်သူများအတွက် စားရေး၊ နေရေးနှင့် အခြားလူမှုကိစ္စရပ်များ အဆင်ပြေစေရေး
အတွက်လည်း စီစဉ်ဆောင်ရွက်ပေးသွားရမည် ဖြစ်ကြောင်း။
ရသင့်ရထိုက်သူများရရှိရေး
ငလျင် ဘေးဒဏ်ကြောင့်
ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့် လမ်းတံတားများ၊
နိုင်ငံပိုင်အဆောက် အအုံများ ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို မိမိတို့အနေဖြင့် အင်တိုက် အားတိုက် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပြီး ငွေကြေး အင်အား၊ လူအင်အား၊ ယာဉ် ယန္တရားအင်အားများစွာကို သုံးစွဲဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သန့်ရှင်းရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကိုလည်း မြန်မြန်ဆန်ဆန်ဖြင့် ဆက်လက်ဆောင်ရွက်ပေးသွားရန် လိုကြောင်း၊
ကယ်ဆယ်ရေး ပစ္စည်းများပေးအပ်ရာတွင်လည်း ငလျင်ဘေးဒဏ်သင့်ခဲ့ရသူများ အားလုံး၊ ရသင့်ရထိုက်သူများအားလုံးရရှိစေရေး စနစ်တကျ စာရင်းပြုစုဆောင်ရွက်သွားရန် လိုကြောင်း၊
စာရင်းများ မထပ်စေရေးနှင့်
ကျန်နေခဲ့ရသူများမရှိစေရေး၊ မျှမျှတတဖြစ်စေရေး တာဝန်ရှိသူများအားလုံးက ကြပ်ကြပ်မတ်မတ်
ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့အနေဖြင့် ပြန်လည်ထူထောင်ရေး ဆိုင်ရာကိစ္စရပ်များကို များစွာဆောင်ရွက်သွားရမည်ဖြစ်ပြီး ဦးစားပေး အဆင့်အလိုက် အမြန်ဆုံးဆောင်ရွက်ပေးသွားရန်လိုကြောင်းဖြင့် မှာကြားသည်။
ထို့နောက် ခရီးစဉ်တွင်
လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် ငလျင်ဘေးဒဏ်သင့်ဒေသများတွင် ကူညီကယ်ဆယ် ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများ၊
ပြန်ကြားရေးနှင့် အသိပညာပေးရေးလုပ်ငန်းဆောင်ရွက်နေမှုများ၊ လုပ်ငန်းရပ်များအလိုက် လိုအပ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အမြန်ဆုံးပြန်လည်ပြင်ဆင်
ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မန္တလေးမြို့မှ ရဟတ် ယာဉ်များဖြင့်ထွက်ခွာခဲ့ပြီး မန္တလေးမြို့အတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးနေမှုအခြေ အနေများနှင့်
စစ်ကိုင်းတံတား(အင်းဝ) ရထားလမ်းကူးတံတား ပြိုကျပျက်စီးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိပြီး
ငလျင်ဘေးဒဏ်ကြောင့် လေယာဉ်ပြေးလမ်းအနည်းငယ်ထိခိုက် ပျက်စီးခဲ့မှု
အခြေအနေ များကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ကူညီကယ်ဆယ်ရေး
လုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပျက်စီးနေသည့်နေရာများအား အမြန်ဆုံးပြန်လည် ပြင်ဆင်မှုများဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို မှာကြားသည်။
စာရင်းများဆက်လက်ကောက်ယူ
လက်ရှိအချိန်အထိ နောက်ဆုံး ကောက်ယူရရှိသော
စာရင်းများအရ တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ငလျင်ဒဏ်သင့်ခဲ့ရသည့် ဒေသများအားလုံး၌ ငလျင်ဘေးဒဏ်ကြောင့် သေဆုံးခဲ့ရသူ
စုစုပေါင်း ၁၆၄၄ ဦး၊ ဒဏ်ရာရရှိသူ
စုစုပေါင်း ၃၄၀၈ ဦး၊ ပျောက်ဆုံးနေ
သူ ၁၃၉ ဦး ဖြစ်ကြောင်းနှင့် အသေးစိတ် စာရင်းများအား
ဆက်လက်ကောက်ယူ လျက်ရှိသည်။
အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အတူ လိုက်ပါလာ သည့် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင်ဦးလွင်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း တို့သည်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာန များအလိုက် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေရာများအား
လိုက်လံကြည့်ရှု၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
%20Nantwin.jpg)
No comments