၁၃၈၇ ခုနှစ် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ဓမ္မသဘင်မင်္ဂလာအခမ်းအနား ဆင်ယင်ကျင်းပ



နေပြည်တော် မေ ၁၁

 

၁၃၈၇ခုနှစ် ကဆုန်လပြည့်(ဗုဒ္ဓနေ့) ဓမ္မသဘင်မင်္ဂလာ အခမ်းအနားကို ယနေ့ညပိုင်းတွင် ပြည်ထောင်စု နယ်မြေ နေပြည်တော် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်၌ ဆင်ယင်ကျင်းပသည်။

 

အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယဥက္ကဋ္ဌ သောဠသမ ရွှေကျင်သာသနာပိုင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂ မဟာသဒ္ဓမ္မ ဇောတိက မဟာဓမ္မကထိက ဗဟုဇနဟိတဓရ သီတဂူဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ ကြွရောက်ချီးမြှင့်တော်မူပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်နှင့်အတူ ကောင်စီ အတွင်းရေးမှူးနှင့် ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော် အရာကြီးများနှင့်ဇနီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနများမှ ဝတ်အသင်းအဖွဲ့များနှင့် တရားနာဧည့်ပရိသတ်များ နာယူကြည်ညိုကြသည်။

 

ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်ဇနီး အမှူးပြုသော ဧည့်ပရိသတ်များက သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး သီတဂူ ဆရာတော်ကြီး ဟောကြားတော်မူသည့် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ဆိုင်ရာ ဓမ္မကထာ ဒေသနာတော်ကို ရိုသေလေးမြတ်စွာ နာယူကြသည်။

 

ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ဓမ္မပူဇာ အလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ကပ္ပိယကာရကအဖြစ် လက်ခံရယူပြီး သီတဂူဆရာတော်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။


 

ယင်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က သီတဂူ ဆရာတော်ကြီးအား မော်ကွန်းတင် ဂုဏ်ပြုပူဇော်လွှာ ဆက်ကပ်လှူဒါန်းသည်။

 

ထို့နောက် သီတဂူဆရာတော်ကြီးထံမှ အနုမောဒနာ တရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြပြီး “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်း အနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်

No comments

Powered by Blogger.