နိုင်ငံတစ်ဝန်းငြိမ်းချမ်းမှ ဖွံ့ဖြိုးတိုးတက်ချမ်းသာမည်
ကိုဗစ်-၁၉ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ
မိမိတို့နိုင်ငံအတွင်းကို ဝင်ရောက်လာခဲ့ခြင်း၊ ယင်းနောက် ပြည်တွင်း၌ နိုင်ငံရေးအပြောင်းအလဲကို
အကြောင်းပြု၍ ဖြစ်ပေါ်ခဲ့သော မငြိမ်မသက်မှုများ၊ နှစ်စဉ်လိုလို ဆက်တိုက်ကြုံတွေ့ခဲ့ရသည့်
သဘာဝဘေးအန္တရာယ်ကြီးများနှင့် ယခုနောက်ဆုံး ဖြစ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော မန္တလေးမြေငလျင်ကြီး
စသည်တို့က နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ကြီးမားစွာထိခိုက်စေသည်။ တစ်ခုပြီးတစ်ခု
ကျရောက်ခဲ့သည့် ကပ်ဘေးတို့က ဖျက်ဆီး၍ ပျက်စီးဆုံးရှုံးရခြင်း၊ ၎င်းအပျက်အစီးများကို
ပြန်လည်ပြုပြင်ရခြင်း၊ အစားထိုး တည်ဆောက်ရခြင်းတို့က နိုင်ငံ၏ အရင်းအမြစ်များကို များစွာ
ယုတ်လျော့သွားစေသည်။
သဘာဝအလျောက် ဖြစ်ပေါ်လာသည့် ဘေးအန္တရာယ်များမှာ
အချိန်တိုအတွင်း ပြီးဆုံးသွားသော်လည်း ကာလရှည်လျားစွာ မပြီးဆုံးနိုင်သည်မှာ လက်နက်ကိုင်ပဋိပက္ခများပင်ဖြစ်သည်။
မိမိတို့နိုင်ငံတွင် ဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများမှာ ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး
လက်နက်ကိုင် ပဋိပက္ခများဖြစ်သည်။ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည့် လက်နက်ကိုင်ပဋိပက္ခများက
နိုင်ငံကို ဆင်းရဲနွမ်းပါးစေပြီး ပြည်သူတစ်ရပ်လုံးကိုလည်း အခြားနိုင်ငံများနှင့်ယှဉ်ပါက
လူတန်းမစေ့သည့် ဘဝသို့ရောက်စေသည်။ အထူးသဖြင့် ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပေါ်နေသည့်
ဒေသများမှ ပြည်သူများဆိုလျှင် အချိန်နှင့်အမျှ အသက်ကို ဖက်နှင့်ထုပ်ထားကာ ကျီးလန့်စာစား
ရှင်သန်နေကြရခြင်းဖြစ်သည်။ အကြောင်းပြချက် အမျိုးမျိုးဖြင့် လက်နက်စွဲကိုင် တိုက်ခိုက်နေမှုများက
သာမန်ပြည်သူများအတွက် ဘာတစ်ခုမျှအကျိုးမဖြစ်ထွန်း။ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးတို့တွင်
အဘက်ဘက်က နောက်ကျကျန်နေကြရခြင်းသာ အဖတ်တင်သည်။ သို့ဖြစ်ရာ တောင်ပေါ်မြေပြန့် နိုင်ငံတစ်ဝန်းမှ
တိုင်းရင်းသားပြည်သူအားလုံးတို့က နိုင်ငံတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေး၊ ငြိမ်းချမ်းရေးကိုသာလျှင်
လိုလားကြသည်။
လက်ရှိကမ္ဘာပေါ်တွင် ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံး၊
အဆင်းရဲဆုံး နိုင်ငံများမှာ ၄၄ နိုင်ငံခန့်သာ ကျန်ရှိနေသည်။ ဒုတိယကမ္ဘာစစ်ပြီးနောက်
ကိုလိုနီထမ်းပိုးအောက်မှ လွတ်မြောက်ခဲ့သည့် နိုင်ငံငယ် အများအပြားတို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ရုန်းထ အားကိုမရရှိဘဲ ဆင်းရဲနွမ်းပါးခဲ့ကြရာမှ နိုင်ငံ ဖွံ့ဖြိုးရေးအတွက် တက်ညီလက်ညီ
အားထုတ်ကြိုးပမ်း ရုန်းကန်ကြရင်း လွတ်မြောက်သည့် နိုင်ငံတို့ လွတ်မြောက်သွားခဲ့ကြပြီဖြစ်သည်။
၎င်းနိုင်ငံများမှ နိုင်ငံသားတို့အနေဖြင့် ဆင်းရဲနွမ်းပါးခြင်းသည်သာ မိမိတို့၏ အဓိကရန်သူဖြစ်သည်ကို
မှန်ကန်စွာ ရှုမြင်နိုင်ခဲ့ကြပြီး ထိုရန်သူကိုအောင်မြင်စွာ တိုက်ထုတ်ခြင်းဖြင့် ဆင်းရဲတွင်းမှ
လွတ်မြောက်ခဲ့ကြခြင်းဖြစ်သည်။ ထိုမျှမကသော ဆင်းရဲနွမ်းပါးခြင်းသည် စဉ်းစားတွေးခေါ်နိုင်စွမ်းကိုလည်း
နိမ့်ကျစေသည်ဖြစ်ရာ ထိုအဖြစ်မျိုးမှ ရုန်းထွက် နိုင်ခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။ အောက်စဖို့ဒ်တက္ကသိုလ်မှ
ဘောဂဗေဒပညာရှင် ပေါလ်ကိုလီယာ၏ အဆိုအရ နိုင်ငံတစ်နိုင်ငံ ဆင်းရဲနွမ်းပါးရခြင်းသည် လက်နက်ကိုင်
ပဋိပက္ခ (Conflict)၊ သဘာဝသယံဇာတ(Natural
Resources)၊ ကုန်းတွင်းပိတ် အိမ်နီးချင်းဆိုးများ
(Land Locked with Bad Neighbors)နှင့် ညံ့ဖျင်းသည့် စီမံခန့်ခွဲအုပ်ချုပ်မှု (Bad Governance) ဟူသော အတားအဆီးတစ်ခုခုတို့တွင်
ပိတ်မိ နေရခြင်းကြောင့် ဖြစ်သည်ဟုဆိုသည်။
မိမိတို့နိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်မှု၏
အတားအဆီး၊ ဆင်းရဲနွမ်းပါးခြင်း၏ လက်သည်မှာ လက်နက်ကိုင် ပဋိပက္ခများပင်ဖြစ်သည်။ ယင်းအတားအဆီးမှ
လွတ်မြောက်နိုင်ရန် အစိုးရအဆက်ဆက်တို့က အမျိုးမျိုးအဖုံဖုံ ကြိုးပမ်းကြစေကာမူ ယနေ့ထက်တိုင်
အဖြေမပေါ်သေး။ ဆွေးနွေးခဲ့သမျှ ငြိမ်းချမ်းရေး စားပွဲဝိုင်းများမှာလည်း စကားလုံးများ၊
ဝေါဟာရများ၊ အနက်အဓိပ္ပာယ်ဖွင့်ဆိုမှုများ၊ အထအန ကောက်မှုများတွင်သာ တစ်ဝဲ လည်လည် ဖြစ်နေသည်ကို
ပြည်သူတို့ရှုထောင့်မှ မြင်တွေ့ခဲ့ရသည်။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ ရင်ထဲအသည်းထဲတွင်
“ငြိမ်းချမ်းမှ ချမ်းသာမည်”ဟူသော အယူအဆ ခိုင်မာစွဲမြဲပြီး
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အင်နှင့်အားနှင့် ထုထည်ကြီးမားစွာ ပါဝင်လာသည်နှင့်အမျှ
နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းရမည်သာ ဖြစ်ပါကြောင်း။
မြန်မာ့အလင်း

No comments