နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်
နေပြည်တော် မေ ၁၁
ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ ၁၂ လရာသီ
ပွဲတော်တွင် တစ်ခုအပါအဝင်ဖြစ်သည့် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့် (ဗုဒ္ဓနေ့)
ဖြစ်သော ယနေ့တွင် ကျရောက်သည့် ကဆုန်ညောင်ရေ သွန်းပွဲတော်တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်
မာရဝိဇယဗုဒ္ဓဥယျာဉ် ပရိဝုဏ်တော်အတွင်းရှိ မဟာ ဗောဓိညောင်ပင်တော်အား ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ခြင်း
မင်္ဂလာအခမ်းအနားကို ယနေ့ညနေပိုင်းက ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ
တို့က မဟာဗောဓိညောင်ပင်တော်ကို ညောင်ရေ သွန်းလောင်းပူဇော်ကြသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး
ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး
ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်
ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူး
နှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီအဖွဲ့ဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်
ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေး
ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်
တာဝန်ရှိသူများ၊ ဝတ်အသင်းအဖွဲ့များ တက်ရောက်ကြသည်။
ဖူးမြော်ကြည်ညို
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား ပန်း၊
ရေချမ်းနှင့် ဆီမီးများ ကပ်လှူပူဇော်ပြီး ဖူးမြော်ကြည်ညိုကြသည်။
ယင်းနောက် ကဆုန်ညောင်ရေသွန်းလောင်း
ပူဇော်ခြင်းမင်္ဂလာအခမ်းအနားကို ကျင်းပရာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး
အခမ်းအနားမှူးက မဟာဗောဓိရုက္ခသိဉ္စနပူဇာ ဂါထာတော်ကို ရွတ်ဖတ်ပူဇော်၍ သာဓုသုံးကြိမ်
ခေါ်ဆိုကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ
ဒုတိယဝန်ကြီးချုပ်နှင့်ဇနီး၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီတွဲဖက် အတွင်းရေးမှူးနှင့်ဇနီး၊
ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့် ဇနီးများသည် သတ်မှတ်ထားသည့်နေရာများအလိုက်
နေရာယူကြပြီး မဟာဗောဓိ ညောင်ပင်တော်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ကာ ညောင်ရေသွန်းလောင်းပူဇော်ကြသည်။
ဆက်လက်၍ မဟာဗောဓိညောင်ပင်တော်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ရေသပ္ပာယ်တော်မူကြပြီး
မဟာဗောဓိ ညောင်ပင်တော်အား လက်ယာရစ် လှည့်လည်ပူဇော်ကြသည်။
ညောင်ရေသွန်းလောင်းပူဇော်
ယင်းနောက် ဝတ်အသင်းအဖွဲ့များအလိုက်
ယောဂီများက မဟာဗောဓိညောင်ပင်တော်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ကာ ညောင်ရေသွန်းလောင်းပူဇော်ကြပြီး
အခမ်းအနားမှူးက အောင်ဆုမင်္ဂလာ အမျှဝေစာတမ်းအား ဖတ်ကြား၍ ကုသိုလ်အမျှပေးဝေကြကာ “ဗုဒ္ဓသာသနံ
စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်းပြီး အခမ်းအနားကို
ရုပ်သိမ်းလိုက်သည်။
အလားတူ ဇေယျာသီရိမြို့နယ် လောကချမ်းသာ
ဆုတောင်းပြည့် အသင်းဘုရားကြီးရှိ မဟာဗောဓိ ညောင်ပင်များကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့အမှူးပြု၍
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်
ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊
ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)
ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊
အရာရှိ၊ အရာခံ၊ အကြပ် စစ်သည်မိသားစုများ က ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ကြသည်။
ဗုဒ္ဓနေ့”ဟု သတ်မှတ်
အဆိုပါ ကဆုန်လပြည့်နေ့သည် ဒီပင်္ကရာ
မြတ်စွာဘုရားက ဂေါတမဘုရားအလောင်းတော် သုမေဓာရှင်ရသေ့အား “ဘဒ္ဒကမ္ဘာတွင် ဘုရားအဖြစ်ကိုရလိမ့်မည်” ဟု ဗျာဒိတ်တော်စကား မိန့်ကြား တော်မူသောနေ့၊
ဘုရားအလောင်းတော်သိဒ္ဓတ္ထ မင်းသား ဖွားမြင်သောနေ့၊ သဗ္ဗညုဘုရားရှင်အဖြစ်သို့ ရောက်တော်မူသောနေ့၊
ပရိနိဗ္ဗာန်စံတော်မူသောနေ့ ယင်းနေ့များသည် ကဆုန်လပြည့်နေ့များတွင်ပင် ဖြစ်သဖြင့် “ဗျာဒိတ်ဖွားမြင်
ဗောဓိပင်၊ စံဝင်နိဗ္ဗာန်နန်း” ဟု မှတ်တမ်းပြုကြပြီး
ကဆုန်လပြည့် ဗုဒ္ဓနေ့ဟူ၍ ဗုဒ္ဓဘာသာဝင်များက နေ့ထူးနေ့မြတ်အဖြစ် အထွတ်အမြတ်ထားကာ ကျင်းပ
ပူဇော်လေ့ရှိကြောင်း၊ ကဆုန်လပြည့်နေ့၏ ထူးခြားချက်မှာ ဂေါတမမြတ်စွာဘုရားသာလျှင်မကဘဲ
သဗ္ဗညုမြတ်စွာ ဘုရားရှင်တို့၏ ဖွားမြင်တော်မူသောနေ့၊ ဘုရားဖြစ်တော်မူသောနေ့၊ ပရိနိဗ္ဗာန်ပြုသော
နေ့များမှာလည်း ကဆုန်လပြည့်နေ့ပင်ဖြစ်၍ ကဆုန်လပြည့်နေ့ကို “ဗုဒ္ဓနေ့”ဟု သတ်မှတ်ခြင်း ဖြစ်ကြောင်း၊ ကဆုန်ညောင်ရေသွန်းပွဲတော်သည်
ကုသိုလ်ယူဖွယ်ရာ၊ ဝမ်းသာကြည်နူးဖွယ်ရာ ဘာသာရေးဆိုင်ရာပွဲတော်တစ်ခုဖြစ်သည့်အပြင် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်တစ်ရပ်အဖြစ်
ကျင်းပပြုလုပ်သည့် ပွဲတော်ဖြစ်ကြောင်းနှင့် ကဆုန်လပြည့်နေ့မတိုင်မီ တစ်ရက်အလိုတွင်
ညောင်ရေ သွန်းလောင်းကြမည့် ညောင်ပင်များကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခြင်း၊ မဟာဗောဓိပင်
ပလ္လင်တော်အား ကြည်ညိုစဖွယ်ဖြစ်အောင် ပြင်ဆင်ခြင်း စသည့်ကုသိုလ်ယူဖွယ်များကို ပြုလုပ်လေ့
ရှိကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်




No comments