(၇၉)နှစ်ပြည့်မှ ရာစုနှစ်များစွာသို့
နှစ်စဉ် မေလ ၅ ရက်နေ့သည် မြန်မာနိုင်ငံ
မီးသတ်တပ်ဖွဲ့နေ့ဖြစ်သည်။ ၁၉၄၆ ခုနှစ် မေလ ၅ ရက်နေ့တွင် မြန်မာတစ်နိုင်ငံလုံးနှင့်
သက်ဆိုင်သည့် မီးသတ်အဖွဲ့အစည်းတစ်ခု ပထမဆုံးစတင် ပေါ်ပေါက်လာခြင်းကို ဂုဏ်ပြု၍ နှစ်စဉ်ကျင်းပခြင်းဖြစ်ရာ
ယခုနှစ်တွင် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့သည် ၇၉ နှစ်သို့တိုင် ရောက်ရှိခဲ့ပြီဖြစ်သည်။
မိမိတို့နိုင်ငံသည် သဘာဝဘေးအန္တရာယ်များ
ကျရောက်နိုင်ခြေမြင့်မားသကဲ့သို့ နှစ်စဉ် မီးလောင်ကျွမ်းမှုနှင့် ပျက်စီးဆုံးရှုံးမှုတို့ကလည်း
များပြားသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် နိုင်ငံတစ်ဝန်းလုံး၌ မီးလောင်မှု ၁၁၅၀ ဖြစ်ပွားခဲ့ရာ
ဆုံးရှုံးမှုတန်ဖိုးစုစုပေါင်း ငွေကျပ် ၉ ဒသမ ၄ ဘီလီယံကျော်သည်။ မီးလောင်မှုဖြစ်စဉ်များ
အတွင်း လူ ၉၉ ဦး သေဆုံးကာ ၁၃၈ ဦး ဒဏ်ရာရရှိခဲ့သည်။ ပြီးခဲ့သည့် ဆယ်နှစ်တာအတွင်း ပျမ်းမျှအားဖြင့်
မီးလောင်မှု ကြိမ်ရေ ၁၈၀၀ ခန့်ရှိပြီး ဆုံးရှုံးမှု တန်ဖိုးမှာလည်း နှစ်စဉ်ပျမ်းမျှ
ကျပ် ၁၅ ဘီလီယံခန့်ရှိသည်။ ထိုနည်းတူစွာပင် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကြောင့် မြန်မာနိုင်ငံတွင်
လွန်ခဲ့သည့်ဆယ်နှစ်တာကာလအတွင်း သဘာဝဘေးအန္တရာယ် ကျရောက်မှုများ အကြိမ်ရေ ပိုမိုများပြားလာသကဲ့သို့
ဖြစ်စဉ်များမှာလည်း ပိုမိုပြင်းထန် ကြမ်းတမ်းလာခဲ့သည်။ နိုင်ငံတစ်ဝန်းမီးလောင်မှုနှင့်
သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့ ကျရောက်မှုများတွင် မိမိတို့၏ အသက်ကိုပဓာနမထားဘဲ မီးငြှိမ်းသတ်ရေးနှင့်
ရှာဖွေကယ်ဆယ်ရေး တာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်နေကြသည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များကို
တွေ့မြင် နေကြရမြဲဖြစ်သည်။
ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်းများ၊
နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်နှင့်
သဘာဝဘေးအန္တရာယ်အပါအဝင် အခြားသော ဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို
တာဝန်ယူဆောင်ရွက်ရန်ဟူသော ရည်ရွယ်ချက်များနှင့် မီးသတ်ဦးစီးဌာနကို ဖွဲ့စည်းတည်ထောင်ထားခြင်းဖြစ်ရာ
အဆိုပါရည်ရွယ်ချက်များနှင့်အညီ မီးသတ်တပ်ဖွဲ့သည် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊
ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးဟူသော ရည်မှန်းချက်တာဝန် (၄) ရပ်ကို
ထမ်းဆောင်လျက်ရှိသည်။ မီးသတ်တပ်ဖွဲ့ဟူ၍ ဆိုစေကာမူ မီးငြှိမ်းသတ်မှု တာဝန်မျှသာမကဘဲ
နေအိမ်တွင်းရောက်ရှိနေသည့် အဆိပ်ပြင်းမြွေဖမ်းပေးရခြင်း၊ ဓာတ်လှေကားအတွင်းပိတ်မိနေသူများကို
ကယ်ဆယ်ပေးရခြင်း ကဲ့သို့သော အလုပ်မျိုးမှသည် မုန်တိုင်း တိုက်ခတ်ခြင်း၊ ရေကြီးရေလျှံခြင်း၊
မြေပြိုခြင်း၊ မြေငလျင် လှုပ်ခတ်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာရသည့် ကြီးမားလှသော သဘာဝဘေးအန္တရာယ်များတွင်
ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်ရသည်အထိ လုပ်ငန်းများ များပြားလှပြီး အချို့တာဝန်ထမ်းဆောင်ရင်း
အသက်ပေးခဲ့ရသည့် တပ်ဖွဲ့ဝင်တို့ရှိခဲ့သည်။
ပြီးခဲ့သည့်နှစ်များအတွင်း ဆက်တိုက်ဆိုသလို
ကြုံတွေ့ခဲ့ရသော ကြီးမားပြင်းထန်လှသည့် သဘာဝဘေး အန္တရာယ်ကြီးများဖြစ်သည့် မိုခါဆိုင်ကလုန်းမုန်တိုင်း၊
ရာဂီတိုင်ဖွန်း မုန်တိုင်းနှင့် လတ်တလောဖြစ်ပွားခဲ့သည့် မန္တလေးငလျင်ကြီးတို့တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်တို့၏
ပင်ပန်း ဆင်းရဲမှုကို ပဓာနမထားဘဲ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့သည့် ပုံရိပ်များ၊
တောင်လိုပုံနေပြီး အချိန်မရွေးပြိုကျလာနိုင်သည့် အပျက်အစီးများကြားမှ ခက်ခက်ခဲခဲ ဆွဲထုတ်
ကယ်တင်နေသည့် မြင်ကွင်းများ၊ နိုင်ငံတကာမှ ရောက်ရှိလာသည့် ရှာဖွေကယ်ဆယ်ရေး အဖွဲ့များနှင့်အတူ
ပူးပေါင်းကာ အသက်ရှင်ကျန်နေသူများကို အချိန်မီကယ်ဆယ်နိုင်ရေးအတွက် နေ့နေ့ညည စိတ်ရောကိုယ်ပါဆောင်ရွက်ခဲ့
ကြပုံများမှာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ သမိုင်းမှတ်တမ်းကောင်းများအဖြစ် ထာဝရတည်ရှိနေမည်ဖြစ်သည်။
(၇၉)နှစ် မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့မှသည် အနာဂတ်ကာလ ရာစုနှစ်ပေါင်းများစွာတိုင်အောင်
သမိုင်းမော်ကွန်းများ ရေးထိုးနိုင်ကြပါစေကြောင်း။
ကြေးမုံ

No comments