မိုးစပါး ပန်းတိုင်အထွက်နှုန်းထွက်ရှိရေး
ဆန်စပါးသည် မိမိတို့နိုင်ငံ၏ အရေးကြီးသော
သီးနှံဖြစ်ပြီး ပြည်တွင်းစားသုံးမှုဖူလုံရေးနှင့် ပိုလျှံသည်ကို ပြည်ပသို့ တင်ပို့
နိုင်ရေးအတွက် အရည်အသွေးကောင်း တန်းမြင့်ဆန်များ ပိုမို ထုတ်လုပ်နိုင်ဖို့လိုသည်။ နှစ်စဉ်
ဆန်စပါးထုတ်လုပ်မှုမှ ၈၀ ရာခိုင်နှုန်းခန့်ကို ပြည်တွင်းစားသုံးမှုနှင့် စားသောက်ကုန်များ
ထုတ်လုပ်မှုတို့တွင်သုံးစွဲပြီး ၂၀ ရာခိုင်နှုန်းခန့်ကိုသာ ပြည်ပသို့တင်ပို့ရောင်းချနေခြင်းဖြစ်သည်။
ဆန်စပါးအပါအဝင် အခြားသီးနှံများကို ပိုမိုထုတ်လုပ်၍ ပြည်ပသို့ တင်ပို့ရောင်းချနိုင်ခြင်းအားဖြင့်
နိုင်ငံအတွက် ဝင်ငွေတိုးကာ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး
(GDP) ကိုလည်း ပိုမိုမြင့်တက် လာစေမည်ဖြစ်သည်။ ဂျီဒီပီမြင့်တက်ခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုး
တက်လာခြင်းဟု ဆိုနိုင်သည်။
မိမိတို့နိုင်ငံ၏ အဓိကစီးပွားရေးဖြစ်သော
စိုက်ပျိုးရေးနှင့် မွေးမြူရေးတို့၏ ထုတ်လုပ်မှုကဏ္ဍ တိုးတက်လာစေရန် ဆောင်ရွက်ရာတွင်
အရေးပါသော စိုက်ပျိုးသီးနှံများကို ပန်းတိုင် အထွက်နှုန်းများ သတ်မှတ်ပေးထားရာ အဆိုပါပန်းတိုင်အထွက်
နှုန်းများအတိုင်း ထွက်ရှိစေရန် ကြိုးပမ်းကြဖို့လိုသည်။ သတ်မှတ် ထားသည့် ပန်းတိုင်အထွက်နှုန်းများမှာ
မိုးစပါး တစ်ဧကလျှင် တင်း ၁၀၀၊ နွေစပါး တစ်ဧကလျှင် တင်း ၁၁၀၊ အစေ့ထုတ်ပြောင်း တစ်ဧကလျှင်
၈၅ တင်း၊ မြေပဲ တစ်ဧကလျှင် တင်း ၇၀၊ နှမ်း တစ်ဧကလျှင် တင်း ၂၀၊ နေကြာ တစ်ဧကလျှင် တင်း
၅၀၊ မတ်ပဲ တစ်ဧကလျှင် ၂၅ တင်း၊ ပဲတီစိမ်း တစ်ဧကလျှင် တင်း ၂၀၊ ပဲစင်းငုံ တစ်ဧကလျှင်
၂၅ တင်း၊ ချည်မျှင်ရှည်ဝါ တစ်ဧကလျှင် ပိဿာ ၇၀၀၊ ချက်ကြံ တစ်ဧကလျှင် တန် ၃၀ ဟူ၍ဖြစ်သည်။
လက်ရှိ နိုင်ငံတစ်ဝန်း မိုးစပါး စိုက်ဧကပေါင်း
၁၅ သန်းခန့် စိုက်ပျိုးပြီး နှစ်စဉ် စပါးတင်းပေါင်း ၁၀၈၈ သန်း ထွက်ရှိကြောင်း၊ နွေစပါးစိုက်ဧကပေါင်း
နှစ်သန်းခန့်မှ နှစ်စဉ်စပါးတင်းပေါင်း ၂၁၃ သန်းခန့် ထွက်ရှိကြောင်း သိရှိရသည်။ အကယ်၍သာ
ပန်းတိုင်အထွက်နှုန်းများနှင့်အညီ ထွက်ရှိနိုင်မည်ဆိုပါက မိုးစပါး တင်း သန်းပေါင်း
၁၅၀၀၊ နွေစပါး တင်း သန်းပေါင်း ၂၂၀ ထွက်ရှိ လာမည်ဖြစ်သည်။ ပန်းတိုင်အထွက်နှုန်းများကိုသာ
ရရှိပါက နှစ်စဉ် မိုးစပါး၊ နွေစပါး စုစုပေါင်း တင်းသန်းပေါင်း ၄၂၀ ကျော် ပိုမိုထွက်ရှိလာနိုင်မည်ဖြစ်သည်။
ပန်းတိုင်အထွက်နှုန်းများ ထွက်ရှိရန်ဆိုသည်မှာ မဖြစ်နိုင်လောက်သည့် သတ်မှတ်ချက်မျိုး
မဟုတ်ဘဲ အမှန်တကယ် လုပ်ကိုင်ဆောင်ရွက်ပါက ယင်းထက်ပင် ပိုမိုကျော်လွန်ထွက်ရှိသည်ကို
တွေ့ရှိနိုင်သည်။
စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်း
ပြည့်မီကျော်လွန်ရေးအတွက် ဆောင်ရွက်ရာတွင် “ မျိုး၊ မြေ၊ ရေ၊ နည်း” ဟူသည့်အခြေခံ (၄) ချက်နှင့်အညီ စိုက်ပျိုးနိုင်ကြရန်
အားထုတ်ကြဖို့လိုသည်။ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် အရည်အသွေးကောင်း၊ အထွက်နှုန်းကောင်းသည့်
မျိုးကောင်း မျိုးသန့်ကို ရွေးချယ်စိုက်ပျိုးခြင်း၊ စိုက်ပျိုးမည့်မြေကို အရည်အသွေး
ကောင်းမွန်စေရန် စနစ်တကျပြုပြင်ပြီး လိုအပ်သည့်သွင်းအားစု မြေဩဇာများကို အချိန်ကိုက်
ထည့်သွင်းပေးခြင်း၊ စိုက်ပျိုးရေနှင့် အောင်ရေကို ဖူလုံစွာရရှိနိုင်စေရန် ဆောင်ရွက်ခြင်း၊
စိုက်ပျိုး နည်းစနစ်များ မှန်ကန်ရေးနှင့် ခေတ်မီစိုက်ပျိုးနည်းစနစ်များ အသုံးပြုခြင်းတို့ကို
ဝီရိယစိုက်ထုတ် ကြိုးပမ်း ဆောင်ရွက်ခြင်းဖြင့် တောင်သူတို့၏ အကျိုးစီးပွား မြင့်မားတိုးတက်လာမည်ဖြစ်သည်။
မိုးစပါးစိုက်ပျိုးသည့်ရာသီသည် မုတ်သုံရာသီဖြစ်သည့်အလျောက်
ဖြစ်လေ့ဖြစ်ထရှိသည့် သဘာဝဘေး အန္တရာယ်များအတွက်လည်း ကြိုတင်မြော်တွေး ပြင်ဆင်ထားကြဖို့လိုသည်။
တစ်နိုင်ငံလုံး မိုးစပါးစိုက်ဧကများ ပြည့်မီကျော်လွန်ရေး၊ တစ်ဧကပန်းတိုင်အထွက်နှုန်းများနှင့်အညီ
ထွက်ရှိရေး အလေးထား အားထုတ်လုပ်ကိုင်ကြခြင်းဖြင့် တောင်သူများ၏ လူမှုစီးပွားဘဝများ
မြင့်မား တိုးတက်ကြပါစေကြောင်း။
မြန်မာ့အလင်း

No comments