ငလျင်ဘေးသင့်ပြည်သူများအတွက် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ ရောင်းချပေးခြင်းအစီအစဉ် ဖွင့်ပွဲအခမ်းအနားကျင်းပ
နေပြည်တော် မေ ၁၂
၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က မန္တလေးငလျင်ကြီး
လှုပ်ခတ်ခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် လိုအပ်သည့်
သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများကို အများပြည်သူများ
ဈေးနှုန်းမှန်ကန်စွာနှင့် အရည်အသွေးပြည့်မီစွာ ဝယ်ယူနိုင်ရန်ရည်ရွယ်၍ ငလျင်ဘေးသင့်ပြည်သူများအတွက်
သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ရောင်းချပေးခြင်းအစီအစဉ်ကို
မေ ၁၂ ရက်မှ ၁၈ ရက်အထိ နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော် တပေါင်းကွင်း၌ ကျင်းပလျက်ရှိရာ
ယနေ့တွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန်
ဦးသန်းထွန်းဦးတို့ လှည့်လည်ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊
ဒုတိယဝန်ကြီးဦးမင်းမင်းနှင့် ဦးကျော်ရွှေထွန်းနှင့် တာဝန်ရှိသူများသည် “FROM
REPAIR TO PREPARE- ပျက်၍ ပြင်ဆင်ခြင်းမှသည် ကြိုတင် ပြင်ဆင်ခြင်းဆီသို့” ခေါင်းစဉ်ဖြင့် ဆွေးနွေးသည့် ဟောပြောပွဲသို့
တက်ရောက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်
အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ မြန်မာနိုင်ငံ သံနှင့် သံမဏိအသင်း ဥက္ကဋ္ဌ၊
ဒေါက်တာကေသီလွင်၊ Alpha Power Engineering Co., Ltd. ၏ Founder and Managing
Director ဦးသက်စံ၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဌာနမှူး (ငြိမ်း) ဒေါ်ခင်မေဌေးတို့၏
ဆွေးနွေးမှုများအပေါ် လိုအပ်သည်များ ထပ်မံဖြည့်စွက် အကြံပြုဆွေးနွေးကြသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်
ကျင်းပရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း၊
စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ
တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌနှင့်
မြန်မာနိုင်ငံသံနှင့်သံမဏိအသင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ သံ၊ သံမဏိ လုပ်ငန်းရှင်များအသင်း
ဥက္ကဋ္ဌတို့ တက်ရောက်ခဲ့ပြီး အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ငလျင်ဘေးသင့်ပြည်သူများအတွက် သံ၊ သံမဏိ၊
ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ ရောင်းချပေးပွဲတွင် ကုမ္ပဏီ ၆၁
ခုမှ ပြခန်း ပေါင်း ၇၄ ခု ဖြင့် ပြသ ရောင်းချပေးသွားမည်ဖြစ်ရာ သက်သာသောဈေးနှုန်းဖြင့်
လွတ်လပ်စွာ ဝယ်ယူနိုင်ကြောင်း သိရသည်။
သတင်းစဉ်

No comments