နိုင်ငံအတွက် ကောင်းမွန်သည့်ရလဒ်များဖြစ်ထွန်းပေါ်ပေါက်စေခဲ့သည့် ခရီးစဉ်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်
ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ မေ ၇ ရက်မှစ၍ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပြီး ၁၉၄၁-၁၉၄၅
မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားနှင့်
ဆက်စပ်အခမ်းအနားများသို့ တက်ရောက်ခဲ့သည်။ အဆိုပါခရီးစဉ်အတွင်း စစ်ရေးပြအခမ်းအနားသို့
တက်ရောက်လာကြသည့် နိုင်ငံခေါင်းဆောင်အချို့နှင့် အလွတ်သဘော တွေ့ဆုံခြင်း၊ တွေ့ဆုံဆွေးနွေးခြင်းတို့
ပြုလုပ်နိုင်ခဲ့ရာ နိုင်ငံအတွက်ကောင်းမွန်သည့်ရလဒ်များ ဖြစ်ထွန်း ပေါ်ပေါက်စေခဲ့သည်။
အထူးသဖြင့် အဆိုပါအခမ်းအနားသို့ တက်ရောက်လာသည့်
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်နှင့် မေ ၉ ရက် ညနေပိုင်းတွင် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ခြင်းက
နှစ်နိုင်ငံဆက်ဆံရေးနှင့် ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို အရှိန်အဟုန်မြှင့်တင်ပေးနိုင်ရန်
ပိုမိုအားဖြည့် ပေးနိုင်ခဲ့ခြင်းပင်ဖြစ်သည်။ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ရှည်လျားစွာထိစပ်နေပြီး
နှစ်နိုင်ငံ ဆက်ဆံရေးနှစ်ပေါင်းထောင်ချီရှည်ကြာသော သမိုင်းရှိခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ
ကမ္ဘာ့ အင်အားကြီး နိုင်ငံတစ်နိုင်ငံအဖြစ်သို့ တက်လှမ်းသွားနိုင်ခဲ့ပြီဖြစ်သည်။ ခေတ်သစ်
တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးမှာ (၇၅) နှစ်သို့ ရောက်ရှိလာပြီဖြစ်ပြီး ဒေသတွင်းနှင့်
နိုင်ငံတကာ မျက်နှာစာတို့တွင် မြန်မာနိုင်ငံဘက်မှ အစဉ်တစိုက်ရပ်တည်ခဲ့သည့် ဆွေမျိုးပေါက်ဖော်နိုင်ငံ
ဖြစ်သည်။
မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့်
အင်အားအလွန် ပြင်းထန်သော မန္တလေးငလျင်ကြီး လှုပ်ခတ်ပြီးချိန်တွင် အစောဆုံးကူညီကယ်ဆယ်ရေး
ရောက်ရှိလာခဲ့သည့်အဖွဲ့များမှာ တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ ဖြစ်သည်။ မြန်မာနိုင်ငံတွင်
ငလျင်သဘာဝဘေးကြောင့် အခက်အခဲများ၊ ဘေးဒုက္ခများနှင့် ရင်ဆိုင်နေရချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ
သမ္မတကြီးက မြန်မာပြည်သူလူထု နှင့် ထပ်တူဝမ်းနည်းကြောင်း သဝဏ်လွှာကိုပေးပို့ခဲ့ပြီး
အမြန်ဆုံး ကျော်ဖြတ်နိုင်ပါစေကြောင်းလည်း ဆုမွန်ကောင်းတောင်းပေးခဲ့သည်။ ကူညီကယ်ဆယ်ရေး
လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့်အတူ အရေးပေါ်လူသားချင်းစာနာထောက်ထားမှု အကူအညီများကိုလည်း
ပေးအပ်ခဲ့ခြင်းတို့အပေါ် မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူများအနေဖြင့် အစဉ်အမြဲ ကျေးဇူးတင်အမှတ်ရနေမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော် ဝန်ကြီးချုပ်အား အထူးလေယာဉ်ပေါ်၌ မီဒီယာများက မေးမြန်းမှုများကို ပြန်လည်ဖြေကြားရာတွင်
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံသည် ဆွေမျိုးပေါက်ဖော် ရင်းနှီးသည့် နိုင်ငံများဖြစ်သကဲ့သို့
မဟာဗျူဟာ မိတ်ဖက်နိုင်ငံလည်းဖြစ်ကြောင်း၊ ခွဲခြား၍မရသည့် အိမ်နီးချင်းနိုင်ငံများဖြစ်ပြီး
သံတမန်ဆက်ဆံရေး (၇၅) နှစ်ကျော် ကာလကို ရောက်ရှိပြီဖြစ်ခြင်းနှင့် ထူးခြားသည့် ဆက်ဆံရေးရှိသည့်နိုင်ငံဖြစ်ကြောင်း၊
တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ နယ်မြေပိုင်ဆိုင်မှု၊ ဖွံ့ဖြိုးတိုးတက်မှုတို့နှင့်
ပတ်သက်ပြီး ခိုင်မာစွာထောက်ခံကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း One Belt One
Road လမ်းကြောင်းပေါ်တွင် ခိုင်မာစွာ ရပ်တည်ကြောင်းနှင့် တက်ကြွစွာ ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်းတို့
ထည့်သွင်း ပြောကြားခဲ့သည်။ ထို့အပြင် တရုတ်-မြန်မာ- ဘင်္ဂလားဒေ့ရှ် စီးပွားရေးစင်္ကြံ
အကောင်အထည်ဖော် မြှင့်တင်ရေးကို ဆွေးနွေးနိုင်ခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတကြီးအနေဖြင့်
မြန်မာနိုင်ငံတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲနှင့် စပ်လျဉ်း၍လည်း အားပေးထောက်ခံကြောင်း
ပြောကြားခဲ့သည်ဟုသိရသည်။
နိုင်ငံတော်အကြီးအကဲ၏ ယခုခရီးစဉ်သည်
မြန်မာနှင့်ရုရှားနိုင်ငံတို့အကြား ဆက်ဆံရေးကဏ္ဍသစ် တစ်ရပ်ကို ဖွင့်လှစ်ပေးနိုင်ခဲ့သလို
နိုင်ငံတကာခေါင်းဆောင်များနှင့် တွေ့ဆုံမှု၊ တွေ့ဆုံ ဆွေးနွေးမှုတို့မှတစ်ဆင့် မိမိတို့နိုင်ငံနှင့်
ပြည်သူတို့၏ အကျိုးစီးပွားများကို ဆောင်ကြဉ်း နိုင်ခဲ့ပါကြောင်း။
မြန်မာ့အလင်း

No comments