ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးနှင့် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်) ကြည့်ရှုစစ်ဆေး

 


ရန်ကုန် မေ ၁၁

 

တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးသည် ရန်ကုန် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယမန်နေ့ ညနေပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးသို့ သွားရောက်၍ ရုံးလုပ်ငန်းဆောင် ရွက်မှုများကို ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရန်ကုန် တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၏ ရုံးလုပ်ငန်းဆောင်ရွက်နေမှုများ၊ ရုံးအဆောက်အအုံနှင့် ရုံးမြေ ဧရိယာအတွင်း ကားပါကင်မြေဖို့ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 

ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီးနှင့်အတူ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာအတွင်းရှိ တိုင်းရင်းသားရိုးရာ စားသောက်ဆိုင် ခန်းများ၊ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြု ဘဏ္ဍာရန်ပုံငွေဖြင့် တင်ဒါခေါ်ယူ ဆောင်ရွက်ခဲ့သည့် သောင်တူးခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။

 

ကြည့်ရှုစစ်ဆေး

ဆက်လက်၍ ဝန်ထမ်းအိမ်ရာများ၊ အမှိုက်များ စနစ်တကျစွန့်ပစ်မှုရှိစေရေး၊ ဝန်ထမ်းအိမ်ရာရှိ သန့်စင်ခန်းများ ပြုပြင်ပေးနိုင်ရေးလုပ်ငန်းများနှင့် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြုပြင်ဆောင်ရွက် မည့် အပျိုဆောင်အဆောက်အအုံကို ကြည့်ရှုစစ်ဆေးပြီး အင်ဂျင်နီယာအဖွဲ့ ဖွဲ့စည်း၍ အဆောက်အအုံ ကြံ့ခိုင်မှုရှိစေရေး အထူးကြပ်မတ် ဆောင်ရွက်သွားရန် မှာကြားသည်။

 

ယင်းနောက်နန်းမြင့်မျှော်စင်အား ကြည့်ရှုစစ်ဆေးကာ ပြုပြင်သင့်သည်များကို အင်ဂျင်နီယာ တွက်ချက်မှုဖြင့် ဆင့်ကဲတင်ပြ ခွင့်ပြုချက်ရယူပြီး ပြုပြင် ဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များ မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ပြည်ထောင်စု တိုင်းရင်းသား ကျေးရွာသည် တိုင်းရင်းသားများ၏ အဓိက ပြယုဂ်တစ်ခုပင်ဖြစ်ပြီး အများပြည်သူများ စိတ်ချမ်းသာစွာ လာရောက် အပန်းဖြေနိုင်ရန်အတွက် အမြဲသန့်ရှင်း သာယာလှပပြီး စိန်းလန်းစိုပြည်နေရန် လိုအပ်ပါကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်ပါ လုပ်ငန်းစီမံကိန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် အားလုံးဝိုင်းဝန်း ကြိုးစား ဆောင်ရွက်သွားရန် ပြောကြားသည်။

 

ယင်းနောက် တာဝန်ခံအရာရှိက လုပ်ငန်းဆောင်ရွက်ခဲ့မှုများ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

 

သတင်းစဉ်

No comments

Powered by Blogger.