တစ်စိတ်တည်း တစ်ဝမ်းတည်း တက်ညီလက်ညီ ပြန်လည်ထူထောင်ကြမည်
ဇာနည်ဘွား
ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များနှင့်အတူ
သဘာဝဘေးအန္တရာယ်များသည် ယနေ့ကမ္ဘာကို မကြုံစဖူးခြိမ်းခြောက်လာသည်။ မိုးခေါင်ခြင်း၊
မိုးသည်းထန်စွာရွာခြင်း၊ ဆူနာမီ ဒီရေလှိုင်းများ ဖုံးလွှမ်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊
မုန်တိုင်းကြီးများဝင်ရောက်ခြင်း၊ မြေပြိုခြင်း၊ တောင်ပြိုခြင်း၊ ငလျင်လှုပ်ခြင်းစသည့်
သဘာဝဘေးအန္တရာယ်များ နှင့် တစ်ခုမဟုတ်တစ်ခု မကြာခဏ တွေ့ကြုံခံစား လာခဲ့ကြရသည်။
လွန်ခဲ့သည့် ၂၀၀၈ ခုနှစ်အတွင်းကဆိုပါမူ
အာရှတိုက်အတွင်းမှ မြန်မာနှင့်တရုတ် အိမ်နီးချင်း နှစ်နိုင်ငံသည် သဘာဝဘေးအန္တရာယ်ကို
ဆိုးဆိုးရွားရွား တွေ့ကြုံခံစားခဲ့ကြရသည်။
၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့တွင် မြန်မာနိုင်ငံ
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကိုဗဟိုပြု၍ အလွန် ပြင်းထန်သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြီး
ဝင်ရောက်တိုက်ခတ်မှုကြောင့် လူပေါင်းတစ်သိန်း ကျော် သေဆုံးခဲ့ပြီး အသက်အိုးအိမ်စည်းစိမ်ဥစ္စာ
များစွာပျက်စီးဆုံးရှုံးခဲ့ရသည်။
မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသသို့
နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြီး ဝင်ရောက်တိုက်ခတ်ပြီး ရက်ပိုင်း အတွင်း မေလ ၁၂ ရက်နေ့တွင်
အိမ်နီးချင်းတရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ပြည်အနောက် တောင်ပိုင်းဒေသ၌ ပြင်းအားရစ်
(ခ်) တာစကေး အဆင့် ၈ အထိရှိသည့် မြေငလျင်ကြီး လှုပ်ခတ်မှုကြောင့် လူပေါင်း ၆၉၂၇၇ ဦး
အသက်ဆုံးရှုံးခဲ့ရပြီး ၁၇၉၂၃ ဦး ပျောက်ဆုံးခဲ့သည်။ စီးပွားရေး အရ တရုတ်ယွမ်ငွေ ၈၄၅
ဒသမ ၁ ဘီလီယံခန့် ဆုံးရှုံးခဲ့ လေသည်။
အဆိုပါငလျင်သည် တရုတ်ပြည်သစ်ထူထောင်ပြီး
နှစ်ပေါင်း ၆၀ နီးပါးအတွင်း ဖျက်ဆီးမှုစွမ်းအား အပြင်းအထန်ဆုံး ဂယက်ရိုက်ခတ်မှု နယ်ပယ်အဝန်းအဝိုင်း
အကျယ်ပြန့်ဆုံးနှင့် ကယ်ဆယ်ရန်ခက်ခဲမှု အကြီးမားဆုံးဖြစ်သည့် မြေငလျင်ကြီးဖြစ်သည်ဟု
ဆိုသည်။
စီချွမ်းပြည်နယ် ဝမ်ချွမ်း ငလျင်ကပ်ဘေး
ကယ်ဆယ်ရေးအတွက် ငွေရှိသူက ငွေထုတ်၊ လူရှိ သူက လူထုတ်၊ နည်းပညာရှိသူက နည်းပညာ ထုတ်သုံးပြီးဆောင်ရွက်ခဲ့ကြသည်။
တိုတောင်းသော အချိန် ကာလအတွင်းမှာပင် ရုပ်ဝတ္ထုသယ်ယူပို့ဆောင်ရေးတပ်ဖွဲ့၊ ဆေးဝါးကုသ
ကယ်ဆယ်ကူညီရေး တပ်ဖွဲ့၊ စိတ်ဓာတ်ရေးရာအရ ကူညီရေးအဖွဲ့များ အသီးသီးဖွဲ့စည်း၍ အရေးတကြီး
ဆောင်ရွက်ခဲ့ကြသည်။ စောနိုင်သမျှစောအောင် ကပ်ဘေးကယ်ဆယ်ရေးနေရာသို့ အဆောတလျင် သွားရောက်ခဲ့ကြသည်။
ထိုစဉ်က တရုတ်ကွန်မြူနစ်ပါတီအထွေထွေ
အတွင်းရေးမှူး ဟူကျင်ထောင်းသည် စီချွမ်းပြည်နယ် ဝမ်ချွမ်းမြေငလျင်လှုပ်ပြီးနောက် တစ်နာရီအတွင်းမှာပင် ဒဏ်ရာရသူများကို
အမြန်ဆုံး ကယ်တင်ရေး၊ ဘေးအန္တရာယ်ကျရောက်နေသည့်ဒေသက ပြည်သူလူထု၏ အသက်အန္တရာယ်လုံခြုံရေးကို
အမြန်ဆုံး အာမခံပေးရန် ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပြီး နိုင်ငံတော်ကောင်စီဝန်ကြီးချုပ်
ဝမ်ကျားပေါင်ကလည်း မြေငလျင်ကြီး လှုပ်ခတ်ပြီး ငါးနာရီအကြာမှာပင် ဘေးအန္တရာယ်ကျရောက်နေသည့်
နေရာသို့ ရောက်ရှိသွားပြီး ဘေးအန္တရာယ်ကျရောက်နေသည့် ပြည်သူများကို နွေးထွေးနှစ်သိမ့်ပေးခဲ့သည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်အပါအဝင်
ကယ်ဆယ်ကူညီရေးတပ်ဖွဲ့ဝင်များက နောက်ဆက်တွဲ မြေငလျင် အဆက်မပြတ် လှုပ်ခတ်နေသည့်ကြားမှာပင်
တောင်ကမ်းပါးယံ ပြိုကျမှုများ၊ ရွှံ့နွံကျောက်တုံးများ စီးဆင်းမှု အန္တရာယ်များကိုမမှုဘဲ
အခက်အခဲနှင့် အတားအဆီး အားလုံးကို ကျော်လွှားကာ မြေငလျင်လှုပ်ခတ်နေသည့်ဒေသထဲသို့ တစ်သုတ်ပြီးတစ်သုတ်
ရောက်ရှိ လာခဲ့ကြသည်။
ကျောင်းတစ်ကျောင်းတွင် ကျောင်းသား ၁၀၀
ကျော်ခန့် အပျက်အစီးပုံအောက်တွင် ပိတ်မိနေခဲ့ရာတွင် ကယ်ဆယ်ကူညီရေးအဖွဲ့ဝင်များသည် အပျက်အစီးပုံအတွင်းမှ
ကလေး သုံး၊ လေးဆယ်ကို ကယ်ထုတ်နိုင်ခဲ့ပြီး အလောင်း ၃၀ ကျော်ကိုလည်း ထုတ်ယူနိုင်ခဲ့ကြသည်။
သို့ရာတွင် နောက်ဆက်တွဲငလျင်နှင့် စက်ယန္တရားများကို
အသုံးချမှုကြောင့် ရွေ့လျားမှုများ ဖြစ်ပေါ်ခဲ့၍ အပျက်အစီးပုံများ ထပ်မံပြိုကျမှုများ
ဖြစ်ပေါ်နိုင်သည့်အလျောက် ကူညီကယ်ဆယ်ရေးကို မကြာခဏ ရပ်နားခဲ့ကြရသည်။
အပျက်အစီးပုံများထဲက ကလေးတစ်ယောက်ကို
မကြာခင်က ကယ်တင်ပေးခဲ့သည့် တပ်သား တစ်ဦးသည် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ခေတ္တရပ်ဆိုင်းထားစဉ်
အတောအတွင်းမှာပင် ထပ်မံကယ်ထုတ်လို၍ သူ့ကိုဝိုင်းဆွဲထားသည့် လူများရှေ့၌ ဒူးထောက်ပြီး
“ကျွန်တော် နောက်ထပ် ကလေးတစ်ယောက်ကို သွားကယ်ဆယ်ပါရစေ၊ တောင်းပန်ပါတယ်၊ ကျွန်တော် နောက်ထပ်ကလေး
တစ်ယောက်တော့ ကယ်နိုင်ပါတယ်”ဟု ငိုယိုပြောဆိုနေခဲ့သည့်မြင်ကွင်းများ၊
ပေချွမ်းငလျင် ကပ်ဘေးသင့်ဒေသရှိ လေးဖက်လေးတန် မီးခိုး တလူလူထွက်နေသည့်အပျက်အစီးပုံပေါ်မှ
ဒဏ်ရာ ရနေသည့် ကလေးတစ်ယောက်သည် သစ်သားပြား ကလေးနှင့် ယာယီထမ်းစင်ပေါ်တွင် လဲလျောင်း
နေရာမှ လှုပ်ရှားနိုင်သေးသော သူ၏ညာဘက် လက်ကလေးဖြင့် သူ့ကိုထမ်းထားသည့် တပ်ဖွဲ့ဝင် များကို
ရိုသေစွာအလေးပြုနေရှာသည့် မြင်ကွင်းများသည် ထိုစဉ်က ကမ္ဘာ့ပြည်သူများ၏စိတ်နှလုံးကို
လှုပ်ရှားစေခဲ့သည်။
ကူညီကယ်ဆယ်ရေးဖြစ်စဉ်အတွင်း ထိုသို့သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့မှုကြောင့်
ကူညီ ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များသည် ငလျင်ကပ်ဘေးဒေသမှ ပြည်သူများ၏ ချစ်ခင်လေးစားမှုများကို
ရရှိခဲ့ကြလေသည်။ လူထုအဖွဲ့အစည်းအသီးသီးကလည်း အလှူငွေများရှာဖွေစုဆောင်းခြင်း၊ ဘော်လံတီယာများအဖြစ်
ပါဝင်ဆောင်ရွက်ခြင်းစသည်ဖြင့် အစိုးရနှင့်အတူ တက်ညီလက်ညီ ချီတက်ကာ မြေငလျင်ကပ်ဘေးကူညီရေး
အကျပ်အတည်းကာလတွင် ကဏ္ဍအလိုက် ပါဝင် ဆောင်ရွက်ခဲ့ကြသည်။
မြေငလျင်ကပ်ဘေး ကူညီကယ်ဆယ်ရေးတွင် အရေးပေါ်သွေးလိုအပ်မှုရှိသည်ကို
သိရှိသည့်အခါ တွင်လည်း စီချွမ်းပြည်နယ် ချန်တူးမြို့မှ မြို့သူမြို့သားများအပါအဝင်
မြို့တော်အသီးသီးမှ ပြည်သူများသည် တစ်ခဲနက် လာရောက်သွေးလှူဒါန်းခဲ့ကြရာ တရုတ်ပြည်ဆေးရုံကြီးများရှိ
သွေးလှူဘဏ်များသည် တိုတောင်းသော သုံး၊ လေးရက်အတွင်းမှာပင် ပြည်လျှံသွားခဲ့သည်။
ပင်လယ်ရပ်ခြားရောက် တရုတ်အမျိုးသားများကလည်း
သံရုံးများမှတစ်ဆင့်သော်လည်းကောင်း၊ တိုက်ရိုက်သော်လည်းကောင်း လမ်းကြောင်းအသွယ်သွယ်မှ
ငွေကြေးနှင့် ရုပ်ဝတ္ထုအကူအညီများ ပေးပို့လှူဒါန်းခဲ့ကြသည်။
ထိုစဉ်က ပင်လယ်ရပ်ခြားရောက် တရုတ်အမျိုးသားများအဖွဲ့ချုပ်
ဥက္ကဋ္ဌဖြစ်သူ အသက် ၈၃ နှစ်အရွယ်ရှိ Han Sung Ho က “အမိပြည်မှာ အထူးပြင်းထန်လှတဲ့မြေငလျင်
သဘာဝကပ်ဘေးဒဏ် ခံလိုက်ရတဲ့အချိန်မှာ ငါတို့တိုင်းတစ်ပါးရောက် တရုတ်အမျိုးသားတွေဟာ အမိနိုင်ငံအတွက်
ကိစ္စနည်းနည်းပါးပါးလောက်တော့ ဆောင်ရွက်သင့်ပါတယ်။ အလှူငွေထည့်ဝင်ခြင်းနဲ့ အလှူငွေ
ကောက်ခံပေးခြင်းတို့ဟာ ကပ်ဘေးသင့်ဒေသက ပြည်သူတွေကို မိမိတို့ရဲ့စေတနာကို ပုံစံတစ်မျိုးနဲ့ဖော်ပြလိုက်တာဖြစ်တယ်”ဟု ဆိုသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီကလည်း
စီချွမ်းပြည်နယ် ဝမ်ချွမ်းမြေငလျင်ဘေးကို ကြုံတွေ့ရင်ဆိုင်ခဲ့ရသည့် ဆွေမျိုးပေါက်ဖော်များကို
တစ်ပြည်လုံးက အမျိုးသားပြည်သူများ၏ နက်နဲသည့် ဝမ်းနည်းကြေကွဲမှုကို ဖော်ပြရန်အတွက်
၂၀၀၈ ခုနှစ် မေလ ၁၉ ရက်မှ ၂၁ ရက်နေ့အထိ တစ်မျိုးသားလုံးဆိုင်ရာ ဝမ်းနည်းကြေကွဲဖွယ်နေ့အဖြစ်
သတ်မှတ်ပြီး အများပြည်သူ ကစားပျော်ရွှင်မှု အစီအစဉ်လှုပ်ရှားမှုများကို ရပ်ဆိုင်းထားခဲ့ကြသည်။
မြန်မာနိုင်ငံအတွင်း ၂၀၂၅ ခုနှစ် မတ်လ
၂၈ ရက်နေ့က အလွန်ပြင်းထန်သော မန္တလေးမြေငလျင် ကြီးလှုပ်ခတ်မှုဖြစ်စဉ်၌လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရက
အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်မှုကြောင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးခဲ့မှုများအတွက်
စာနာ နားလည်မှုများနှင့်အတူ ထပ်တူခံစားသောအားဖြင့် နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်း အထိမ်းအမှတ်
နေ့ရက် (the day of national mourning) အဖြစ် သတ်မှတ်ကြေညာခဲ့ပြီး နိုင်ငံတော် အလံအား
တိုင်ဝက်လျှော့ချ၍ လွှင့်ထူခဲ့သည်။
ထို့အတူ ပြင်းထန်သည့် ငလျင်ဘေးအန္တရာယ်ကြောင့်
နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊
မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် တို့အတွင်းရှိ ပြည်သူအချို့သေဆုံးဒဏ်ရာရ ထိခိုက်နစ်နာဆုံးရှုံးမှုများ
ကြုံတွေ့မှုအပေါ် တစ်နိုင်ငံလုံး ဝမ်းနည်းကြေကွဲနေရသောကာလဖြစ်၍ ယခုနှစ်မြန်မာ့ရိုးရာသင်္ကြန်ကို
အပျော်အပါး သီဆိုကခုန် မှုများမပါဝင်ဘဲ ရိုးရာယဉ်ကျေးမှုနှင့်အညီ အေးချမ်းသာယာသော သင်္ကြန်အဖြစ်သာ
ကျင်းပခဲ့ပါသည်။
အလားတူ နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်က ငလျင်လှုပ်ခတ်ပြီး နာရီပိုင်း အတွင်းမှာပင် နေပြည်တော်ကောင်စီနယ်မြေအတွင်း
ထိခိုက်ပျက်စီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုအခြေအနေများအရ
အရေးပေါ်အခြေအနေ သတ်မှတ်၍ မတ် ၂၈ ရက် ညပိုင်းမှာပင် နိုင်ငံတကာမှ အကူအညီများရရှိရန်
နိုင်ငံပိုင်ရုပ်သံများမှ တစ်ဆင့် ဖိတ်ခေါ်ခဲ့ပါသည်။
တစ်ဆက်တည်းမှာပင် နိုင်ငံတော်အကြီးအကဲက
နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်း)
နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စသည့် ငလျင်ဒဏ် အဓိကခံစားခဲ့ရသော ဒေသများသို့
ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်
စပ်လျဉ်း၍ လမ်းညွှန် မှာကြားခဲ့ပါသည်။
ထို့အတူ နိုင်ငံတော်အကြီးအကဲသည် ဧပြီလ
၄ ရက်နေ့တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပသော ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီး
အစည်းအဝေးသို့ တက်ရောက်စဉ်အတွင်း အစည်းအဝေး တက်ရောက်လာသည့် နိုင်ငံ့ခေါင်းဆောင်များနှင့်တွေ့ဆုံပြီး
မြေငလျင်နှင့်ပတ်သက်၍ အကူအညီ တောင်းခံခဲ့ပါသည်။
ဧပြီလ ၁၇ ရက်နေ့တွင်လည်း နိုင်ငံတော်အကြီး
အကဲသည် အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှား နိုင်ငံ ဝန်ကြီးချုပ် H.E. Anwar Ibrahim နှင့်
တွေ့ဆုံ ၍ မြန်မာနိုင်ငံငလျင်ဘေးဒဏ်မှ ပြန်လည်ထူထောင် ရေးတွင် အာဆီယံအသိုက်အဝန်းမှ
စည်းလုံးညီညွတ်မှုဖြင့် ဆက်လက်ကူညီဆောင်ရွက်ရေးအတွက် ဆွေးနွေးခဲ့ပါသည်။
နိုင်ငံတော်အကြီးအကဲ၏ ကနဦးဖိတ်ခေါ်မှုနှင့်အတူ
နိုင်ငံတကာရှာဖွေကယ်ဆယ်ရေး အဖွဲ့အများ အပြားသည် ငလျင်ဘေးဒဏ်သင့်၍ ပိတ်မိနေသူများကို
ကူညီရှာဖွေကယ်ဆယ်ပေးရန် မြန်မာနိုင်ငံသို့ အလျင်အမြန် ဝင်ရောက်လာခဲ့ကြသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ
အရေးပေါ်ရှာဖွေကယ်ဆယ်ရေး အဖွဲ့ဝင်များသည် ငလျင်လှုပ်ခတ်ပြီး ၇၂ နာရီမတိုင်မီ အစောဆုံးဝင်ရောက်လာခဲ့သည်။
ဆက်လက်၍ အိန္ဒိယ၊ ရုရှား၊ ဘယ်လာရုစ်၊ ဘူတန်၊ အင်ဒိုနီးရှား၊ မလေးရှား၊ လာအို၊ နီပေါ၊
ဘင်္ဂလား ဒေ့ရှ်၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်၊ တူကီယဲ၊ အာရပ် စော်ဘွားများနိုင်ငံ(UAE)
စသည့် နိုင်ငံပေါင်း ၂၀ မှ အရေးပေါ်ကူညီကယ်ဆယ်ရေး အဖွဲ့ဝင်များနှင့် ဆေးကုသရေးအဖွဲ့ဝင်များသည်
ခေတ်မီကူညီ ကယ်ဆယ်ရေးပစ္စည်းကိရိယာ အပြည့်အစုံဖြင့် ရောက်ရှိလာခဲ့ကြသည်။
နိုင်ငံတကာအရေးပေါ်ကူညီရေးအဖွဲ့ဝင်များသည်
တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊
စေတနာ့ဝန်ထမ်းများနှင့်ပူးပေါင်း၍ ငလျင်လှုပ်ခတ်ခဲ့သည့် မတ်လ ၂၈ ရက်နေ့မှ ဧပြီ လ ၈
ရက်နေ့အတွင်း အပျက်အစီးများအောက်တွင် ပိတ်မိနေခဲ့ကြသော လူပေါင်း ၆၅၃ ဦးကို အသက်ရှင်လျက်
ကယ်ဆယ်ပေးနိုင်ခဲ့ကြသည်။ ကုလသမဂ္ဂ နှင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်ပနိုင်ငံများစွာတို့ကလည်း
ငလျင်ဘေးသင့်ပြည်သူများအတွက် လိုအပ်သည့် ထောက်ပံ့ရေးပစ္စည်းများ၊ ကယ်ဆယ်ရေးပစ္စည်းများနှင့်
အလှူငွေများကို ပေးအပ် လှူဒါန်းခဲ့ကြသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာ
ရှီကျင့်ဖျင်၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ရှာရီနာရန် ဒရာမိုဒီ၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ
မလေးရှားနိုင်ငံ ဝန်ကြီးချုပ်၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ နီကာရာဂွာ နိုင်ငံတို့မှ အကြီးအကဲများအပါအဝင်
ပြည်ပနိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအကဲများကလည်း လိုအပ်သည့် အကူအညီများ
ပေးအပ်နိုင်ရေးအတွက် နိုင်ငံတော်အကြီးအကဲထံ ဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့သကဲ့သို့
ဝမ်းနည်းကြောင်း နှင့် စာနာထောက်ထားကြောင်း သဝဏ်လွှာများကို လည်း ပေးပို့ခဲ့ကြသည်။
ပြည်တွင်းရှိ စေတနာရှင် အလှူရှင်များကလည်း
ငလျင်ဘေးဒဏ်သင့်ဒေသများ၌ ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်
အလှူငွေများ ပေးအပ် လှူဒါန်းခဲ့ကြရာ ဧပြီလ ၁ ရက်နေ့က နေပြည်တော်၌ ကျင်းပခဲ့သာ လှူဒါန်းပွဲအခမ်းအနားတွင်
ငွေသား ၁၀၄ ဒသမ ၄၄ ဘီလီယံ၊ အလှူပစ္စည်း ၁၂ ဒသမ ၄ ဘီလီယံ၊ စုစုပေါင်း ၁၁၆ ဒသမ ၈၄ ဘီလီယံ
လှူဒါန်းခဲ့ကြသည်။ ထို့အတူ စီးပွားရေးလုပ်ငန်းရှင်များ၊ အနုပညာရှင်များ၊ ပရဟိတအသင်းအဖွဲ့များ၊
စီးပွားရေး ကုမ္ပဏီအဖွဲ့အစည်းများ၊ တစ်ဦးချင်းအလှူရှင်များ၊ စုပေါင်းအလှူရှင်များကလည်း
ငလျင်ဘေးသင့် ဒေသခံပြည်သူများထံ သွားရောက်ပြီး လက်ရောက်ထောက်ပံ့လှူဒါန်းခဲ့ကြသည်။
ရန်ကုန်မြို့အပါအဝင် မြို့ရွာအသီးသီးရှိ
လူငယ်မောင်မယ်များကလည်း အလှူငွေများ ကောက်ခံ၍ ပေးပို့လှူဒါန်းခဲ့ကြသည်။ နိုင်ငံတော်အနေဖြင့်လည်း
ဘီလီယံ ၅၀၀ ကိုမတည်၍ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နိုင်ငံတော်အကြီးအကဲသည် ဧပြီ ၁၉ ရက်က ငလျင်ဘေးသင့်ဒေသများသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း
ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရန်ပုံငွေအဖြစ် စစ်ကိုင်းတိုင်းဒေသကြီးအတွက်
ကျပ်ဘီလီယံ ၅၀ နှင့် မန္တလေးတိုင်းဒေသကြီးအတွက် ကျပ်ဘီလီယံ ၆၀ ပေးအပ်ခဲ့ပါသည်။
ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်
ပထမဦးစားပေးအနေဖြင့် ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် အပိုင်းအစများအားလုံး
အမြန်ဆုံးရှင်းလင်းဖယ်ရှားရေး၊ ဒုတိယအဆင့် အနေဖြင့် လက်ရှိအခြေအနေတွင် ပျက်စီးလုနီးပါး
ဖြစ်နေသည့်အပြင် အန္တရာယ်ရှိသည့် အဆောက်အအုံများအား ဘေးအန္တရာယ်ကင်းစွာ အပြီးတိုင်စနစ်တကျဖြင့်
ဖြိုခွဲဖျက်ဆီးရေး၊ တတိယအဆင့်အနေဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်
တည်ဆောက်ရေး ကဏ္ဍ၌ ယခုငလျင်ဒဏ်ခံစားရမှုအပေါ် သင်ခန်းစာရယူ၍ လမ်း၊ တံတား၊ ရုံးအဆောက်အအုံများ၊
အထပ်မြင့် အဆောက်အအုံများအား ငလျင်ဒဏ်ခံနိုင်ရေးအတွက် မြေအနေအထား စစ်ဆေးခြင်း ပြုလုပ်ပြီးမှသာ
ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အအုံများ တည်ဆောက်ရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ရေးဟူသည့်
အပိုင်းသုံးပိုင်းဖြင့် ဆောင်ရွက်ရန် နိုင်ငံတော်အကြီးအကဲက လမ်းညွှန် ချမှတ်ထားသည်။
စီချွမ်းပြည်နယ် ဝမ်ချွမ်းမြေငလျင်လှုပ်ခတ်မှု
ဖြစ်စဉ်တွင် တရုတ်နိုင်ငံ နိုင်ငံတော်အစိုးရသည် တစ်ပြည်လုံးရှိ ပြည်နယ်များကို မိမိတို့ပြည်နယ်အလိုက်
ဘဏ္ဍာရေးဝင်ငွေများမှ တစ်ရာခိုင်နှုန်းကို ငလျင်ကပ်ဘေးသင့်ဒေသအား သုံးနှစ်ဆက်တိုက်
ကူညီသွားရေး၊ ဗဟိုအစိုးရ၏ နိုင်ငံတော်ရုံးဌာနများ အနေဖြင့် အသုံးစရိတ်ကို ငါးရာခိုင်နှုန်းလျှော့ချပြီး
ငလျင်ကပ်ဘေးသင့် ဒေသကူညီရေးနှင့် ပြန်လည် တည်ဆောက်ရေးကို နှစ်နှစ်အတွင်း အောင်မြင်
ပြီးမြောက်အောင် ဆောင်ရွက်ရေးတို့ကို ဆုံးဖြတ် ချက် ချမှတ်ဆောင်ရွက်ခဲ့သည်။ ထို့အတူ
ပြည်နယ် ၁၈ ပြည်နယ်က ငလျင်ကပ်ဘေးသင့်ဒေသကို အကွက်စေ့စေ့ တွဲဖက်အထောက်အကူပြုသွားရေး
စီမံကိန်းကို ရေးဆွဲချမှတ်ဆောင်ရွက်ခဲ့ရာ အချိန် အတိုင်းအတာ နှစ်နှစ်ကျော်အတွင်း ချန်တူးမြို့
အပါအဝင် ငလျင်ဘေးဒဏ်သင့်ဒေသအတွင်းရှိ မြို့များကို တစ်မြို့ပြီးတစ်မြို့ သစ်လွင်စွာ
ပြန်လည် ထူထောင်နိုင်ခဲ့ကြသည်။
မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်နေ့က
လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ၂၀၂၅ ခုနှစ် မေ ၁၁ ရက်အထိ သေဆုံးသူ ၃၇၂၁ ဦး၊
ထိခိုက်ဒဏ်ရရှိ သူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၈၆ ဦးရှိခဲ့သည်။ ထိခိုက်ပျက်စီးမှုများအနေဖြင့်
နေအိမ်/အဆောက် အအုံ ၆၅၀၉၆ လုံး၊ စာသင်ကျောင်း ၂၅၁၄ ကျောင်း၊ ဘုန်းတော်ကြီးကျောင်းများနှင့်
သီလရှင်ကျောင်း ၄၃၁၇ ကျောင်း၊ ဘုရားစေတီ ၆၀၂၇ ဆူ၊ ဆေးရုံ/ဆေးခန်း ၃၅၀၊ ရထားလမ်း ၃၈
ခု၊ လမ်း၂၆၉ ခု၊ အမြန်(လမ်းပိုင်း) ၂၀၃ ခု၊ ဆည်/တမံ ၅၈၆ ခုနှင့် တံတားအစင်း ၁၇၀ တို့
ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက
သတင်းထုတ်ပြန်ခဲ့သည်။
တရုတ်ပြည်နယ် အနောက်တောင်ပိုင်းဒေသ
စီချွမ်းပြည်နယ် ဝမ်ချွမ်းမြေငလျင်ကြီး လှုပ်ခတ်မှု ဖြစ်စဉ်အရ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုဆောင်ရွက်ရာတွင်
အထိုက်အလျောက် အချိန်ယူ တည်ဆောက်ရသဖြင့် မြန်မာနိုင်ငံ ငလျင်ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ
ဆောင်ရွက်ရာတွင်လည်း မြန်မာနိုင်ငံသားအားလုံး တစ်စိတ်တည်း တစ်ဝမ်းတည်း၊ တက်ညီလက်ညီ၊
အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြရပါမည်။
တကယ်တော့ သဘာဝဘေးအန္တရာယ်အရေးသည် နိုင်ငံရေးအကျိုးအမြတ်အတွက်
မျှော်ကိုး၍ လုပ်ဆောင်ရသည့် နိုင်ငံရေးမဟုတ်၊ တစ်မျိုးသားလုံးနှင့်သက်ဆိုင်သည့် နိုင်ငံ့အရေးကိစ္စသာ
ဖြစ်ပါသည်။ တရုတ် (တိုင်ပေ) တွင် Morakot တိုင်ဖုန်း မုန်တိုင်းကြီးတိုက်ခတ်စဉ်က တရုတ်ပြည်မကြီးရှိ
နယ်ပယ်အသီးသီးမှ ပြည်သူများက တရုတ်ယွမ်ငွေ တစ်ဘီလီယံနီးပါးကို တက်တက်ကြွကြွ လှူဒါန်းကူညီခဲ့ကြသလို
တရုတ်ပြည်အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ဝမ်ချွမ်းမြေငလျင်ကြီး လှုပ်ခတ်မှု ဖြစ်စဉ်တွင်လည်း
ရေလက်ကြားတစ်ဖက်ကမ်းရှိ ဆွေမျိုးပေါက်ဖော်များက အလှူငွေများအပြန်အလှန် ထည့်ဝင်လှူဒါန်းခဲ့ကြသည်
မဟုတ်ပါလား။

No comments