နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၅ ခုနှစ်၊ မေ ၈ ရက်တွင် မော်စကိုမြို့၊ Ararat Park ဟိုတယ်ခန်းမ၌ ရုရှားနိုင်ငံ RT သတင်းဌာန၏ မေးမြန်းမှုများကို ဖြေကြား
နိုင်ငံတော် စီမံအုပ်ချုပ်ရေး
ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၅
ခုနှစ်၊ မေ ၈ ရက်တွင် ရုရှားနိုင်ငံ RT သတင်းဌာနအား မော်စကိုမြို့၊ Ararat Park ဟိုတယ်ခန်းမ၌
လက်ခံတွေ့ဆုံခဲ့ပြီး သိရှိလိုသည့် မေးမြန်းမှုများကို ဖြေကြားခဲ့သည်။ တွေ့ဆုံ မေးမြန်းမှု
အပြည့်အစုံမှာ-
မေး။ ။ လေးစား အပ်ပါသော
အဆွေတော် နိုင်ငံတော်ဝန်ကြီးချုပ်ခင်ဗျာ။ ကျွန်တော့်အနေနဲ့ အဆွေတော်နဲ့ အခုလိုမျိုး
အင်တာဗျူးခွင့်ရတဲ့အတွက် ဂုဏ်ယူကြောင်း ဦးစွာပထမ ပြောကြားလိုပါတယ်။ အခုလိုမျိုး ကျွန်တော်တို့
ရုရှားနိုင်ငံရဲ့ နှစ် ၈၀ ပြည့် မဟာမျိုးချစ်အောင်ပွဲ အခမ်းအနားကို တက်ရောက်လာတဲ့အတွက်လည်း
ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ဒီအောင်ပွဲဟာ ကျွန်တော်တို့ ရုရှားနိုင်ငံအတွက်လည်း
များစွာတန်ဖိုးရှိသလို ဒီအောင်ပွဲနဲ့ ပတ်သက်ပြီးတော့ ဖက်ဆစ်ဝါဒကို တွန်းလှန်နိုင်ခဲ့တဲ့
မြန်မာနိုင်ငံအတွက်လည်း များစွာတန်ဖိုးရှိတယ်လို့ ကျွန်တော်သိရှိရပါတယ်။
တစ်ဆက်တည်းမှာပဲ မြန်မာနိုင်ငံမှာ
လှုပ်ခဲ့တဲ့ ငလျင်ကြောင့် မြန်မာနိုင်ငံ ထိခိုက်ပျက်စီးဆုံးရှုံးသွား တယ်ဆိုတာလည်း
သိရှိရပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့လည်း ဝမ်းနည်းကြောင်း ပြောကြား လိုပါတယ်။ ကျွန်တော်ပထမဆုံး
မေးချင်တဲ့မေးခွန်းကတော့ ဒီငလျင်နဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ်ကြီး အနေနဲ့ အကူအညီပေးမှု၊
အားထုတ်မှုတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမျိုးမှတ်ချက်တွေ ပေးချင်ပါသလဲ။ ကယ်ဆယ်ရေးလုပ်ငန်းတွေကရော
ဘယ်လောက်ထိ အထောက်အကူပြုပါသလဲ။ အများကြီး လျင်မြန်မှုရောရှိပါသလား။ အစစအရာရာရော အဆင်ပြေပါသလား။
အဲဒါလေး သိချင်ပါတယ်ခင်ဗျာ။
ဖြေ။ ။ ပထမဆုံးတော့ ကျွန်တော်တို့တွေ
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးအကြောင်း ခင်ဗျားဝမ်းနည်းကြောင်းပြောတဲ့အတွက်လည်း
ကျေးဇူးတင်ကြောင်း ကျွန်တော်တို့ ပြောလိုပါတယ်။ ငလျင်က တကယ်တော့ တော်တော်လေး ပြင်းထန်ပါတယ်။
၇.၇ ရစ်(ခ်)တာစကေးရှိပါတယ်။ ၁၉၀၀ ပြည့်နှစ် နောက်ပိုင်းမှာ လှုပ်ခဲ့တဲ့ငလျင်ထဲမှာ ဒုတိယ
အပြင်းထန်ဆုံး ငလျင်ဖြစ်ပါတယ်။ ကျွန်တော်တို့ ၁၈ ကြိမ် လှုပ်ခဲ့တဲ့အထဲမှာ ၁၉၁၂ ခုနှစ်လှုပ်ခဲ့တာတော့
၈ ရစ် (ခ်) တာစကေးရှိပါတယ်။ အခုငလျင်ဟာ တော်တော်လေးပြင်းထန်တဲ့ ငလျင်တစ်ခုပါ။ ထိခိုက်သေဆုံးမှုလည်း
တော်တော်လေး များပါတယ်။ လူအားလုံး ၃၇၀၀ ကျော် သေပါတယ်။ ၅၀၀၀ ကျော် ဒဏ်ရာရပါတယ်။ နောက်
၈၀ လောက် ပျောက်နေတာရှိပါသေးတယ်။ အိမ်ခြေပေါင်းလည်း ၆၇၀၀၀ လောက် ပျက်စီးမှုရှိပါတယ်။
ကျောင်းပေါင်း ၆၄၀၀ လောက် ပျက်စီးမှုရှိပါတယ်။ ဆေးရုံ ဆေးခန်း ၃၅၀ လောက် ပျက်စီးမှုတွေ
ရှိပါတယ်။ လမ်းတံတားတွေလည်း အများကြီးပျက်ပါတယ်။ နိုင်ငံတကာ အကူအညီလည်း ကျွန်တော်က
ဖြစ်ပြီးတော့ဖြစ်တဲ့ နေရာတွေ လိုက်ကြည့်တဲ့အချိန်မှာ တော်တော်လေးကို ဆိုးဆိုးရွားရွား
ပျက်စီးမှုတွေ တွေ့ရတဲ့အတွက်ကြောင့် နာရီပိုင်းအတွင်းမှာပဲ နိုင်ငံကိုလည်း အရေးပေါ်အခြေအနေကို
ကြေညာတာပေါ့။ ပြီးတော့ နိုင်ငံတကာ အကူအညီကိုလည်း ကျွန်တော်တောင်းခံခဲ့ပါတယ်။ နိုင်ငံတကာ
အကူအညီကလည်း ၂၄ နာရီအတွင်း မှာကိုပဲ ကျွန်တော်တို့ဆီ ရောက်လာတယ်။ တော်တော်အားရဖို့လည်းကောင်းပါတယ်။
ခင်ဗျားတို့ ရုရှားနိုင်ငံအပါအဝင် တရုတ်၊ အိန္ဒိယ ကမ္ဘာ့ နိုင်ငံ ၂၆ နိုင်ငံ လောက်လာပြီး
ကူညီကြပါတယ်။ ၇၂ နာရီ အတွင်းမှာပေါ့။ ထုံးစံကတော့ သူတို့သတ်မှတ်ထားတာ ၇၂ နာရီအတွင်းမှာ
ကယ်နိုင်ရင်တော့ အသက်ရှင်နိုင်ဖို့ အခွင့်အရေးရှိတယ်လို့ ပြောတာပဲ။ ဒါပေမယ့် ၂၄ နာရီအတွင်းမှာကို
သူတို့ ရောက်လာကြတယ်။ အသက်ရှင်လျက် ကျွန်တော်တို့ ရှစ်ယောက် ကယ်လို့ရခဲ့တယ်။ နောက်တစ်ခါ
Dead Body ကတော့ အများကြီးပေါ့လေ။ ရတာတော့ အများကြီးရှိပါတယ်။ ဘာပဲပြောပြောကူညီမှု
ကတော့ အားရဖို့လည်းကောင်းပါတယ်။ နောက်တစ်ခုကလည်း ကယ်ဆယ်ရေးပစ္စည်းတွေပေါ့။ အဲတာတွေကလည်း
လေယာဉ်ပျံတွေ နောက်ပြီး သင်္ဘောတွေ၊ မော်တော်ကားတွေနဲ့ အကုန်လုံး ရောက်လာတာဖြစ်တဲ့အတွက်ကြောင့်
ဘာပဲ ပြောပြော နိုင်ငံအတွက်တော့ အထောက်အကူရ တယ်လို့ ပြောရပါလိမ့်မယ်။ သို့သော်လည်း
ပြန်လည်ရှင်းလင်းရေးလုပ်ငန်းနဲ့ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေ ပြန်လုပ်ဖို့ကတော့
ကျွန်တော်တို့အများကြီး လုပ်ရဦးမှာ။ ဒီထက်လည်း အကူအညီထပ်မံ လိုအပ်သေးမယ်လို့ ကျွန်တော်မြင်ပါတယ်။
မေး ။ ။ လက်ရှိအခြေအနေမှာ
မြန်မာနဲ့ရုရှား နှစ်နိုင်ငံဆက်ဆံရေးဟာ အရှိန်အဟုန်နဲ့ တိုးတက်နေတယ်လို့ ကျွန်တော်တို့
သိရှိရပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း မြန်မာနိုင်ငံမှာ ရုရှား-မြန်မာနှစ်နိုင်ငံ ရေတပ်ပူးပေါင်း
စစ်ဆင်ရေးလေ့ကျင့်ခန်းတွေ လုပ်တဲ့အချိန်မှာလည်း သတင်းယူဖို့ မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့တာလည်း
ရှိပါတယ်။ ကျွန်တော့်အနေနဲ့ ထပ်မံသိရှိလိုတာကတော့ မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံကြား
စစ်ဘက်ရေးရာနည်းပညာ ပူးပေါင်းရေးအခန်းကဏ္ဍတွေသာ မဟုတ်ဘဲနဲ့ အခြားသောဘယ်နယ်ပယ်တွေ၊ ဘယ်ကဏ္ဍတွေမှာလည်း
ပူးပေါင်းဆောင်ရွက်ဖို့ ရပါသလဲ။ ဘယ်နယ်ပယ်တွေမှာလည်း ပူးပေါင်းဆောင်ရွက်တယ်ဆိုတာလေးကို
ကျွန်တော့်အနေနဲ့ သိရှိလိုပါတယ်။
ဖြေ ။ ။ ရုရှားနဲ့ မြန်မာ
ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်ကလည်း ကျယ်ပြန့်တယ်ခင်ဗျာ။ ခင်ဗျား ခုနကပြောသလို ကာကွယ်ရေး
ကဏ္ဍတင်မကဘူး။ ကျွန်တော်တို့ သိပ္ပံနဲ့နည်းပညာ နောက်တစ်ခါ စီးပွားရေး၊ နောက်တစ်ခု ဥပဒေဘက်ဆိုင်ရာ၊
နောက်ပညာရေး၊ ကျန်းမာရေး ဒီနယ်ပယ်တွေ အများကြီးရှိပါတယ်။ ဆွေးနွေးတဲ့ ကိစ္စတွေလည်း
ရှိပါတယ်။ ကျွန်တော် ပြီးခဲ့တဲ့မတ်လ ခရီးစဉ်မှာ လာတဲ့အချိန်တုန်းက နျူးကလီးယားနဲ့ ပတ်သက်တဲ့ဓာတ်အားပေးစက်ရုံ
တည်ဆောက်ရေးကိစ္စ၊ ထားဝယ်ရေနက် ဆိပ်ကမ်းတည်ဆောက်ရေးကိစ္စတွေ၊ နောက်ကမ်းလွန်ရေနံနဲ့
ဓာတ်ငွေ့ ထုတ်လုပ်ရေးအတွက် ရင်းနှီးမြှုပ်နှံမယ့်ကိစ္စတွေ ဒါတွေ ဆွေးနွေးနိုင်ခဲ့တာတွေ
ရှိပါတယ်။ သဘော တူတာလည်းရှိပါတယ်။ လုပ်နေတာလည်း ရှိပါတယ်။ ဆက်လက်ပြီး လုပ်ရမယ့်နယ်ပယ်တွေလည်း
များစွာရှိပါသေးတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။
မေး ။ ။ ကျွန်တော် သိသလောက်တော့
အမေရိကန်နိုင်ငံအနေနဲ့ ဒီမြန်မာနိုင်ငံမှာ ငလျင်လှုပ်တာနဲ့ ပတ်သက်ပြီး ကူညီပေးရမယ့်အစား
မြန်မာနိုင်ငံရဲ့ ကုန်သွယ်ခွန်နဲ့ ပတ်သက်ပြီး ၄၄ ရာခိုင်နှုန်းအထိ ပိုမိုတင်းကျပ်ခဲ့တယ်လို့
သိရှိရပါတယ်။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ အဆွေတော်ရဲ့ အမြင်လေး ကိုလည်း သိရှိလိုပါတယ်။
ဖြေ ။ ။ အမေရိကန်တွေကလည်း
မြင်နေရတာကတော့ ငလျင်နဲ့ပတ်သက်ပြီးတော့ အကူအညီမပေးတာတော့ မဟုတ်ဘူး။ သူကတော့ ကူညီပေးမယ်ဆိုပြီးတော့
ဒေါ်လာ ၉ သန်းပေးမယ် လို့ ကြေညာခဲ့တာရှိတယ်။ အဲတော့ဘယ်လိုပေးမလဲတော့ ကျွန်တော်တို့
မသိဘူးပေါ့လေ။ ကုလသမဂ္ဂက တစ်ဆင့်ပေးမလား။ ဒါမှမဟုတ် အာဟစင်တာ (AHA Centre) ကနေတစ်ဆင့်
ပေးမလားမသိဘူး။ ပေးဖို့အတွက် ကြေညာထားတာတော့ ရှိပါတယ်။ ကျွန်တော်တို့နဲ့ အမေရိကန်နဲ့က
ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း သိပ်တော့ ကြီးကြီးမားမားမရှိဘူး။ ၂၀၁၁ ခုနှစ်ကနေပြီးတော့
၂၀၂၅ ခုနှစ်အထိ ကျွန်တော်တို့ ဒေါ်လာသန်း ၉၀၀ လောက်ကိုပဲ ကုန်သွယ်မှုရှိတယ်။ တစ်နှစ်ကို
ဒေါ်လာသန်း ၈၀၀ ကျော်ကျော်လောက် ကုန်သွယ်မှုရှိတယ်လို့ ပြောရပါလိမ့်မယ်။ တချို့ နှစ်တွေမှာလည်း
ကျွန်တော်တို့ဘက်က ပို့တာတွေများပြီးတော့ တချို့နှစ်တွေမှာလည်း အမေရိကန်က ပို့တာတွေ
များတယ်။ သူတို့အခွန်ကောက်တာတော့ ကျွန်တော်တို့တစ်နိုင်ငံတည်း မဟုတ်ဘူး။ တခြားသူတို့ရဲ့
မိတ်ဆွေနိုင်ငံတွေကိုလည်း တချို့လည်း ကောက်တာတွေရှိတယ်။ တရုတ်နိုင်ငံ အပေါ်လည်း တော်တော်လေးကောက်တာတွေ
ရှိတာပေါ့။ အဲဒီတော့ ကျွန်တော်တို့ ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခုအနေနဲ့ အခွန်တိုးကောက်တာတော့
မလုပ်သင့်ဘူးလို့ ကျွန်တော်တော့ ယူဆပါတယ်။ ဒီလိုမျိုးသူတို့ဘက်ကတော့ ကုန်သွယ်ရေးလိုငွေတွေပြလို့
တခြားနိုင်ငံတွေ အပါအဝင်ပေါ့လေ အခွန်တွေ တိုးကောက်တယ်လို့သိရပါတယ်။ အမှန်ကတော့ မကောက်သင့်ဘူးလို့
ကျွန်တော်တော့ ယူဆပါတယ်။ ဘာကြောင့် ကောက်လဲတော့ ကျွန်တော်တို့လည်း အသေးစိတ် ပြန်ပြီး
စဉ်းစားဖို့တော့ လိုတာပေါ့။
မေး ။ ။ ကျွန်တော့်အနေနဲ့
ထပ်မံမေးမြန်းလိုတာကတော့ ကုန်သွယ်မှုနဲ့ပတ်သက် ပြီးတော့ ပိတ်ဆို့မှုတွေ၊ အတိုးနှုန်းတွေနဲ့
ပတ်သက်ပြီးတော့ မြန်မာနိုင်ငံအနေနဲ့ရော ဘယ်လိုမျိုး တုံ့ပြန်မှုတွေ လုပ်သွားဖို့အစီအစဉ်
ရှိသလဲ။ ပြင်ဆင်ထားလဲ ဆိုတာလေး သိပါရစေခင်ဗျ။
ဖြေ ။ ။ အဓိကတော့ ကျွန်တော်တို့က
တစ်နိုင်ငံတည်းကိုမှ မှီခိုနေရတဲ့ ကုန်သွယ်နေတဲ့ ကိစ္စတွေကိုတော့ တော်တော်ရှောင်ရှားပြီးတော့
ကျွန်တော်တို့နိုင်ငံတွေနဲ့ ပေါင်းပြီးတော့ ဝိုင်းလုပ် ကြမှာပေါ့။ သူ့တစ်နိုင်ငံတည်း
ကျွန်တော်တို့က သွားပြီးတော့ ရောင်းပြုနေမယ့်အစား နိုင်ငံအားလုံးနဲ့ မျှပြီးတော့ ကုန်သွယ်မှုလုပ်တာမျိုးတော့
ပိုကောင်းတယ်။ ပူးပေါင်းဆောင်ရွက်မှုအတွက်လည်း ပိုကောင်းတယ်လို့ ကျွန်တော်တော့မြင်ပါတယ်။
တစ်ဆက်တည်းပြောချင်တာ အဲဒါတော့ ဘာလဲဆိုတော့ ဘာဖြစ်လို့ သူတို့ဒီလိုအခွန်တိုးကောက်သလဲပေါ့။
ဒါလည်းကျွန်တော်တို့ တွက်ရတယ် ပေါ့နော်။ သူတို့က ကုန်သွယ်မှု လိုငွေတွေပြလို့ တိုးကောက်တယ်လို့
ပြောတာပေါ့။ အဲတော့ ဘာကြောင့်လိုငွေတွေ ပြရသလဲ။ သူတို့ပစ္စည်းတွေ မရောင်းရလို့လား။
ဘာလို့ မရောင်းရလဲပေါ့။ အမေရိကန်ပစ္စည်းတွေ ရောင်းနေရတာပဲ။ အမေရိကန်ပစ္စည်းတွေ ကောင်းပါတယ်။
အဆင့် အတန်းလည်း ရှိပါတယ်။ ဒါပေမယ့် သူတို့က ဈေးကြီးတာပေါ့။ ဈေးကြီးတဲ့အခါကျတော့ သူတို့
ပစ္စည်းတွေ ဝယ်ဖို့က နည်းနည်းလေးအခက်အခဲ ရှိတာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ ဖွံ့ဖြိုးဆဲနိုင်ငံ
တွေ အပါအဝင် နိုင်ငံတော်တော်များများမှာ အမေရိကန်ဈေးကွက်ရဲ့ဝယ်လိုအားကို ကြီးမားတာ
ကျွန်တော်သွားတွေ့တယ်။ ဒါကြောင့် သူတို့ကိုကျွန်တော်တို့ အများကြီးပဲ ရောင်းနိုင်တယ်။
သူတို့ ဘာကြောင့် ကုန်ပစ္စည်းတွေဈေးကြီးလဲ။ ဒါလည်းစဉ်းစားရမှာပေါ့။ Cost of
Production ကြောင့် ကုန်ပစ္စည်း ကုန်ဈေးနှုန်းက ကြီးတာလား။ ဒါဆိုလည်း ဒါတွေတွက်ဆရမှာပေါ့။
ဒီပေါ်မူတည်ပြီးတော့ ဒါပြုပြင်ဖို့အတွက်လုပ်ရလိမ့်မယ်။ ကျွန်တော်တို့လည်း သူ့တစ်နိုင်ငံတည်းမှီမယ့်အစား
တခြား နိုင်ငံတွေ မျှပြီးတော့ ရောင်းတာမျိုးပေါ့။ ကျွန်တော်တို့ တော်တော်များများတော့
သူ့ဈေးကွက်ကို အများကြီး မှီခိုနေတာ တော်တော်များတာတွေ့ရပါတယ်။ အဲဒါတော့ စဉ်းစားဖို့
ကောင်းတယ်လို့ ကျွန်တော်မြင်တယ်။
မေး ။ ။ ကျွန်တော့်အနေနဲ့
အဆွေတော်ဟာ မဟာစစ်အောင်ပွဲနေ့ နှစ်ပတ်လည် အခမ်းအနားမှာ ပါဝင်ဆင်နွှဲဖို့ ရုရှားနိုင်ငံကို
ရောက်ရှိလာတယ်လို့ သိရှိရပါတယ်။ ဒီနေ့ အခမ်းအနားဟာ နှစ် ၈၀ ပြည့်အခမ်းအနားဖြစ်တဲ့အတွက်
ကျွန်တော်တို့ ရုရှားနိုင်ငံအတွက်လည်း အထိမ်းအမှတ် အထွတ်အမြတ်ထားတဲ့ အထိမ်းအမှတ် ပွဲတော်ဖြစ်ပါတယ်။
ဒီအထိမ်းအမှတ်ပွဲတော်နဲ့ ပတ်သက်ပြီး မေးချင်တဲ့ မေးခွန်းလေးကတော့ လွန်ခဲ့တဲ့ နှစ် ၈၀
ကနေပြီးတော့ ဒီအောင်ပွဲရရှိခဲ့ပါတယ်။ ဒီအောင်ပွဲဟာ ယနေ့ခုမြင်တွေ့နေရတဲ့ ပထဝီနိုင်ငံရေးမြင်ကွင်းတွေကို
ဘယ်လိုမျိုး ပြောင်းလဲမှု ရှိမှာလဲ။ ဒါနဲ့ပတ်သက်ပြီး အဆွေတော်ရဲ့ အမြင်ကိုလည်း သိရှိလိုပါတယ်။
ဖြေ ။ ။ ဒါကကျွန်တော်တို့
ဖက်ဆစ်နာဇီတွေပေါ်မှာ ဆိုဗီယက်ပြည်ထောင်စုမှာရှိတဲ့ ပြည်သူ ပြည်သားတွေကနေပြီးတော့ တိုက်ထုတ်အောင်မြင်ခဲ့တဲ့အောင်ပွဲကို
အသိအမှတ် အထိမ်းအမှတ် လုပ်တဲ့ ပွဲတစ်ပွဲပေါ့။ ဒါတော်တော်လေးကို လေးနက်တဲ့ပွဲတစ်ပွဲလို့
ကျွန်တော်တို့ပြောလို့ရတာပေါ့။ ဒီလိုပဲ မြန်မာနိုင်ငံမှာလည်း ဖက်ဆစ်ဂျပန်တွေ သူတို့နဲ့
ဝင်ရိုးတန်း ဖက်ဆစ်နာဇီတွေ ဂျာမနီနဲ့ တစ်အုပ်စုတည်းဖြစ်တဲ့ ဖက်ဆစ်ဂျပန်တွေရဲ့ ဒဏ်ကိုလည်း
ကျွန်တော်တို့ခံခဲ့ရတော့ ကျွန်တော်တို့ ပြန်တိုက်ခဲ့ရတဲ့ သမိုင်းဖြစ်ရပ်ရှိတယ်။ အတူတူ
ကာလအတူတူပဲ ဖြစ်ခဲ့တာပေါ့။ ဒါကတော့ လွတ်လပ်ရေး ကိုယ့်တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာ
တည်တံ့ခိုင်မြဲဖို့အတွက်လုပ်တဲ့ တိုက်ခိုက်မှု တစ်ခုပါပဲ။ ဒါ့ကြောင့် ဒါအင်မတန်တန်ဖိုးရှိတဲ့
တိုက်ပွဲတစ်ခုလို့၊ တိုက်ခိုက်မှုလို့ ကျွန်တော်ပြောလို ပါတယ်။ ဒီလို တိုက်နိုင်ခဲ့တဲ့အတွက်ကြောင့်လည်း
တချို့ကိုလိုနီအပြုခံခဲ့ရတဲ့ အနိုင်ကျင့်ပြီးတော့ သိမ်းပိုက်ခံခဲ့ရတဲ့ တချို့ဥရောပနိုင်ငံတွေပေါ့
လွတ်လပ်ရေးပြန်ရသွားတာ ကျွန်တော်တို့ သွားတွေ့တယ်။ လွတ်လပ်ရေးပြန်ရသွားတာ ဆိုဗီယက်ပြည်ထောင်စုကနေ
ဦးဆောင်ပြီး တိုက်ခိုက် ပေးခဲ့တာကြောင့် လွတ်လပ်ရေးပြန်ရခဲ့တာပါ။ ဂျာမနီနိုင်ငံ အရှေ့ဘာလင်ထိကို
ကျွန်တော်တို့ ဆိုဗီယက်တပ်တွေ တက်သိမ်းခဲ့တာရှိတယ်။ ဒါသမိုင်းမှာ ဒီလိုပဲတွေ့ပါတယ်။
နောက်ပထဝီ နိုင်ငံရေးပေါ့။ ခုနကဖြစ်ခဲ့တဲ့သမိုင်းမှာ ဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေ ကြည့်ရင်လည်း
ပထဝီနိုင်ငံရေးကြောင့် ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တစ်အချက်ကတော့ နေရာပေါ့။ နောက်တစ်ခုကတော့
ဒီသယံဇာတမြေပေါ် မြေအောက်သယံဇာတပစ္စည်းတွေပေါ့။ ဒီအပေါ်မှာမူတည်ပြီးတော့ ဖြစ်လာတာပေါ့။
ပထဝီနိုင်ငံရေးကတော့ အရေးပါ ပါတယ်။ အခုချိန်ထိလည်း ပထဝီနိုင်ငံရေးကြောင့်ပဲ နိုင်ငံကြီးတွေက
နိုင်ငံငယ်တွေ သို့မဟုတ် တခြားနိုင်ငံတွေကိုပဲ မျက်စောင်းထိုးနေကြတာပေါ့။ သူတို့ ဘာလုပ်လို့
ရမလည်းပေါ့။ ဒါ့ကြောင့် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး စပြီးတော့ နယ်ပယ်တွေပေါင်းစုံ
ပြီးတော့မှ ဖိအားတွေ မျိုးစုံပေးနေတာလည်း ကျွန်တော်တို့တွေ့တယ်။ အခုပြောမယ်ဆိုရင်တော့
ခုနကပြောတဲ့ ဒီအဆွေတော်နိုင်ငံရဲ့ နှစ်(၈၀)ပြည့် မဟာမျိုးချစ်စစ်ပွဲအောင်ပွဲ အခမ်းအနားဆိုတာ
တော်တော်ကြီးကို ထူးခြားတဲ့ပွဲတစ်ပွဲပေါ့။ နောက်ဒီတိုက်ခိုက်တဲ့အခါမှာလည်း ဆိုဗီယက်ရုရှား
ပြည်သူ ၂၆ သန်း အသက်ပေးပြီး တိုက်ခိုက်တာရှိတယ်။ ကမ္ဘာစစ်မှာတော့ ဒါအသေအပျောက် အများဆုံး
စွန့်လွှတ်စွန့်စားစွာ တိုက်ခိုက်တဲ့ တိုက်ပွဲတစ်ပွဲ မော်ကွန်းထိုးတဲ့ ဖြစ်စဉ်တစ်ခုလို့
ကျွန်တော် ပြောချင်တယ်။
မေး ။ ။ ဒီကျွန်တော်တို့
သမိုင်းတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ဒုတိယကမ္ဘာစစ်မှာ ဆိုရင်လည်း ဆိုဗီယက်ပြည်ထောင်စုကနေပြီးတော့
ကျွန်တော်တို့အောင်ပွဲကို အောင်အောင်မြင်မြင်နဲ့ တိုက်ထုတ်ခဲ့တာရှိပါတယ်။ ဒါဖြစ်ရပ်မှန်သမိုင်း
အမှန်ဖြစ်ပါတယ်။ ဒါပေမယ့် အနောက်နိုင်ငံတွေက ဒီသမိုင်းနဲ့ပတ်သက်ပြီးတော့ ဒီအနောက်နိုင်ငံတွေကပဲ
ဒီသမိုင်းထဲမှာ ထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက် ခဲ့တဲ့ အနိုင်ရခဲ့တဲ့ပုံစံမျိုး Video မှတ်တမ်းတွေနဲ့
သမိုင်းကို ပြန်လည်ပြင်ဆင်ချင်တာတွေရှိပါတယ်။ အထူးသဖြင့်တော့ ရုရှား-ယူကရိန်းဖြစ်တဲ့
ပဋိပက္ခနဲ့ပတ်သက်ပြီးတော့ ရုရှားဘက်ကနေပြီးတော့မှ ခုနကလိုမျိုး ကျူးကျော်တယ်ဆိုတဲ့
ပုံစံမျိုးဖြစ်အောင် သူတို့ဘက်ကနေပြီးတော့ သတင်းမီဒီယာ တွေကနေတစ်ဆင့် ပုံဖော်နေတာတွေရှိပါတယ်။
ဒါကြောင့်မို့လို့ အဆွေတော်အနေနဲ့ ကျွန်တော် သိချင်တာက အဆွေတော်နဲ့အတူ ရှိခဲ့ဖူးတဲ့သမိုင်းတွေကို
ဘာလို့အနောက်နိုင်ငံတွေက ဘာလို့ပြင်ချင် တာလည်း ဒီအပေါ်မှာကော အဆွေတော်အနေနဲ့ ဘယ်လိုမျိုး
မြင်လည်းဆိုတာကို သိချင်ပါတယ်။
ဖြေ ။ ။ သမိုင်းဆိုတာ လိမ်လို့မရဘူး
ဖုံးလို့လည်းမရဘူး။ သမိုင်းက အရှိအတိုင်းပဲဖြစ်ရမယ်။ ဖက်ဆစ်နာဇီတွေရဲ့ လုပ်ဆောင်ချက်ကိုလည်း
ဖုံးလို့မရသလိုပဲ ဆိုဗီယက်ပြည်ထောင်စုရဲ့ ဖက်ဆစ် တွေကို ပြန်တိုက်ခဲ့တဲ့သမိုင်းကိုလည်း
ဖုံးလို့မရဘူး။ ပြင်လို့လည်းမရဘူး။ သမိုင်းက သမိုင်းအတိုင်း အကုန်လုံးရှိရမယ်။ ဒါဘယ်လိုမှ
ငြင်းလို့လည်းမရဘူး။ ဒါကြောင့် သူတို့ကတော့ သူတို့ရဲ့မှားယွင်း ခဲ့တဲ့လုပ်ဆောင်ချက်တွေကို
နောင်လာမယ့်လူတွေအတွက် မှတ်တမ်းတွေမသိနိုင်အောင်လို့ ဒါတွေကို ပြင်ချင်လို့လည်း ဖြစ်မယ်။
New World Order သွားချင်တာ။ နောင်လူငယ်တွေအတွက် New World Order သွားဖို့လည်း ဖြစ်ချင်တာလည်း
ပါပါလိမ့်မယ်။ တိုင်းပြည်တစ်ခုရဲ့အချုပ်အခြာအာဏာဆိုတာ သူတို့ကိုမထိခိုက်ဘူးဆိုရင် တော်တော်များများက
မလုပ်ကြဘူး။ သူတို့ရဲ့ အချုပ်အခြာအာဏာ ထိခိုက်လာပြီဆိုရင်တော့ ပြန်လည်တုံ့ပြန်ကြရမှာတော့
သဘာဝပဲ။ နောက်တစ်ခုကတော့ သူတို့ရဲ့ လိုအင်ဆန္ဒတွေ၊ အတ္တတွေပေါ့။ ဒါတွေရှိလာလို့ရှိရင်လည်း
ပြဿနာရှာပြီးတော့ ဒီပြဿနာကို ပြောကြတာပဲ။ ဖြေရှင်းကြတာပဲ။ ဒါမျိုးတွေကတော့ ကမ္ဘာမှာလည်း
တကယ့်သမိုင်းဖြစ်ရပ်မှန်တွေမှာ ကျွန်တော်တို့ တွေ့ပါတယ်။ ခုနကပြောတဲ့ ယူကရိန်းနဲ့ ရုရှားနိုင်ငံဖြစ်စဉ်ကို
ကြည့်လည်း ဒီတိုင်းပါပဲ။ တကယ်တမ်းပြောလို့ရှိရင်တော့ သမိုင်းကို ပြောင်းပြန်လှန်ဖို့အတွက်
ကြိုးစားနေတယ်လို့ပဲ ကျွန်တော်တွေ့ပါတယ်။ ရုရှားနိုင်ငံကလည်း ရုရှားနိုင်ငံရဲ့ အရင်ကဆိုဗီယက်နိုင်ငံ
ဆိုဗီယက် ပြည်ထောင်စုရဲ့ အတိတ်အတွေ့အကြုံကိုယူပြီးတော့မှ ရုရှားနိုင်ငံ အချုပ်အခြာအာဏာ
မထိခိုက်အောင် လုပ်ကြတာဖြစ်တယ်လို့ ကျွန်တော်တို့ တွေ့တယ်။
မေး ။ ။ RT တစ်ဆက်တည်းမှာပဲကျွန်တော်တို့
မေးချင်တာကတော့ ယူကရိန်းနိုင်ငံနဲ့ ပတ်သက်လို့ အနောက်နိုင်ငံတွေက အထူးသဖြင့် EU နဲ့
UK ကနေပြီးတော့ ဘဏ္ဍာရေးနဲ့ စစ်ရေးဆိုင်ရာ စဉ်ဆက်မပြတ် ထောက်ပံ့မှုတွေကို နောက်ကွယ်ကနေပြီး
ထောက်ပံ့နေတယ်လို့ သိရှိရပါတယ်။ ဒါနဲ့ ပတ်သက်လို့ အဆွေတော် ဘယ်လိုမြင်ပါသလဲ။ ဝါရှင်တန်ကတော့
ယူကရိန်းနဲ့ ရုရှား အရေးအခင်းနဲ့ ပတ်သက်လို့ သံတမန်ရေးအရ ရှင်းလင်းဖို့ တွန်းအားပေးနေတာကိုလည်း
တစ်ကမ္ဘာလုံးက သိပါတယ်။ ဒါပေမယ့် ဒါကို EU နိုင်ငံတွေနဲ့ UK အဖွဲ့ဝင်နိုင်ငံတွေက သံတမန်ရေးအရ
ဖြေရှင်းဖို့ နည်းလမ်းကို ကောင်းကောင်းမပေးဘဲနဲ့ စစ်ရေးနဲ့ စစ်လက်နက်ပစ္စည်းနဲ့ ဘဏ္ဍာရေးကို
ထောက်ပံ့နေတာတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့လည်း အဆွေတော်အနေနဲ့
ဘယ်လို မြင်လဲဆိုတာ သိရှိလိုပါတယ်။
ဖြေ ။ ။ စစ်ဆိုတာတော့ မဖြစ်တာအကောင်းဆုံးပဲ။ပဋိပက္ခဆိုတာလည်း
ကောင်းကောင်းမွန်မွန် ပြန်လည်ဖြေရှင်းနေတဲ့ နည်းလမ်းနဲ့သွားတာ၊ ညှိနှိုင်းဖြေရှင်းတဲ့
နည်းလမ်းနဲ့ သွားတာ အကောင်းဆုံးပဲ။ ပဋိပက္ခတွေကြီးလာတယ်ဆိုတာလည်း အားပေးထောက်ခံမှုတွေ၊
အားပေးထောက်ပံ့မှုတွေများလို့ ဖြစ်လာတာ။ အားပေးထောက်ပံ့မှု မရှိလို့ရှိရင် ပဋိပက္ခဆိုတာကြီးလာစရာတော့
မရှိပါဘူး။ တချို့က နှစ်နိုင်ငံဖြစ်တဲ့ ပြဿနာရှိမယ်။ ပဋိပက္ခက အဲ့မှာသူ့ကိုဝိုင်းအားပေးကြတယ်။
ထောက်ခံပေးကြတယ်။ ကူညီပံ့ပိုးပေးတယ်။ စစ်လက်နက်ပစ္စည်းတွေ၊ ငွေကြေးတွေ၊ စားနပ်ရိက္ခာတွေ
စသဖြင့် ကူညီပေးတာပေါ့။ ဒီလိုပဲလုပ်လာကြတာ။ အဲတော့ ဒါတွေကပဋိပက္ခ ပိုပြီးကြီးမားလာတဲ့ဟာတွေ
ဖြစ်လာတယ်။ ဒါမျိုးမဖြစ်ဖို့ဆိုရင် အားပေးကူညီတာမျိုးမလုပ်တာက အကောင်းဆုံးပဲ။ ဒါတွေဆိုရင်
နိုင်ငံရေးအရ ဖြေရှင်းပေါ့။ ဒီလိုတော့ သွားရမှာပေါ့။ စောစောက ခင်ဗျားမေးတယ်။ EU ကနေပြီးတော့
ပဋိပက္ခနဲ့ ပတ်သက်ပြီးတော့ ဆောင်ရွက်ချက်နဲ့ ပတ်သက်ပြီးဆိုတော့ သူတို့ရည်ရွယ်ချက်က
ဘာလဲပေါ့။ သူတို့ရည်ရွယ်ချက်ကဘာလဲ။ ပဋိပက္ခကြာရှည်အောင်ဖြစ်ပြီးတော့မှ စစ်ပန်းအောင်လို့
လုပ်တာ၊ ဒါလည်း စဉ်းစားရမယ့်တစ်ချက်ပဲ။ တကယ်တမ်းတော့ ပဋိပက္ခမဖြစ်အောင် ကျွန်တော်တို့
ဆောင်ရွက်တာတော့ အကောင်းဆုံးနည်းလမ်းပါပဲ။ ကျွန်တော်ကတော့ အားပေးထောက်ပံ့မှု မလုပ်သင့်ဘူးလို့
ကျွန်တော်ယူဆပါတယ်။ ညှိနှိုင်းပေါ့။ ဘာ့ကြောင့်ဖြစ်တာလဲ။ ပြဿနာဘာ့ကြောင့် ဖြစ်တာလဲ။
ပြဿနာဖြစ်လာတဲ့ အကြောင်းရင်းကို ကျွန်တော်တို့ပြန်ရှာရမှာပေါ့။ သမိုင်းမှာရှိခဲ့တယ်။
လွန်ခဲ့တဲ့ ၁၀ စုနှစ် ၁ ခု ၂ ခုအတွင်းမှာ ဖြစ်ခဲ့တဲ့ အခြေအနေကို ကြည့်လိုက်လို့ရှိရင်
ဘာ့ကြောင့် ယူကရိန်းနဲ့ရုရှား ပြဿနာဖြစ်တာလည်းဆိုတာ အဖြေရှိနေပါတယ်။ ဒါကို အဖြေမှန်အတိုင်း
ကြည့်ပြီးတော့မှ ဆောင်ရွက်မယ်ဆိုရင် ဒီပြဿနာကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ကျွန်တော်တော့
ယူဆပါတယ်။
မေး ။ ။ ခုနကမေးခွန်းနဲ့ဆက်စပ်ပြီး
တစ်ဆက်တည်းမေးချင်တာကတော့ ယူကရိန်း ပဋိပက္ခ ဖြေရှင်းပြီးတဲ့နောက်မှာ အမေရိကန်က တရုတ်နဲ့
ထိပ်တိုက်တွေ့ဆုံမှုတွေကို တိုးမြှင့် လုပ်ဆောင်လိမ့်မယ်လို့ တချို့ကစိုးရိမ်နေကြတာ
တွေလည်း ရှိပါတယ်။ ဒါတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ မကြာခင်မှာ စစ်ရေးတင်းမာမှုတွေ
တစ်နည်းနည်းနဲ့ဖြစ်လာနိုင်မယ်လို့ ကြိုတင် မျှော်လင့်ထားပါသလားခင်ဗျာ။
ဖြေ ။ ။ ဖြစ်နိုင်စရာအကြောင်းလည်း
ရှိပါတယ်။ ဘာလို့လဲဆိုတော့ ဒီ (၁၉၅၀) ပြည့်လွန် ကာလ နောက်ပိုင်းမှာ ဒီအမေရိကန်ကနေပြီးတော့
တရုတ် china containment policy နဲ့ပတ်သက်ပြီး စတင် ဆောင်ရွက်ခဲ့တာ သမိုင်းမှာရှိခဲ့တော့
အခုကပြိုင်ဘက်ဖြစ်လာပြီ။ တရုတ်နိုင်ငံနဲ့ အမေရိကန်က ပြိုင်ဘက်ဖြစ်လာတဲ့ အခါကျတော့ ဘာပဲပြောပြော
သူ့ကိုတော့ ပြိုင်ဘက်တစ်ခုနဲ့ ပြန်ပြီးတော့ ထိန်းဖို့၊ လုပ်ဖို့ လုပ်နိုင်မယ်လို့ ကျွန်တော်တော့
ယူဆပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ကလည်း ဒါကတော့ မဖြစ်အောင် ကျွန်တော်တို့က ညှိနှိုင်းဆွေးနွေး
ဆောင်ရွက်တာမျိုး၊ နိုင်ငံတွေအနေနဲ့ အားလုံး ညှိနှိုင်း ဆောင်ရွက်တာမျိုး လုပ်သင့်တယ်လို့
ကျွန်တော်တော့ယူဆပါတယ်။ ဒါသူတို့ နှစ်နိုင်ငံချင်းနဲ့တော့ မဆိုင်ဘူး။ ကျန်တဲ့ဟာတွေပါ
ပါလာတယ်။ နှစ်နိုင်ငံတည်းနဲ့တော့ ပြဿနာတော့ အကြီးအကျယ် ဖြစ်မှာမဟုတ်ဘူး။ ကျန်တဲ့နိုင်ငံတွေပါ
ပါလာမှ ပိုပြီးပြဿနာပိုရှုပ်မှာဖြစ်ပါတယ်။ ကျွန်တော်တော့ အဲ့လိုမြင်တာပေါ့လေ။
မေး ။ ။ ခုနကအဆွေတော် ပြောသွားတဲ့ထဲမှာပတ်သက်လို့
ဒီပြဿနာက တရုတ်နဲ့ အမေရိကန်နှစ်နိုင်ငံရဲ့ ပြဿနာမဟုတ်ဘဲနဲ့ အကြမ်းဖက်နယ်မြေတွေပါလာမှ
ပြဿနာပိုကြီး လာမယ်လို့ ကျွန်တော်သိရှိရပါတယ်။ ဒါနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံအနေနဲ့လည်း
ကမ္ဘာ့ အင်အားကြီး နိုင်ငံတွေကြားထဲမှာ တင်းမာမှုတွေမြင့်တက်နေတာကို မြန်မာနိုင်ငံအနေနဲ့
ဒီဘယ်လိုမျိုးထိန်းညှိ ပေးလို့ရမလဲ။ ဘယ်လိုမျိုးထိန်းညှိပေးဖို့အတွက်ရော စီစဉ်ထားလဲဆိုတာလေးလည်း
အဆွေတော်ရဲ့ အမြင်လေးကို သိရှိလိုပါတယ်။
ဖြေ ။ ။ မြန်မာနိုင်ငံရဲ့
နိုင်ငံခြားရေးမူဝါဒကတော့ လွတ်လပ်ပြီးတက်ကြွတဲ့ နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးနေတာပေါ့၊
နိုင်ငံအားလုံးနဲ့ မိတ်ဝတ်မပျက် ဆက်ဆံရေးကျင့်သုံးတဲ့ နိုင်ငံဖြစ်ပါတယ်။ အမေရိကန်နိုင်ငံနဲ့
ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ မိတ်ဆွေနိုင်ငံတစ်ခုပါပဲ။ သို့သော်လည်းပဲ တရုတ် နိုင်ငံကတော့
ကျွန်တော်တို့ အိမ်နီးနားချင်းနိုင်ငံ အထဲမှာလည်းဖြစ်သလို အိမ်နီးနားချင်းနိုင်ငံထဲမှာ
လည်း မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဖြစ်တယ်။ ဆွေမျိုးပေါက်ဖော်နိုင်ငံဖြစ်တယ်။ သူများနိုင်ငံတွေထက်
ပိုထူးခြားတဲ့ ဆက်ဆံရေးရှိတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ကတော့
ဒီနှစ်နိုင်ငံလုံးနဲ့ ပတ်သက်ပြီးတော့ အကောင်းဆုံးဖြစ်အောင် ထိတွေ့ဆက်ဆံသွားဖို့ ရှိပါလိမ့်မယ်။
မေး ။ ။ အာရှပစိဖိတ်ဒေသမှာ
ကျွန်တော်တို့ NATO နဲ့ပတ်သက်ပြီးတော့ တိုးမြင့်လာတဲ့
ပတ်သက်ပြီး အဆွေတော်အနေနဲ့ရော ဘယ်လိုမျိုးသုံးသပ်ပါသလဲ။ ဒီလိုမျိုး ဒေသအတွင်းမှာ မြန်မာနိုင်ငံနဲ့
သက်ဆိုင်တဲ့ ဒေသအတွင်းမှာ အင်အားကြီးတာနဲ့ပတ်သက်ပြီးတော့ အန္တရာယ်ရှိ လာနိုင်တယ်လို့ရော
ခန့်မှန်းပါသလား။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ အဆွေတော်ရဲ့အတွေးကိုလည်း သိရှိလိုပါတယ်။
ဖြေ ။ ။ ဪ စိုးရိမ်တာတော့
အမှန်ပဲ။ ဘာမှလည်းမဆိုင်ဘူးလေ။ ဒီအရှေ့အာရှ ပစိဖိတ်ဒေသနဲ့ NATO က ဘာမှတော့မဆိုင်ပါဘူး။
ကျွန်တော်တို့တော့ စိုးရိမ်ပါတယ်။ ဘာမှလည်း မဆိုင်ဘူးလို့ ကျွန်တော်တော့ ပြောချင်တယ်။
ဒီဒေသက အာရှပစိဖိတ်ဒေသဆိုတာ အာရှဆိုတာ ကုန်းမြေဒေသပေါ့။ ပစိဖိတ်ဒေသဆိုတော့ ကုန်းမြေဒေသနဲ့
ပင်လယ်ကမ်း၊ ပင်လယ်သမုဒ္ဒရာဒေသတွေ ပေါင်းစည်းထားတဲ့ နယ်မြေတစ်ခုပဲ။ ဘာပြောပြော မဟာဗျူဟာအရ
အရေးပါတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ဒါကို ငြိမ်းချမ်းစွာ လုပ်နိုင်မယ်ဆိုရင်တော့ ကမ္ဘာ့အတွက်
အများကြီးအကျိုးရှိမယ့် လုပ်ငန်းတစ်ခုပါပဲ။ ဒါပေမယ့်လည်း အင်အားကြီးနိုင်ငံကနေပြီးတော့
ဥပမာအားဖြင့် ခုနကပြောတဲ့ထဲမှာ NATO တင် မဟုတ်ဘူးဗျ။ အိန္ဒိယတို့၊ ဩစတြေးလျတို့၊ ဂျပန်တို့၊
အမေရိကန်တို့ ပေါင်းစည်းပြီးတော့လည်း သူတို့ ဒီမှာအင်အားထိန်းညှိဖို့အတွက် လုပ်နေတာလည်း
ကျွန်တော်တို့ တွေ့တယ်။ ဒါတွေက ပဋိပက္ခ ကို ပိုကြီးမားလာစေမယ်လို့ပဲ ကျွန်တော်တော့
မြင်ပါတယ်။ ဒါကြောင့်ငြိမ်းချမ်းတဲ့ နည်းနဲ့ပဲသွား တာတော့ အကောင်းဆုံးဖြစ်မယ်လို့ ကျွန်တော်
ယူဆတယ်။ စိတ်ပူတာတော့ အမှန်ပဲ၊ စိတ်ပူတယ်။
မေး ။ ။ ဒါနဲ့တစ်ဆက်တည်း
ကျွန်တော်မေးချင်တဲ့ မေးခွန်းလေးကတော့ အနောက်နိုင်ငံကြီး တော်တော်များများက လွှမ်းမိုးမှု၊
ထိန်းသိမ်းမှုကြိုးစားနေတဲ့အချိန်မှာ နိုင်ငံတကာ ဆက်ဆံရေးရဲ့ အနာဂတ်ကို ပုံဖော်ပေးမယ့်
ဗဟုဝင်ရိုးသဘောတရား Multipolar သဘောတရားနဲ့ ပတ်သက်ပြီးတော့ အဆွေတော် ဘယ်လိုမြင်ပါသလဲ။
နောက် လက်ရှိအခြေအနေမှာ အနောက်နိုင်ငံတွေက သူတို့ရဲ့ စိတ်ဝင်စားမှုနဲ့ သူတို့ရဲ့လိုလားချက်အတွက်
သူတို့ကတော့ သူတို့တတ်နိုင်သမျှ Dominate လုပ်ပြီးတော့မှ နိုင်ငံတွေကို ဖိအားတွေပေးနေတာပေါ့၊
ဒါနဲ့ပတ်သက်ပြီးတော့ ဗဟုဝင်ရိုး သဘောတရားနဲ့ ပတ်သက်ပြီးတော့ အဆွေတော်အနေနဲ့ ဘယ်လိုမျိုးမြင်ပါသလဲဆိုတာ
သိရှိလို ပါတယ်။
ဖြေ ။ ။ အရင်တုန်းကတော့
Unipolar နဲ့ အမေရိကန် အနောက်အုပ်စုကနေပြီးတော့
Unipolar နဲ့ ကမ္ဘာကြီးကို ထိန်းချုပ်လာခဲ့တာပေါ့။ နောက်ကျတော့ Bipolar ဖြစ်လာတယ်။
Bipolar ကနေ တစ်ခါထပ်ပြီးတော့ Unipolar ပြန်ဖြစ်သွားတယ်။ ဒါအနောက်နိုင်ငံက အားသာသွားတာပေါ့။
ဒါပေမယ့် ဒီဘက်ခေတ်ကကျတော့ ခင်ဗျားတို့ ရုရှားနိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့က
စစ်ရေးအရ သော်လည်းကောင်း၊ စီးပွားရေးအရ သော်လည်းကောင်း၊ သိပ္ပံနဲ့နည်းပညာအရ သော်လည်းကောင်း
တော်တော်ကြီးကို တိုးတက်လာတယ်။
တိုးတက်လာတော့ ဒါ
Multipolar သဘောတွေ ကျွန်တော်တို့ ဖြစ်လာတယ်။ ဒါကတော့ ဖြစ်သင့်တဲ့ ကိစ္စတစ်ခုပဲ။ ကမ္ဘာကြီးကို
တစ်ယောက်ကနေ ကိုင်ပြီးတော့မှ လုပ်တဲ့ဟာမျိုးကတော့ ဘယ်လိုမှ မဖြစ်သင့်ဘူး။ ကျွန်တော်တို့
အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေ ဒီဒဏ်ကို တော်တော်လေးခံ ကြရပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ကတော့
Multipolar စနစ်ကို သွားတာကတော့ အကောင်းဆုံးပဲ။ ကမ္ဘာကြီးမှာရှိနေတဲ့ အကြောင်းခြင်းရာတွေကို
မျှဝေခံစားတာကတော့ အကောင်းဆုံးပဲ။ မျှမျှ တတ ဆောင်ရွက်တာလည်း အကောင်းဆုံးပဲ။ မျှဝေခံစားတာလည်း
အကောင်းဆုံးပဲ။ မမျှမတဖြစ်လို့သာ အခုပဋိပက္ခတွေ ဖြစ်လာတာပေါ့။ ဒါ့ကြောင့် ပဋိပက္ခမဖြစ်အောင်ဆိုလို့ရှိရင်
Multipolar စနစ်ကတော့ အကောင်းဆုံးဖြစ်တယ်လို့ ကျွန်တော်ကတော့ ယူဆပါတယ်။
မေး ။ ။ ကျွန်တော့်အနေနဲ့ဒီခုနက
Multipolar World နဲ့ပတ်သက်ပြီးတော့ မေးချင်တဲ့
မေးခွန်းကတော့ လက်ရှိမြန်မာနိုင်ငံအပါအဝင် တခြားနိုင်ငံတော်တော်များများက
Multipolar World ကို ထောက်ခံနေတယ်လို့ သိရှိရပါတယ်။ ဒီဟာနဲ့ပတ်သက်လို့ အနောက်နိုင်ငံတွေကနေပြီးတော့
သူတို့ ရဲ့အရင်တုန်းက Unipolar World ကို သူတို့ကပြန်သွားချင်နေတယ်။ ဒီလိုပြန်သွားချင်တဲ့ဟာကို
မြန်မာနိုင်ငံအပါအဝင် အခြားနိုင်ငံတွေက Multipolar World သွားဖို့ အကောင်အထည် ဖော်နိုင်အောင်
အောင်မြင်ဖို့နဲ့ဒီ Multipolar World ကို ဖယ်ထုတ်ဖို့တွက် ဘယ်လိုမျိုးနည်းဗျူဟာတွေ
ကျင့်သုံးရမယ်လို့ အဆွေတော်ထင်ပါသလဲ။ ဒီဟာနဲ့ ပတ်သက်ပြီးအဆွေတော်ရဲ့ ယုံကြည်မှုလေးတွေ
သိရှိလိုပါတယ်။
ဖြေ ။ ။ ခုနက ကျွန်တော်ပြောတာ
သုံးနိုင်ငံရှိတယ်။ သုံးနိုင်ငံပေါ့။ ဒီသုံးနိုင်ငံကတော့ ကမ္ဘာပေါ်မှာလည်း မျှမျှတတဆောင်ရွက်ပေးနေတဲ့
နိုင်ငံတွေလို့ ကျွန်တော်တို့ မြင်တယ်ဗျ။ အဲတော့ ဒါတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊
ကိုယ်ကိုယ်တိုင်ကလည်း ကြိုးစားရမှာပေါ့၊ ကိုယ်ကိုယ်တိုင်ကလည်း မကြိုးစားလို့တော့ မဖြစ်နိုင်ဘူး။
ကိုယ်ကိုယ်တိုင်လည်း ကိုယ့်ရဲ့စီးပွားရေး အတတ်ပညာစသဖြင့် ဒါတွေလည်း ကျွန်တော်တို့က
ဖွံ့ဖြိုးတိုးတက်အောင်လို့ လုပ်ကြရမှာပေါ့။ တစ်ဖက်ကလည်း နိုင်ငံ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတွေ
ပိုလုပ်ဖို့လိုတယ်။ စောစောက နိုင်ငံတွေကတော့ ကမ္ဘာမှာ ထိပ်ဆုံးမှာ၊ ထိပ်မှာရှိတဲ့ နိုင်ငံတွေဖြစ်တော့
ခင်ဗျားတို့ ရုရှားနိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ ဒီလို နိုင်ငံမျိုးတွေက ဦးဆောင်နိုင်တဲ့
အခြေအနေရှိတဲ့ နိုင်ငံတွေ သူတို့နိုင်ငံတွေအနေနဲ့ ပူးပေါင်းပြီးတော့ မျှမျှတတ ဆောင်ရွက်သွားမယ်ဆိုရင်
Multipolar ကတော့ ကျွန်တော်တို့ကတော့ Global ဖြစ်လာ ပါလိမ့်မယ်။ ကျွန်တော်တို့ ဒီ
Unipolar ကတော့ ဘယ်သူမှလက်ခံနိုင်မှာ မဟုတ်ဘူး။ ဒီဒဏ်ကို ကျွန်တော်တို့ ဖြတ်သန်းလာခဲ့တဲ့
နိုင်ငံတွေအားလုံး ကြုံတွေ့လာနိုင်တာတွေအားလုံးက အကုန်လုံး သိတယ်။ ခါးသီးတဲ့အရသာကို
ကျွန်တော်တို့သိတယ်။ ဒါကြောင့် ဘယ်သူမှတော့ အဖြစ်ခံမှာ မဟုတ်တော့ဘူး။ နိုင်ငံတွေကလည်း
အကုန်လုံး ကြိုးစားနေကြတာပဲ။ နိုင်ငံတွေအားလုံးကလည်း လူတွေက မတ်တပ်ရပ်ရင်ကျန်ခဲ့မှာပေါ့။
မတ်တပ်ရပ်ပြီးနေလိုက်ရင် ကျန်ခဲ့မယ်။ လမ်းလျှောက်သူ တွေကတော့ ကျော်သွားမှာပဲ။ အဲ့တော့အကုန်လုံးက
လမ်းလျှောက်နေကြတာ၊ လမ်းလျှောက် နေကြတာ။ ဒါကြောင့် သူတို့တိုးတက်အောင်လုပ်နေတာဖြစ်တဲ့
အတွက်ကြောင့်တော့ ခုနက ပြောခဲ့တဲ့သမိုင်းမှာဖြစ်ခဲ့တဲ့ အတိတ်ဖြစ်ရပ်တွေအရ နိုင်ငံတွေက
သူတို့နိုင်ငံတွေ ဒီလိုမဖြစ်အောင် ဆိုတဲ့စိတ်တွေ အကုန်လုံးရှိကြတယ်။ အဲ့အချိန်မှာ စောစောကပြောခဲ့တဲ့
ဦးဆောင်တဲ့ နိုင်ငံတွေနဲ့ ပေါင်းပြီးတော့ လုပ်မယ်ဆိုရင် Unipolar ကိုတော့ ဘယ်လိုမှ
ဖြစ်လာစေမှာ မဟုတ်ဘူးလို့တော့ ကျွန်တော်တော့ တွေ့ရပါတယ်။
မေး ။ ။ မြန်မာနိုင်ငံအနေနဲ့
အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံလို့ သိရှိရပါတယ်။ အာဆီယံအဖွဲ့ဝင် ဆိုတာလည်း ကျွန်တော်တို့ဒေသတွင်းဆိုင်ရာ
အဖွဲ့အစည်းတွေမှာဆိုလည်း ဩဇာတိက္ကမ ကြီးမားတဲ့အဖွဲ့ဝင်နိုင်ငံ အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အာဆီယံရဲ့အဖွဲ့မှာရော ဘယ်လိုမျိုး အခန်းကဏ္ဍကနေပါဝင်လုပ်ဆောင်နေပါသလဲ။
ဖြေ ။ ။ ကျွန်တော်တို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တဲ့
အာဆီယံရဲ့ ပဋိညာဉ် အတိုင်းပေါ့။ ပူးပေါင်းဆောင်ရွက်မှုတွေ ကျွန်တော် တို့ အကုန်လုံး
အပြည့်အဝလုပ်ပါတယ်။ အာဆီယံ ရဲ့ ရည်ရွယ်ချက်ကတော့ တကယ်ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ပါပဲ။
ဒါကြောင့် ကျွန်တော်တို့က ဒီမြန်မာနိုင်ငံအနေနဲ့ မှန်ကန်တဲ့ပေါ့ သူ့ရဲ့မှန်ကန် တဲ့
လမ်းကြောင်းပေါ်ကနေ လုပ်ဖို့အတွက်ကို ကျွန်တော်တို့က စိတ်ဆန္ဒလည်းရှိပါတယ်။ လုပ်လည်းလုပ်နေပါတယ်။
အာဆီယံဘက်ကလည်း အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံနဲ့ တစ်နိုင်ငံချင်းရဲ့ သဘောထားတွေတော့
တချို့ဟာတွေ ကွဲပြား ခြားနားမှုတွေရှိပါတယ်။ သို့သော်လည်းပဲ သူရဲ့ အခြေခံအချက်အလက်တွေ
ရှိပြီးသားပဲ။ ဒီအခြေခံ အချက်တွေပေါ် မူတည်ပြီးတော့ လုပ်နိုင်ဖို့ပဲ အရေးကြီးတယ်လို့
ကျွန်တော်ပြောချင်တယ်။
မေး ။ ။ တစ်ဆက်တည်းမှာ ကျွန်တော်တို့ထပ်ပြီး
မေးလိုတာကတော့ ဒီအာဆီယံအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ ဒီအာဆီယံအဖွဲ့အစည်းနဲ့ရုရှားနဲ့ ဒီအနာဂတ်ဆက်ဆံရေးကိုရော
ဒီဘယ်လို မြင်လဲ ဆိုတာလေးလဲ သိလိုပါတယ်ခင်ဗျာ။
ဖြေ ။ ။ ရုရှားနဲ့ ရုရှားနိုင်ငံက
အာဆီယံအတွက်တော့ အရေးပါတဲ့နိုင်ငံတစ်ခုဖြစ်တယ်လို့ ကျွန်တော်ပြောချင်တာပေါ့လေ။ ကျွန်တော်တို့ရဲ့
အခု ၂၀၂၄ ခုနှစ်ကနေ ၂၀၂၇ ခုနှစ်အထိ ကျွန်တော် တို့ရဲ့နိုင်ငံက အာဆီယံနဲ့ ရုရှားနိုင်ငံရဲ့ဆက်ဆံရေးကိုလည်း
ညှိနှိုင်းရေးတာဝန်ယူထားတဲ့ နိုင်ငံ တစ်ခုဖြစ်တယ်။ အရင်တုန်းက ကျွန်တော်တို့က တရုတ်နဲ့အရင်ကာလက
ကျွန်တော်တို့ လုပ်ခဲ့ပါတယ်။ တရုတ်လည်း အောင်အောင်မြင်မြင် ကျွန်တော်လုပ်ခဲ့ပေးတယ်။
ကျွန်တော်တို့ အခုဆိုလည်း ရုရှားနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့က ညှိနှိုင်းခဲ့တဲ့
နိုင်ငံတစ်ခုအနေနဲ့ တာဝန် ယူထားတာပေါ့။ ကျွန်တော်တို့ရဲ့ မိတ်ဆွေနိုင်ငံတစ်ခုဖြစ်တဲ့အတွက်ကြောင့်လည်း
ရုရှားနဲ့အာဆီယံနိုင်ငံ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ပိုကောင်းအောင်လုပ်ပေးဖို့ ကျွန်တော်တို့လည်း
ဆန္ဒရှိပါတယ်။ ရုရှားက အာဆီယံ အတွက်တော့ အရေးပါတဲ့ နိုင်ငံတစ်ခုဖြစ်တယ်။ ဆွေးနွေးဖက်
နိုင်ငံထဲမှာလည်း ပါနေပြီဖြစ်ပါတယ်။ ဒါကြောင့် ရှေ့ဆက်ကာလတွေမှာတော့ အာဆီယံနဲ့ ပူးပေါင်း
ဆောင်ရွက်မှုတွေမှာ ရုရှားနိုင်ငံဟာ အရေးပါတဲ့ အနေအထားမှာ ရှိလာနိုင်မယ်လို့ ကျွန်တော်တို့
မြင်ပါတယ်။ တစ်ဖက်ကလည်း ရုရှားနိုင်ငံကလည်း ဒီအာဆီယံနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု
နယ်ပယ်တွေကို ကဏ္ဍပေါင်းစုံတိုးချဲ့ နိုင်ဖို့အတွက်လည်း စဉ်းစားဆောင်ရွက်ပေးနိုင်ဖို့လည်း
လိုပါတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။
မေး ။ ။ ကျွန်တော့်အနေနဲ့
ဒါကတော့နိုင်ငံရေးနဲ့ မဆိုင်တော့ပါဘူး။ ကျွန်တော်တို့ သတင်းဌာနနဲ့ သက်ဆိုင်တဲ့မေးခွန်းလေး
မေးချင်ပါတယ်။ ကျွန်တော်တို့ RT သတင်းဌာနကတော့ နှစ်ပေါင်း ၂၀ ခန့် ရပ်တည်နေတာရှိပါတယ်။
ကျွန်တော်တို့ RT သတင်းဌာနနဲ့ ပတ်သက်ပြီးတော့ RT သတင်းဌာနရဲ့ လုပ်ဆောင်နေမှုတွေ၊ သတင်းထုတ်ပြန်နေမှုတွေနဲ့
ပတ်သက်ပြီးတော့ အဆွေတော်ရဲ့ အမြင်လေးကိုလည်း သိရှိလိုပါတယ်။
ဖြေ ။ ။ RT သတင်းဌာနကတော့
တကယ့်ထိပ်တန်းသတင်းဌာန တစ်ခုလိုပဲ။ သတင်း တင်ဆက်မှုအပိုင်းလည်း တော်တော်လေးကောင်းပါတယ်။
ကျွန်တော်လည်း မကြာခဏ ကျွန်တော် RT ကို ကြည့်ပါတယ်။ RT က သတင်းတင်ဆက်မှုတွေက ခိုင်လုံ၊
ခိုင်မာမှုတွေ တော်တော်များများ ရှိတာပေါ့။ အကြောင်းအရာနဲ့ပတ်သက်ပြီး ပြည့်ပြည့်စုံစုံလေးပြောနိုင်တာရှိတယ်။
နောက် သမိုင်းကြောင်းနဲ့ ပတ်သက်ပြီးတော့ ဖော်ထုတ်ပြီးတော့ တင်ပြတဲ့အခါမှာလည်း တော်တော့်ကို
အတု ယူစရာတွေ ကျွန်တော်တို့တွေ့တယ်။ ကျွန်တော်တော့ အဲဒီကနေရတဲ့ ပညာတွေလည်း အများကြီး
အများကြီးရှိပါတယ်။ အဲဒါကြောင့် RT ကတော့ တကယ်ကောင်းတဲ့ သတင်း၊ အဆင့် မြင့်မားတဲ့ သတင်းဌာနတစ်ခုလို့
ကျွန်တော်တော့မြင်ပါတယ်။ အနှစ် (၂၀) ကြာအောင် ကာလအတွင်းမှာ RT ရဲ့ အောင်မြင်မှုတွေကိုလည်း
ဆက်လက်ပြီးတော့မှ ဒီထက်ပိုပြီးတော့ အောင်မြင်ပါစေလို့ ဆုမွန်ကောင်း တောင်းပါတယ်။ ရုရှား
- မြန်မာ ချစ်ကြည်ရေး အပြင်ကို ရုရှားနိုင်ငံနဲ့ ကမ္ဘာပေါ်မှာ ဆက်ဆံနေရတဲ့ အခြေအနေမျိုးကိုလည်း
RT ကနေပြီးတော့မှ ပိုပြီး ကောင်းအောင် ဆောင်ရွက်ပေးနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။
ပိုပြီးလည်း အောင်မြင်ပါစေလို့လည်း ဆုမွန်ကောင်း တောင်းပါတယ်။
%20(Mya).jpg)
No comments